Top News

၂၀၂၁ ခုနှစ် စာပေနိုဘယ်ဆုကို တန်ဇန်းနီးယား နိုင်ငံသားရရှိ
24htopnews | December 19, 2024 6:12 AM CST

အောက်တိုဘာလ ၇ ရက်က ပေးအပ်ခဲ့သည့် စာပေနိုဘယ်ဆုကို တန်ဇန်နီးယား စာရေးဆရာ အဗ္ဗဒူရာဇက် ဂါနာကရရှိခဲ့ပြီး အောက်တိုဘာလ ၈ ရက်က ပေးအပ်ခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာနှင့် ရုရှားဂျာနယ်လစ်  ဒီမီထရီမူရာတော့ဗ်ကတို့က ပူးတွဲရရှိခဲ့သည်။

အသက် ၇၂ နှစ်အရွယ် ဂါနာသည် ကိုလိုနီစနစ်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများနှင့် ဒုက္ခသည်တစ်ဦး တွေ့ကြုံခံစားရသည့် စိတ်ဒဏ်ရာများကို မတွန့်မဆုတ် ဖော်ပြခဲ့မှုအတွက် စာပေနိုဘယ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဂါနာသည် တန်ဇန်းနီးယားနိုင်ငံ ဇန်ဇီဘာကျွန်းပေါ်တွင် ကြီးပြင်းခဲ့သူဖြစ်သော်လည်း ၁၉၆၀ ပြည့်နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးကြောင့် အင်္ဂလန်ကို ဒုက္ခသည်အဖြစ် ဝင်ရောက်လာခဲ့သူဖြစ်ကာ စာပေနိုဗယ်ဆုကို ရရှိသည့် ပဥ္စမမြောက် အာဖရိကန်လူမျိုး ဖြစ်သည်။

ဂါနာသည် ကိုလိုနီစနစ်၏ အကျိုးသက်ရောက်မှုများ၊ ယဉ်ကျေးမှုများနှင့် ကမ္ဘာ့တိုက်ကြီးများအကြား ပင်လယ်ကွေ့ဒေသမှ ဒုက္ခသည်တစ်ဦး၏ ကံကြမ္မာကိုခိုင်မာပြီး စာနာရိုင်းပင်းသည့် ထိုးထွင်းသိမြင်မှုများကြောင့် စာပေနိုဗယ်ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ဆုရွေးချယ်သည့် ဆွီဒင်အကယ်ဒမီက ပြောကြားခဲ့သည်။

ဂါနာကမူ စာပေနိုဘယ်ဆုရရှိခြင်းသည် တန်ဇန်နီးယားနိုင်ငံနှင့် အာဖရိကတိုက်အတွက် အောင်ပွဲတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်ဂျာနယ်လစ်ရက်ဆာနှင့် ရုရှားဂျာနယ်လစ် မူရာတော့ဗ်တို့သည် ၎င်းတို့၏ နိုင်ငံများတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့မှုကြောင့် နိုဝင်ဘာ ၈ ရက်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။

၎င်းတို့နှစ်ဦးသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်တံ့ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ပေးရန် ကြိုးပမ်းအားထုတ်မှုများကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု နော်ဝေးနိုဘယ်ဆုရွေးချယ်ရေး ကော်မတီမှ ဥက္ကဌ ဘာရစ်ရိုက်စ် အန်ဒါဆင်က ပြောကြားခဲ့သည်။

“သူတို့နှစ်ဦးဟာ မြင့်တက်နေတဲ့ ဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်နေရတဲ့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်အတွက် ရပ်တည်နေတဲ့ ကမ္ဘာတစ်ဝန်းက သတင်းထောက်တွေအားလုံးကို ကိုယ်စားပြုသူတွေဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ရက်ဆာ (၅၈ နှစ်) သည် ၂၀၂၁ ခုနှစ်တွင် စုံစမ်းထောက်လှမ်းရေး သတင်းပညာအတွက် ဒစ်ဂျစ်တယ် မီဒီယာကုမ္ပဏီဖြစ်သည့် Rappler ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ အကြီးအကဲအဖြစ် တာဝန်ယူလုပ်ဆောင်နေဆဲ ဖြစ်သည်။

Rappler သည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးအစိုးရအဖွဲ့၏ အငြင်းပွားဖွယ် လုပ်ဆောင်မှုဖြစ်သည့် သွေးစွန်းသည့် မူးယစ်စစ်ပွဲကို အဓိကဝေဖန်ရေးသားခဲ့သည်။

မူရာတော့ဗ် (၅၉ နှစ်) သည် ရုရှားတွင် စိန်ခေါ်မှုများ မြင့်တက်နေသည့် အခြေအနေအောက်တွင် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဆယ်စုနှစ်နှင့်ချီ ခုခံကာကွယ်ခဲ့သူဖြစ်သည်။

မူရာတော့ဗ်သည် ၁၉၉၃ ခုနှစ်တွင် ရုရှားအာဏာပိုင်များကို အဓိကဝေဖန်သည့် လွတ်လပ်သည့် သတင်းစာ Novaya Gazeta ကို တည်ထောင်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၎င်းသည် ၁၉၉၃ ခုနှစ်ကတည်းက သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။                     


READ NEXT
Cancel OK