Top News

မူးယစ်ဒုစရိုက်လောကကို နှိမ်နင်းရန် ခြေဦးလှည့်လာသည့် တာလီဘန်
24htopnews | December 19, 2024 6:12 AM CST

အာဖဂန်နစ္စတန်နိုင်ငံတွင် လက်ရှိအချိန်၌ ပြိုင်ဘက်မရှိ အုပ်ချုပ်သူဖြစ်သည့် တာလီဘန်တို့က  မူးယစ်ဆေးစွဲမှုအန္တရာယ်ကို ချေမှုန်းသုတ်သင်ရန် (လိုအပ်လျင် အင်အားသုံး လုပ်ဆောင်ရန်) ကြိုးပမ်းဆောင်ရွက်နေသည်။

ညအချိန်တွင် ရဲတပ်ဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်နေသည့် စစ်မြေပြင်အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားများက ကဘူးလ်မြို့တော်၏ မူးယစ်ဆေးဒုစရိုက်လောကကို ပိုက်စိပ်တိုက်ရှာဖွေမှု ပြုလုပ်နေသည်။

ကဘူးလ်မြို့တော်၏ တံတားများအောက်ခြေတွင် အမှိုက်ပုံများနှင့် ရေဆိုးရေညစ်များကြားမှ ဘိန်းဖြူနှင့် မက်သာဖက်တမင်း စွဲနေသောရာနှင့်ချီသည့်အိမ်ယာမဲ့များကို လိုက်လံစုဆောင်း၍ ရိုက်နှက်ပြီး ကုသရေးစင်တာများသို့ အင်အားသုံးခေါ်ဆောင်ခဲ့ကြသည်။

စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေသူ အများစုပါဝင်သော မူးယစ်ဆေးစွဲနေသည့် အမျိုးသားများကို ၎င်းတို့၏လက်များအား တုတ်နှောင်၍ ထိုင်စေခဲ့ပြီး အမူးပြေစေရန်မျက်နှာများကို ရိုက်နှက်ခဲ့ကြသည်။

တင်းတင်းကျပ်ကျပ် ကိုင်တွယ်လုပ်ဆောင်သည့် နည်းလမ်းများကို  တာလီဘန်တို့၏ စည်းမျဉ်းများအား လိုက်နာရန်မှအပ ရွေးချယ်စရာမရှိသည့် အချို့ကျန်းမာရေးဝန်ထမ်းများက လက်ခံကြိုဆိုခဲ့ကြသည်။

“ကျွန်တော်တို့တွေ ဒီမိုကရေစီကို ရရှိနိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။ ဒါဟာအာဏာရှင်စနစ်ပါ။ အင်အားသုံးလုပ်ဆောင်ဖို့က ဒီလူတွေကို ကုသနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်” ဟု ကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာဖာဇယ်ရာဘီမာရာက ဘိန်းဖြူနှင့် မက်သာဖက်တမင်းတို့ကို စွဲလမ်းနေသော အာဖဂန်နိုင်ငံသားများကို အထူးရည်ညွှန်း၍ ပြောကြားခဲ့သည်။

သြဂုတ် ၁၅ ရက်က တာလီဘန်တို့ အာဏာထိန်းချုပ်ခဲ့ပြီးနောက် မကြာမီတာလီဘန် ကျန်းမာရေးဝန်ကြီးဌာနက မူးယစ်ဆေးစွဲနေသည့် ပြဿနာရပ်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်နိုင်ရန် ၎င်းတို့၏ရည်ရွယ်ချက်ကို အလေးပေးပြောကြားခဲ့ပြီး ထိုကုသရေးစင်တာများသို့ အမိန့်ထုတ်ပြန်ခဲ့သည်။

ရီဝေသောမျက်လုံးများနှင့် အရိုးပြိုင်းပြိုင်းဖြစ်နေသော ထိန်းသိမ်းခံထားရသည့် မူးယစ်ဆေးစွဲနေသူများသည် အာဖဂန်၏ ဝရုန်းသုန်းကား ဖြစ်ခဲ့သောယခင်စစ်ပွဲများ၊ ကျူးကျော်မှုများနှင့်ဆာလောင်မှုများကြောင့် ဟောင်းလောင်း ဖြစ်နေသော အာဖဂန်လူနေမှုဘဝများကို ထင်ဟပ်နေစေသည်။

အာဖဂန်၏ ကြီးမားသော ဘိန်းစိုက်ခင်းများသည် ကမ္ဘာ့ဘိန်းဖြူလောက၏ အဓိကအရင်းအမြစ်ဖြစ်ပြီး မက်သာဖက်တမင်းကို အဓိကထုတ်လုပ်သည့်နိုင်ငံအဖြစ်လည်း ထင်ရှားသည်။ယင်းမူးယစ်ဆေး နှစ်မျိုးလုံးသည် နိုင်ငံတစ်ဝန်း ကြီးမားသည့် ဆေးစွဲမှုများကို ဖြစ်ပေါ်စေသည်။

အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ တာလီဘန်တို့အနေဖြင့် မူးယစ်ဆေးစွဲသူများကို သာတူညီမျှရှုမြင်ကြပြီး မူးယစ်ဆေးအသုံးပြုမှုသည် အစ္စလာမ်မစ်အယူဝါဒနှင့် ဆန့်ကျင်နေသည်ဟု မှတ်ယူကြသည်။မူးယစ်ဆေးစွဲနေသူများကို ပိုမိုကျယ်ပြန့်ပြီး ကြီးမားသည့် ရှေးရိုးစွဲအယူရှိသော အာဖဂန်အသိုင်းအဝိုင်းက ကဲ့ရဲ့ပြစ်တင်ကြသည်။

သို့သော် အာဖဂန်တွင် စီးပွားရေးကျဆင်းမှုနှင့် ဖြစ်အံ့ဆဲဆဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးနှင့် ရင်ဆိုင်နေရသောကြောင့် တာလီဘန်တို့၏ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲကို ပိုမိုခက်ခဲရှုပ်ထွေးစေခဲ့သည်။

ယခင်အစိုးရအုပ်ချုပ်မှု ကာလအတွင်း မူးယစ်ဆေးစွဲနေသူများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေစီးနင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း တာလီဘန်တို့က ပိုမိုအင်အားသုံးသည့်အပြင် ပိုမိုထိတ်လန့်ဖွယ်ကောင်းနေသည်။

“တာလီဘန်တွေမှာ ကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ဒါဟာ အခုမှအစပျိုးနေတဲ့အဆင့်ပါ။ နောက်ပိုင်း ဘိန်းစိုက်တဲ့လူတွေကိုပါ ဆက်လက်ဖမ်းဆီးသွားမှာဖြစ်ပြီး အစ္စလာမ်မစ် ရှရီးယားဥပဒေနဲ့အပြစ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကင်းလှည့်အရာရှိ ကာရီဂါဖောက ပြောကြားခဲ့သည်။

နောက်ဆုံးအကြိမ် ပြုလုပ်သည့် မူးယစ်စီးနင်းမှုများသည် ယခင်တာလီဘန်တို့ အာဏာထိန်းချုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ် အချိန်များနှင့် တူညီနေသည့်အတွက် သမိုင်းတစ်ပတ် ပြန်လည်နေသကဲ့သို့ ဖြစ်နေပြီး တစ်ခုတည်းသောကွာခြားချက်မှာ ယခုအချိန်တွင် ဆေးစွဲသူများကိုကုသပေးနေသည့် စင်တာများရှိနေခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။      


READ NEXT
Cancel OK