
အောက်တိုဘာ ၈ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကွန်ဒုဇ်မြို့ရှိ ရှီးအိုက်ဗလီတစ်ခု၌ ဝတ်ပြုဆုတောင်းသူများကို အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ၅၅ ဦးထက်မနည်း သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်သည် သြဂုတ်လ၌ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်းတွင် သွေးမြေအကျဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် လူနည်းစု ရှီးအိုက်အသိုင်းအဝိုင်းမှ နောက်ထပ်လူအများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အုပ်စုက ထုတ်ဖော်ဝန်ခံထားသည့် ယင်းတိုက်ခိုက်မှုသည် တာလီဘန်တို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့သည့် အာဖဂန်နစ္စတန်၏ တည်ငြိမ်မှု ပျက်ပြားနေသော အခြေအနေကို ပိုမိုဆိုးရွားလာစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပုံရသည်ဟု သိရသည်။
အိုင်အက်စ် အစွန်းရောက်အုပ်စု၏ ဒေသတွင်းအဖွဲ့ခွဲသည် အာဖဂန်နစ္စတန်တွင် ရှီးအိုက်ဘာသာဝင်များကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။ အိုင်အက်စ်အုပ်စုသည် တာလီဘန်ကဲ့သို့ ဆွန်နီအစ္စလာမ္မာစ်အုပ်စု ဖြစ်သော်လည်း ခါးသီးသော ပြိုင်ဖက်များဖြစ်ကြသည်။
“အလွန်ကြောက်မက်ဖွယ် ဖြစ်ရပ်တစ်ခုပါပဲ။ ဗုံးပေါက်ကွဲမှုမှာ အိမ်နီးချင်း တော်တော်များများ သေဆုံးဒဏ်ရာရခဲ့တယ်” ဟု အဆိုပါ ဗလီအနီးတွင် နေထိုင်သည့် ဒေသခံကျောင်းဆရာတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် ဗလီအတွင်းပိုင်တွင် အပျက်အစီးနှင့် မှန်ကွဲစများ ပြန့်ကျဲနေကာ လူအချို့က သွေးပေနေသော အခင်းများဖြင့်ပတ်ကာ ရုပ်အလောင်းများကို လူနာတင်ယာဉ်ပေါ်သို့ သယ်ဆောင်နေပုံကို အခင်းဖြစ်ပွားရာ နေရာအား ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် မြင်တွေ့ရသည်။
ကွန်ဒုဇ် ပြည်နယ်ဆေးရုံမှ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ သေဆုံးသူ ၃၅ ဦးနှင့် ဒဏ်ရာရသူ ၅၅ ဦးထက် မနည်းကို ဆေးရုံသို့ လာရောက်ပို့ဆောင်ထားသည်ဟု သိရသည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကမူ ၎င်းဆေးရုံသို့ ရုပ်အလောင်း ၂၀ ခုနှင့် ဒါဇင်နှင့်ချီသည့် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
တာလီဘန်အစိုးရ၏ ကွန်ဒုဇ်ပြည်နယ် ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး မာတူလာရိုဟာနီက ယင်းဖြစ်စဉ်ကို အသေခံတိုက်ခိုက်မှုအဖြစ် အတည်ပြုခဲ့ပြီး သေဆုံးသူ ၄၆ ဦးရှိကြောင်း အတည်ပြုခဲ့သည်။
တာလီဘန်တို့သည် အာဏာကို အခိုင်အမာ ဆုပ်ကိုင်ထားနိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ဒေသတွင်း အိုင်အက်စ်အဖွဲ့ခွဲဖြစ်သည့် အစ္စလာမ္မစ်စတိတ် ခိုရာဆန် (IS-K) ၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ယင်းတိုက်ခိုက်မှုသည် ရှီးယိုက်နှင့်ဆွန်နီ ဘာသာဝင်များအကြား ပြဿနာဖြစ်လာစေရန် လှု့ံဆော်သည့် ကြိုးပမ်းမှုဖြစ်သည်ဟု ကွန်ဒုဇ်မြို့လုံခြုံရေးအကြီးအကဲ မူလာဝီဒို့စ်မိုဟာမက်က စွပ်စွဲခဲ့သည်။
နောင်တွင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် ရှီးအိုက်ညီနောင်များ၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ယခု ဗုံးပေါက်ကွဲမှုသည် အစ္စလာမ်ဘာသာဝင်များအတွက် သီတင်းပတ်တစ်ပတ်တွင် အရေးအကြီးဆုံးဖြစ်သော သောကြာနေ့ ဝတ်ပြုဆုတောင်းမှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက AFP သတင်းဌာနသို့ ပြောကြားသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ယင်းဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်