
ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါကင်းစင်သွားပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ငါးလအကြာတွင် အီဘိုလာရောဂါ ကူးစက်ခံရသူတစ်ဦးကို ထပ်မံတွေ့ရှိခဲ့သည်ဟု အစိုးရက အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်သည် အောက်တိုဘာ ၆ ရက်က ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပြီး သေဆုံးခဲ့သည့်အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဆက်နွှယ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းဖြစ်စဉ်သည် မြောက်ပိုင်းကီဗူးပြည်နယ် ဘီနီမြို့တွင် ဖြစ်ပွားခဲ့သည်ဟု ထပ်မံပြောကြားခဲ့သည်။
ထိုကလေးထံမှ ရယူထားသော နမူနာတစ်ခုကို ပြည်နယ်မြို့တော်ဖြစ်သည့် ဂိုမာသို့ ပို့ဆောင်စစ်ဆေးခဲ့ရာမှ ထိုကလေးသည် အီဘိုလာ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြေပြင်အဖွဲ့များက ထိုကလေးနှင့်ထိတွေ့မိသူ ၁၀၀ နီးပါးကို ခြေရာခံစောင့်ကြည့်မှုများ လုပ်ဆောင်နေပြီး ရောဂါကူးစက်ခံရသူနှင့် ဆက်နွှယ်နေသည့် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို ဖယ်ရှားခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“အရင်ကူးစက်ရောဂါ ကာလအတွင်း အီဘိုလာဗိုင်းရပ်စ်ရောဂါ စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကြောင့် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့အနေနဲ့ ဒီကူးစက်ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ စီမံခန့်ခွဲနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။
မေလအစောပိုင်းက ကွန်ဂိုသည် ၎င်း၏ ၁၂ ကြိမ်မြောက် အီဘိုလာရောဂါကူးစက်မှုကို အဆုံးသတ်သွားနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကဲ့သို့ မကြေညာမီအချိန်က အီဘိုလာရောဂါ ကူးစက်ခံရသူ ၁၂ ဦးရှိပြီးခြောက်ဦး သေဆုံးခဲ့ကာ ရာနှင့်ချီသည့်လူများကို အီဘိုလာကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ကွန်ဂိုသမိုင်းတွင် အီဘိုလာကူးစက်မှုနှုန်း အဆိုးဆုံးဖြစ်သည့်၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းမှ ၂၀၂၀ ခုနှစ် ဇွန်လအတွင်း နိုင်ငံမြောက်ပိုင်း ကီဗူးပြည်နယ်တွင် ရောဂါဗဟိုချက်ဖြစ်ခဲ့ပြီး ယင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ရောဂါကူးစက်မှု ပြန်လည်ပေါ်ပေါက်ခဲ့သည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်ခံရသူပေါင်း ၃,၄၇၀ ဦးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၂,၂၈၇ ဦးရှိခဲ့သည်။
၁၉၇၆ ခုနှစ်က ကွန်ဂိုနိုင်ငံရှိ အီဘိုလာမြစ်အနီးရှိ အပူပိုင်းသစ်တောတွင် ယင်းရောဂါကို စတင်တွေ့ရှိခဲ့သောကြောင့် ရောဂါအမည်ကို အီဘိုလာဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။
အီဘိုလာရောဂါသည် သွေး သို့မဟုတ် ခန္ဓာကိုယ်တွင်းမှ ထွက်လာသော အရည်မှတစ်ဆင့် ကူးစက်နိုင်ပြီး ကူးစက်ခံရသူ၏ ပါးစပ်၊နှာခေါင်း၊မျက်လုံးနှင့် ထိခိုက်ရှနာဒဏ်ရာများမှ တစ်ဆင့် ရောဂါပိုးဝင်ရောက်နိုင်သည်။
အီဘိုလာရောဂါ၏ အဓိကရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ အော့အန်ခြင်း၊သွေးထွက်ခြင်းနှင့် ဝမ်းပျက်ခြင်းများဖြစ်သည်။
အနောက်အာဖရိကတွင် အီဘိုလာရောဂါအတွက် ကုထုံးများ တီထွင်ခဲ့သော်လည်း ယင်းရောဂါသည် ကူးစက်ခံရသူများ၏ ထက်ဝက်ခန့်ကို သေဆုံးစေခဲ့ပြီး ကူးစက်မှုအစောပိုင်းအဆင့်ကို ကြိုတင်သိရှိလျှင် သေဆုံးမှုနှုန်းကို သိသိသာသာ လျှော့ချနိုင်သည်။
ထိုအချိန်ကတည်းက အီဘိုလာရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် အလွန်ထိရောက်မှု မြင့်မားသည့် ကာကွယ်ဆေးနှစ်မျိုးကို အသုံးပြုနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်