Top News

တရုတ်သမ္မတရှီနှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့၏ ပထမဆုံးအကြိမ် ဆွေးနွေးမှုတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိ
24htopnews | December 19, 2024 6:12 AM CST

ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီအိုကီရှီဒါက ဝန်ကြီးချုပ်အဖြစ် စတင်ရုံးထိုင်ခဲ့ပြီးနောက် တရုတ်သမ္မတရှီကျင်းပင်နှင့် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဆွေးနွေးမှုတွင် နှစ်နိုင်ငံအကြား စိုးရိမ်ဖွယ်ကိစ္စရပ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်ဟု အောက်တိုဘာလ ၈ ရက်တွင် ပြောကြားခဲ့သည်။

“နှစ်နိုင်ငံကြားက စိုးရိမ်ဖွယ်ကိစ္စတွေကို ကျွန်တော့်ဘက်က ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး အနာဂတ်မှာ ဆွေးနွေးမှုတွေ ဆက်လုပ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်” ဟု ကီရှီဒါက ရှီနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီးနောက် ပြောကြားခဲ့သည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။

ကီရှီဒါက ၎င်းပြောကြားခဲ့သည့် စိုးရိမ်ဖွယ်ကိစ္စရပ်များထဲတွင် ဂျပန်တွင် ဆန်ကာကူဟု လူသိများပြီး တရုတ်တွင် လျောင်ယွီဟုလူ သိများသည့် အငြင်းပွားဖွယ်ကျွန်းစု ပြဿနာ၊ ဟောင်ကောင်အရေးနှင့် ရှင်ကျန်းဒေသတွင် ဝီဂါမျိုးနွယ်စုအပေါ် တရုတ်အစိုးရ၏ဆက်ဆံပုံ အစရှိသည့် ပြဿနာများပါဝင်ခဲ့သည်ဟု ဆိုသည်။

“မြောက်ကိုရီးယားအရေး အပါအဝင် နှစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အကြောင်းကိစ္စတွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ရှီနဲ့ကျွန်တော် သဘောတူညီခဲ့ပါတယ်” ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကီရှီဒါက ရှီနှင့် မိနစ် ၃၀ ကြာ ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ တရားဝင်သတင်းစာဖြစ်သည့် People’s Daily သတင်းစာတွင် ရှီသည် ထိုင်ဝမ်အရေးကဲ့သို့ ထိလွယ်ရှလွယ်သည့် အကြောင်းအရာများကို သင့်တင့်မျှတစွာ ကိုင်တွယ်ထိန်းသိမ်းသင့်ကြောင်း ကီရှီဒါအား ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။

အောက်တိုဘာလ ၅ ရက်က ကီရှီဒါ၏ အစိုးရအဖွဲ့သစ်သည့် ဟောင်ကောင်အပေါ် ထားရှိသည့် တရုတ်၏ သဘောထားအပေါ် ပြတ်သားသည့်ရပ်တည်ချက်ကို ပြသခဲ့ပြီး ဂျပန်သည် ဖြစ်နိုင်ခြေအမျိုးမျိုးအတွက် ပြင်ဆင်သွားမည်ဖြစ်ပြီး အမေရိကန်နှင့် နီးစပ်သည့် လုံခြုံရေးဆက်ဆံရေးကို ထပ်မံထိန်းသိမ်းသွားမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

တရုတ်က ၎င်း၏ကိုယ်ပိုင်နယ်နိမိတ်ဟု ကြေညာထားပြီး တစ်ချိန်ချိန်တွင် သိမ်းယူမည်ဟု ပြောကြားခဲ့သည့် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်နေသည်။ထိုင်ဝမ်ကမူ ၎င်းသည်လွတ်လပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး ၎င်း၏လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။အောက်တိုဘာ ၁ ရက်မှစ၍ လေးရက်တာ ကာလအတွင်း တရုတ်လေတပ်မှ လေယာဉ်အစီး ၁၅၀ နီးပါး ၎င်းတို့လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ ဝင်ရောက်လာခဲ့သည်ဟု ထိုင်ဝမ်အစိုးရက ဆိုသည်။

“လက်ရှိအချိန်မှာတော့ တရုတ်နဲ့ ဂျပန်ဆက်ဆံရေးဟာ အခွင့်အလမ်းတွေရော စိန်ခေါ်မှုတွေ ပါရှိနေပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နှင့် ဂျပန်သည် နှစ်နိုင်ငံ ဆွေးနွေးမှုတွေနဲ့ စီးပွားရေးမူဝါဒ ညှိနှိုင်းဆောင်ရွက်မှုများကို အင်တိုက်အားတိုက် မြှင့်တင်ရန်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရှီကကီရှီဒါအား ပြောကြားခဲ့သည်ဟု People’s Daily သတင်းစာတွင် ဖော်ပြခဲ့သည်။               


READ NEXT
Cancel OK