Top News

၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို WAN-IFRA ရွှေကလောင်ဆုရှင်များဖြစ်သည့် ဖိလစ်ပိုင်နှင့်ရုရှားမှ သတင်းသမားနှစ်ဦး ပူးတွဲရရှိ
24htopnews | December 19, 2024 6:12 AM CST

အောက်တိုဘာလ ၈ ရက်တွင်ပေးအပ်လိုက်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို  လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်ခဲ့သည့် ဖိလစ်ပိုင်သတင်းသမား မာရီယာ ရက်ဆာ နှင့် ရုရှားသတင်းသမား ဒီမစ်ထရီ မူရာတော့ပ် တို့ကိုပူးတွဲချီးမြှင့်လိုက်သည်။

ဒီမိုကရေစီနှင့်ရေရှည်ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်အရာဖြစ်သည့် လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကို ခုခံကာကွယ်ခဲ့သည့်စွမ်းဆောင်ချက်များကြောင့် ၎င်းတို့နှစ်ဦးကိုချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ၊ ဒီမိုကရေစီနှင့်စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ရပ်တည်သည့် သတင်းသမားအားလုံးကို ၎င်းတို့နှစ်ဦးကကိုယ်စားပြုကြောင်း နော်ဝေနိုဘယ်ကော်မတီကကြေညာခဲ့သည်။

အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် မာရီယာ ရက်ဆာ သည် ဖိလစ်ပိုင်ဒီဂျစ်တယ်မီဒီယာ Rappler ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ကာ ယခုထိလည်းဦးဆောင်နေသူဖြစ်ပြီး ဒီမစ်ထရီ မူရာတော့ပ် က ရုရှားသတင်းစာတိုက် Novaya Gazeta ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်သည်။ 

Rappler မီဒီယာသည် ဖိလစ်ပိုင်သမ္မတဒူတာတေး၏ အငြင်းပွားဖွယ်မူးယစ်နှိမ်နင်းရေးစီမံချက်အပေါ် အာရုံစိုက်ခဲ့သည့်မီဒီယာဖြစ်ပြီး CNN သတင်းထောက်ဟောင်းဖြစ်သလို အမေရိကန်နိုင်ငံသားလည်းခံယူထားသော မစ္စစ်ရက်ဆာသည်  ယမန်နှစ်က စွဲဆိုခံထားရသည့် ဆိုက်ဘာအသရေဖျက်မှုအတွက် လက်ရှိတွင်အာမခံဖြင့်လွတ်နေခြင်းဖြစ်သည်။

Novaya Gazeta  သတင်းတိုက်၏အယ်ဒီတာချုပ်ဖြစ်သူ အသက် ၅၉ နှစ်အရွယ် မူရာတော့ပ်က ရုရှားတွင်လွတ်လပ်စွာပြောဆိုခွင့်ရရေးကို ဆယ်စုနှစ်ချီကာကွယ်လာသူဖြစ်သည်။

ထို့ပြင် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ရွှေကလောင်ဆုအား မူရာတော့ပ်သည် ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊  ရက်ဆာသည် ၂၀၁၈ ခုနှစ်တွင်လည်းကောင်း ချီးမြှင့်ခံထားရသည်။

ယခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကိုမကြေညာမီကတည်းက တစ်ပြေးခဲ့သူများထဲတွင် မီဒီယာဆိုင်ရာပုဂ္ဂိုလ်၊ အဖွဲ့အစည်းများပါဝင်နေခဲ့သည်။

ယမန်နှစ်ကငြိမ်းချမ်းရေးနိုဘယ်ဆုကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ရခဲ့သည်။

ထုံးစံအားဖြင့်ငြိမ်းချမ်းရေးနိုဘယ်ဆုကို  ဆုတီထွင်ခဲ့သူ Alfred Nobel ကွယ်လွန်မှုနှစ်ပတ်လည်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင်ချီးမြှင့်လေ့ရှိပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းနှင့်ညီသည့် ဆုငွေကို ရရှိမည်ဖြစ်သည်။

အောက်တိုဘာ ၄ ရက်တွင် ဆေးပညာဆိုင်ရာနိုဘယ်ဆု ၊ အောက်တိုဘာ ၅ ရက်တွင် ရူပဗေဒေ  ၊ အောက်တိုဘာ ၆ ရက်တွင် ဓာတုဗေဒ ၊ အောက်တိုဘာလ ၇ ရက်တွင် စာပေဆုများအတွက် ပေးအပ်ခဲ့ပြီးဖြစ်ကာ နိုဘယ်ဆုရာသီ၏ နောက်ဆုံးဆုဖြစ်သည့် စီးပွားရေးဆိုင်ရာနိုဘယ်ဆုကို အောက်တိုဘာ ၁၁ ရက်တွင်ကြေညာမည်ဖြစ်သည်။


READ NEXT
Cancel OK