Top News

COVID-19 ကပ်ရောဂါသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူ့သက်တမ်းကို အဆိုးဆုံးကျဆင်းစေခဲ့ဟု သုတေသနလေ့လာတွေ့ရှိ
24htopnews | December 20, 2024 4:12 AM CST

­­­COVID-19 ကပ်ရောဂါသည် ၂၀၂၀ ခုနှစ်တွင် လူ့ဘဝသက်တမ်းကိုလျှော့ချခဲ့ပြီး ယင်းသည်ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးကျဆင်းမှုဖြစ်ကြောင်း အောက်စ်ဖိုဒ့်တက္ကသိုလ်မှ သုတေသနလေ့လာ တွေ့ရှိချက်တစ်ရပ်ကို စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းလေ့လာတွေ့ရှိချက်၌ အမေရိကန်နိုင်ငံသား အမျိုးသားများ၏ လူ့ဘဝသက်တမ်းသည် နှစ်နှစ်ကျော် ကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။

ဥရောပ၊အမေရိကန်နှင့် ချီလီအပါအဝင် သုတေသလေ့လာ စမ်းစစ်မှုပြုလုပ်သည့် နိုင်ငံ ၂၉ နိုင်ငံတွင် ၂၂ နိုင်ငံ၌ ၂၀၁၉ခုနှစ်နှင့် နှိုင်းယှဉ်လျှင် လူ့သက်တမ်းမှာခြောက်လကျော် ကျဆင်းခဲ့သည်ဟု ဆိုသည်။

နိုင်ငံပေါင်း၂၉ နိုင်ငံအနက်၂၇ နိုင်ငံ၌ လူ့ဘဝသက်တမ်း လျော့ကျခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ကွဲပြားခြားနားသည့် နိုင်ငံများတွင်လူ့သက်တမ်း လျော့ကျမှုအများစုသည် တရားဝင်ထုတ်ပြန်ထားသည့် COVID-19 ရောဂါကြောင့် သေဆုံးမှုများနှင့် ဆက်နွှယ်နိုင်သည်ဟု တက္ကသိုလ်က ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးသန်းနီးပါးရှိသည်ဟု ရိုက်တာသတင်းဌာန၏ စစ်တမ်းတွင် ဖော်ပြထားသည်။

“ကျွန်မတို့တွေ့ရှိချက် ရလဒ်တွေအရ COVID-19 ကပ်ရောဂါနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေဟာ နိုင်ငံအများအပြားကို ဘယ်လောက်အထိ အံ့သြတုန်လှုပ်ဖွယ် မွှေနှောက်ဖျက်စီး ပစ်လိုက်သလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်” ဟု ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ နိုင်ငံတကာဂျာနယ်တွင် ဖော်ပြခဲ့သည့် ယင်းသုတေသနတွေ့ရှိချက်စစ်တမ်းကို တွဲဖက်ရေးသားသူ ဒေါက်တာရစ်ဟီကက်ရှ်ရပ်က ပြောကြားခဲ့သည်။

နိုင်ငံအများစုတွင် အမျိုးသားများ၏ သက်တမ်းသည် အမျိုးသမီးများထက် များစွာကျဆင်းခဲ့ပြီး အမေရိကန်တွင် အမျိုးသားများ၏ လူ့သက်တမ်းသည် ၂.၂ နှစ်အထိကျ ဆင်းခဲ့သည်ဟု ဆိုသည်။

ယေဘုယျအားဖြင့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အမျိုးသမီးများနှင့် နှိုင်းယှဉ်ကြည့်လျှင် နိုင်ငံ ၁၅ နိုင်ငံမှ အမျိုးသားများ၏ လူ့သက်တမ်းသည် တစ်နှစ်ကျော်ကျဆင်းခဲ့သည်။

အမေရိကန်နိုင်ငံတွင် သေဆုံးနိုင်ခြေ ပိုမိုမြင့်မားသည့်အုပ်စုတွင် အများအားဖြင့် အလုပ်လုပ်ကိုင်နေကြသည့် အသက်အရွယ်နှင့် အသက် ၆၀ အောက်အရွယ်များဖြစ်ပြီး ဥရောပတွင်မူ အသက် ၆၀ အထက်အရွယ်များအကြား သေဆုံးမှုများသည် ပိုမိုသိသာထင်ရှားပြီး သေဆုံးမှုနှုန်းကို မြင့်တက်စေလိမ့်မည်ဟု ဆိုသည်။

နောက်ထပ်လေ့လာမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဝင်ငွေနိမ့်ကျသည့် နိုင်ငံများနှင့်ဝင်ငွေ အလယ်အလတ်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားထံမှ သေဆုံးမှုနှုန်း အချက်အလက်များကို တောင်းခံထားသည်ဟု ကက်ရှ်ရပ်က ပြောကြားခဲ့သည်။

“ကမ္ဘာတစ်ဝန်းလုံးမှာ ကပ်ရောဂါရဲ့ သက်ရောက်မှု အတိုင်းအတာကို ပိုမိုနားလည်ကောင်းမွန်စွာ သိရှိနိိုင်စေဖို့အတွက် ပိုမိုတိကျတဲ့ အချက်အလက်တွေကို ရရှိနိုင်ဖို့သက်ဆိုင်ရာနိုင်ငံတွေက သေဆုံးမှုနှုန်း အချက်အလက်တွေကို ပေးပို့ပေးဖို့ ကျွန်မတို့တွေ အရေးတကြီး တောင်းဆိုလိုပါတယ်” ဟု ကက်ရှ်ရပ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK