
အခြေအနေအရ ဆွေးနွေးမှုများကို ဖွင့်ထားပေးရန် မြောက်ကိုရီးယားက ကမ်းလှမ်းချက်တစ်ခုကို ထပ်တလဲလဲပြုလုပ်ခဲ့ပြီး နောက်တစ်ရက်အကြာ စက်တင်ဘာ ၂၆ ရက်တွင် ငြိမ်နေသော ဆက်သွယ်ရေးလိုင်းများကို ပြန်ဖွင့်ထားပေးရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တောင်းဆိုခဲ့သည်။
မြောက်ကိုရီးယားသည် ခြောက်လအတွင်း ပထမဆုံးအကြိမ် ဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်ခန့်အကြာတွင် အလျှော့ပေးမှုများရရှိရန် နည်းလမ်းရှာနေဖွယ်ရှိသည်။ အခြေအနေများ ပြည့်မီမည်ဆိုပါက ဆွေးနွေးမှုများပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း မြောက်ကိုရီးယားက တောင်ကိုရီးယားကို နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သည်။
တောင်ကိုရီးယားသည် ရန်လိုသောမူဝါဒများနှင့် လိမ်ညာသောအပြုအမူများကို စွန့်လွှတ်မည်ဆိုပါက ကိုရီးယားနှစ်နိုင်ငံသည် စေ့စပ်ညှိနှိုင်းရေးဆီသို့လှမ်းနိုင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသောညီမ ကင်ယိုဂျုံက စက်တင်ဘာ၂၅ ရက်တွင် ပြောကြားသည်။
တောင်ကိုရီးယားကို ဆောင်ရွက်စေလိုသော အဆင့်များအား ၎င်းကအသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။ သို့ရာတွင် မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ဦးဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှုများ သက်သာရာရစေရန်လည်းကောင်း၊ အကူအညီများရရှိရန် လည်းကောင်း သို့မဟုတ် အဏုမြူလက်နက် ပိုင်ဆိုင်သောနိုင်ငံအဖြစ် နိုင်ငံတကာ၏အသိအမှတ်ပြုမှုကဲ့သို့သော အလျှော့ပေးမှုများရရှိစေရန်လည်းကောင်း တောင်ကိုရီးယားကို အခန်းကဏ္ဍတစ်ရပ်မှပါဝင်စေလိုနေသည်ဟု ကျွမ်းကျင်သူတချို့က သုံးသပ်ခဲ့ကြသည်။
စက်တင်ဘာ ၂၆ ရက်တွင် တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက ကင်ယိုဂျုံ၏ ထုတ်ပြန်ချက်ကို အဓိပ္ပာယ်ရှိသည်ဟု ပြောကြားခဲ့ပြီး တောင်ကိုရီးယားသည် စေ့စပ်ညှိနှိုင်းရေးမှတစ်ဆင့် ကိုရီးယားကျွန်းဆွယ်တွင် အဏုမြူလက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးတို့ ထမြောက်အောင်မြင်စေရန် စဉ်ဆက်မပြတ်တွန်းအားပေးနေသည်ဟု ပြောကြားခဲ့သည်။
စေ့စပ်ညှိနှိုင်းရေးအဆင့်များ စတင်ရေးအတွက် ဆွေးနွေးမှုများလုပ်ဆောင်ရန် ရပ်ဆိုင်းထားသော နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိုင်းများကို ပြန်ဖွင့်ပေးရမည်ဖြစ်ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံသည် ရပ်ဆိုင်းထားသောကိစ္စ အများအပြားကိုပြန်လည် ဆွေးနွေးနိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရက မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယား၏ ထုတ်ပြန်ချက်သည် ပြိုင်ဘက်နှစ်နိုင်ငံအကြား တစ်နှစ်ကျော်ကြာ အဓိကအသုံးပြုခဲ့သော ဖုန်းနှင့်ကြေးနန်း ဆက်သွယ်ရေးလိုင်းတို့ကို ရည်ညွှန်းထားသည်။ ကိုရီးယားနှစ်နိုင်ငံသည် ယခုနှစ်နွေရာသီတွင် အဆိုပါဆက်သွယ်ရေးလိုင်းနှစ်ခုကို သီတင်းနှစ်ပတ်ကြာ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း တောင်ကိုရီးယားက အမေရိကန်နှင့်နှစ်စဉ် ပြုလုပ်နေကျစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသည် ဆက်သွယ်ရေးပြန်လည် ဖြတ်တောက်ခဲ့သည်။
ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားသည် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပဲ့ထိန်းဒုံးကျည်များနှင့် ခရုစ်ဒုံးကျည်များကို စမ်းသပ်ပစ်ခတ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်