Top News

ထိုင်ဝမ်လွှတ်တော်တွင် ဥပဒေမူကြမ်းအငြင်းပွားမှုကြောင့် လွှတ်တော်အမတ်များ ကိုယ်ထိလက်ရောက် တွန်းထိုးမှုများဖြစ်ပွား
24htopnews | December 22, 2024 6:12 PM CST

ထိုင်ဝမ်လွှတ်တော်တွင် ဒီဇင်ဘာ ၂၀  ရက်က ဥပဒေမူကြမ်း တစ်ခုအတည်ပြုရေးနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များအကြား အငြင်းပွားမှုဖြစ်ပွားခဲ့ကာ ကိုယ်ထိလက်ရောက် တွန်းထိုးမှုများ ဖြစ်ပွားခဲ့သည်။

သမ္မတ လိုင်ချင်တယ်၏ ပါတီက အဆိုပါ ဥပဒေမူကြမ်းသည် ထိုင်ဝမ်၏ ဒီမိုကရေစီစနစ်ကို ထိခိုက်စေနိုင်သည်ဟုဆိုကာ ထိုဥပဒေမူကြမ်းအား အတည်ပြုမည့်အရေးကို တားဆီးရန်ကြိုးပမ်းခဲ့ချိန်တွင် ကိုယ်ထိလက်ရောက်တွန်းထိုးမှုများ၊ တစ်ဦးနှင့်တစ်ဦး ရေဖြင့်ပက်မှုများ ဖြစ်ပွားခဲ့သည်။

လိုင်၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) မှ လွှတ်တော်အမတ်များသည် ဒီဇင်ဘာ  ၁၉ ရက် ညပိုင်းကတည်းက လွှတ်တော်၏ အဓိကခန်းမဆောင်မှ မိန့်ခွန်းပြောကြားသည့် စင်မြင့်ကို သိမ်းပိုက်ခဲ့ကာ ဝင် ပေါက်တံခါးများကိုလည်း ထိုင်ခုံများဖြင့် ပိတ်ထားခဲ့သည်။

DPP လွှတ်တော်အမတ်များသည် အတိုက်အခံအင်အားစုက အဆိုပြုတင်သွင်းသည့် တရားရေးဆိုင်ရာ ပြင်ဆင်ဖြည့်စွက်ချက်သုံးခုကို တားဆီးရန် ကြိုးပမ်းနေသဖြင့် ထိုအဆိုပြုချက်များနှင့်ပတ်သက်ပြီး လွှတ် တော်တွင်းမဲပေးမည့် လုပ်ငန်းစဉ်များကို ပိုမိုခက်ခဲစေခဲ့သည်။

DPP လွှတ်တော်အမတ်အချို့က အတိုက်အခံကူမင်တန် (KMT) ပါတီနှင့် ၎င်း၏မဟာမိတ် ထိုင်ဝမ်ပြည်သူ့ပါတီ (TPP) တို့ကို လွှတ်တော်တွင် နေရာအများစုရရှိထားမှုနှင့်အတူ ဥပဒေမူကြမ်းများကို အတည်ပြုရန် ကြိုးပမ်းနေကြောင်း ဝေဖန်ခဲ့သည်။

“KMT ပါတီက အင်အားသုံးပြီး ဒီပြင်ဆင်ဖြည့်စွက်ချက်တွေကို အတည်ပြုမယ်ဆိုရင် ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ မိမိကိုယ် ကိုယ်စစ်ဆေးသုံးသပ်မှုနဲ့ ပြန်လည်ပြုပြင်ရေး ယန္တရားဟာ ရေစုံမျောသွားပါလိမ့်မယ်။ ပြီးတော့ ထိုင်ဝမ်ရဲ့ အရပ်ဘက်လူမှုအဖွဲ့အ စည်းနဲ့ ဒိမိုကရေစီစနစ်ကို ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်

”ဟု အာဏာရပါတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုင်ဝမ်၏ ဒီမိုကရေစီလည်း ချိုးဖောက်ခံရပြီး ပျက်စီးနိုင်သဖြင့် မိမိတို့အနေဖြင့် မားမားမတ်မတ် ရပ်တည်ပြီး အရေးယူဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အငြင်းပွားနေသည့် ဥပဒေမူကြမ်းများအနက် KMT ပါတီနှင့် TPP ပါတီတို့က ဦးဆောင်တင်သွင်းသည့် ပြည်သူ့ဝန်ထမ်း ရွေးကောက်ပွဲနှင့် ပြန်လည်ခေါ်ယူရေး အက်ဥပဒေလည်း ပါဝင်သည်။ထိုဥပဒေမူကြမ်းသည် ရွေးကောက်ခံအရာရှိများကို ဖယ်ရှားရန်အတွက် သတ်မှတ်ချက်များကို ပိုမိုမြှင့်တင်ထားသည်။

တရုတ်လိုလားသည့် ကူမင်တန်ပါတီကမူ ၎င်းတို့သည် ပြန်လည်ခေါ်ယူရေး အာဏာကို အလွဲသုံးမည့်အရေးမှ တားဆိးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း DPP လွှတ်တော်အမတ်များကမူ ထိုလုပ်ဆောင်မှုသည် အရည်အချင်းမမီသည့် အရာရှိများကို ဖယ်ရှားရန် မဲဆန္ဒရှင်များ၏ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

KMT ပါတီမှ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဟန်ကူယုသည် ၂၀၂၂ ခုနှစ်က သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကောင်းရှုးမြို့တော်ဝန်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။

ဒီဇင်ဘာ ၂၀ ရက်က ထောင်နှင့်ချီသည့် လူများက အတိုက်အခံများ တင်သွင်းသည့် ဥပဒေမူကြမ်းများကို ဆန့်ကျင်ရန် လွှတ်တော်အပြင်ဘက်တွင် စုရုံးဆန္ဒပြခဲ့သည်။

“ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ဖို့ ကြိုးပမ်းနေတဲ့ အတိုက်အခံပါတီတွေကို ဆန့်ကျင်ဆန္ဒပြဖို့ ကျွန်တော်ဒီနေရာ ရောက်လာခဲ့တာပါ” ဟု ချန်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ယခုနှစ်အစောပိုင်းကလည်း အတိုက်အခံများက တင်သွင်းခဲ့သည့် လွှတ်တော်၏ လုပ်ပိုင်ခွင့်ကို ပိုမိုချဲ့ထွင်မည့် ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့သည်။

Ref:AFP

                                               


READ NEXT
Cancel OK