
ဥရောပတွင် ၂၀၁၇ ခုနှစ်၌ ခွင့်ပြုချက်မရဘဲ နေထိုင်နေသည့် ရွှေ့ပြောင်းအခြေချ ၃.၉ သန်းနှင့် ၄.၈ သန်းအကြားရှိခဲ့ပြီး အများစုသည် မကြာသေးမီကမှ ရောက်ရှိခဲ့သော လူငယ်များ ဖြစ်ကြကြောင်း၊ ယင်းအရေအတွက်သည် ၂၀၁၆ ခုနှစ်ကထက် အနည်းငယ် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် Pew သုတေသနစင်တာက နိုဝင်ဘာ ၁၃ တွင် ထုတ်ပြန်ခဲ့သည်။
ယင်းပမာဏသည် ဥရောပတိုက်၏ စုစုပေါင်းလူဦးရေ သန်း ၅၀၀ ကျော်၏ တစ်ရာခိုင်နှုန်းအောက် ရှိနေကြောင်း Pew က ဖော် ပြခဲ့သည်။
ထိုလေ့လာမှုအတွင်း ခွင့်ပြုချက်မဲ့ နေထိုင်သည့် ရွှေ့ပြောင်းအခြေချ အဓိပ္ပါယ်ဖွင့်ဆိုမှုတွင် နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများ၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူများ၊ နှင်ထုတ်ရန် ညွှန်ကြားခံထားရသူများ သို့မဟုတ် ဆုံးဖြတ်ချက် မချရသေးသည့် ခိုလှုံခွင့်တောင်းခံသူများ အကျုံးဝင်ကြောင်း Pew က ဖော်ပြခဲ့သည်။
Pew သည် ဥရောပသမဂ္ဂ၊ ဥရောပ လွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများ (ဆွစ်ဇာလန်၊ လက်ချင်စတိန်း၊ နော်ဝေနှင့် အိုက်စ်လန်း) မှ အချက်အလက်များအား လေ့လာသုံးသပ်၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဥရောပတွင် ခွင့်ပြုချက်မရဘဲ နေထိုင်နေသော ရွှေ့ပြောင်းအခြေချ အရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် ၄.၁ သန်းနှင့် ၅.၃ သန်းအကြားရှိခဲ့ပြီး အမြင့်မားဆုံး အနေအထားသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရွှေ့ပြောင်းအခြေချ အားလုံး၏ ရာခိုင်နှုန်း ၃၀ သည် အာဖဂန်နစ္စတန် အပါအဝင် အာရှ-ပစိဖိတ်ဒေသမှ လာသူများဖြစ်ကြောင်း ထိုလေ့လာမှု၌ ဖော်ပြခဲ့သည်။ ရွှေ့ပြောင်းအခြေချ စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းဖြင့် နောက်ထပ် အကြီးမားဆုံးအုပ်စုမှာ ဥရောပသမဂ္ဂ သို့မဟုတ် ဥရောပ လွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်များ မဟုတ်သော ဥရောပနိုင်ငံများမှ ဖြစ်ကြသည်။
နောက်ထပ် ၂၁ ရာခိုင်နှုန်းသည် မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့မှဖြစ်ပြီး ၁၇ ရာခိုင်နှုန်းသည် ဆာဟာရတောင်ပိုင်း အာဖရိကနိုင်ငံများမှဖြစ်ပြီး ရှစ်ရာခိုင်နှုန်းသည် အမေရိကနိုင်ငံများမှဖြစ်ကြောင်း ထိုလေ့လာမှုတွင် ဖော်ပြခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်း၌ ခွင့်ပြုချက်မဲ့ နေထိုင်သူ ရွှေ့ပြောင်းအခြေချများ ရှိခဲ့ရာ ဂျာမနီနှင့် ဗြိတိန်တို့တွင် အများဆုံးရှိခဲ့ပြီး ဥရောပနိုင်ငံအားလုံးက လက်ခံထားရမှု စုစုပေါင်း၏ ထက်ဝက်ခန့် ရှိသည်။
ပြင်သစ်တွင် ခွင့်ပြုချက်မဲ့ ရွှေ့ပြောင်းအခြေချအချို့သည် ထိုနိုင်ငံ၌ နှစ်နှင့်ချီ နေထိုင်ပြီးပါက နေထိုင်ခွင့် ပေးသောကြောင့် ခွင့်ပြုချက်မဲ့ နေထိုင်သူ အတော်အသင့် နည်းပါးဖွယ်ရှိသော်လည်း အီတလီနှင့် ပြင်သစ်တို့တွင် ခွင့်ပြုချက်မဲ့ နေထိုင်သည့် ရွှေ့ပြောင်းအခြေချ အများအပြား ရှိနေခဲ့သည်။
မြေထဲပင်လယ်ကို ဖြတ်ကျော်သော ရွှေ့ပြောင်းအခြေချ အများအပြားအတွက် ပထမဆုံး ရပ်နားသည့် နေရာဖြစ်သော အီတလီတွင် ခွင့်ပြုချက်မဲ့ ရွှေ့ပြောင်းအခြေချ ၇၀၀၀၀၀ ရှိနေကြောင်း Pew က ထုတ်ပြန်ခဲ့သည်။
ခွင့်ပြုချက်မဲ ့ရွှေ့ပြောင်းအခြေချအများစု ဖြစ်သော ၅၆ ရာခိုင်နှုန်းသည် ဥရောပနိုင်ငံများတွင် ၂၀၁၇ ခုနှစ် မတိုင်မီအထိ ငါးနှစ်အောက်ထက်မနည်း နေထိုင်ခဲ့ကြပြီး ထက်ဝက်ခန့်မှာမူ ခိုလှုံခွင့်ရရှိရန် လျှောက်ထားမှု ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြကြောင်း Pew က ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်