Top News

ချီလီနိုင်ငံတစ်ဝန်းတွင် လူမှု မညီမျှမှုများအား ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား
24htopnews | December 23, 2024 6:12 AM CST

ချီလီနိုင်ငံတစ်ဝန်းတွင် လူမှုမညီမျှမှုများအား ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် နိုဝင်ဘာ ၁၂ ၌ ၂၆ ရက်မြောက် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နိုင်ငံနှင် ့ချီသော ထိုဆန္ဒပြမှုများသည် နိုင်ငံ၏နေရာ အများအပြားအား ရပ်ဆိုင်းသွားစေခဲ့ပြီး နိုင်ငံသုံးငွေကြေး ပီဆို တန်ဖိုးသည် စံချိန်တင် ကျဆင်းသွားခဲ့သည်။

လူထောင်ပေါင်းများစွာသည် မြို့တော်ဆန်တီယာဂိုတွင် ငြိမ်းချမ်းစွာ စုဝေးချီတက်ခဲ့ကြပြီး ဆုံမှတ်ဖြစ်နေသော Plaza Italia ၌ ချီလီအလံနှင့် တိုင်းရင်းသား Mapuche ကိုယ်စားပြုအလံများ ဝှေ့ယမ်းကာ လေချွန်ခြင်းနှင့် သီချင်းများ သီဆိုခြင်း ပြုလုပ်ခဲ့ကြသည်။ ညအချိန်ရောက်လာချိန်တွင် ဆန္ဒပြသူများသည် ဖုန်းမီးများနှင့် အစိမ်းရောင် လေဆာမီးများ ထွန်းခဲ့ကြသည်။

သို့သော် ခေါင်းစွပ်များ စွပ်ထားသည့် ဆန္ဒပြအဖွဲ့များက မြို့တော်တွင် ရဲများနှင့် တိုက်ခိုက်ခဲ့ကြပြီး ရဲများက ရေအမြောက်များနှင့် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခဲ့ကြသည်။ ခရီးသွားများဖြင့် စည်ကားသော Lastarria ခရိုင်မှ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းသည် လုယက် ဖျက်ဆီးခံခဲ့ရပြီး မီးရှို့ခံခဲ့ရကာ စားသောက်ဆိုင်များနှင့် စျေးဆိုင်များသည်လည်း လုယက်ခံခဲ့ရသည်။

ထိုဆန္ဒပြမှုများသည် နိုင်ငံတစ်ဝန်းမှ ပြည်သူများ ပါဝင်လာစေရန် ဆွဲဆောင်နိုင်ခဲ့ပြီး မြို့အများအပြားတွင် အများပြည်သူ အားလပ်ရက်ကဲ့သို့ အငွေ့အသက်များ ဖြစ်ပေါ်ခဲ့သည်။ စာသင်ကျောင်းများအား ပိတ်ထားခဲ့ရပြီး အစိုးရရုံးအချို့သည်လည်း ဝန်ဆောင်မှုများအား လျှော့ချထားသည်။

ကမ်းရိုးတန်းမြို့ Valparaiso တွင် အစိုးရရုံးများ၊ အစိုးရနှင့် ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင်ရေးများအား ပိတ်ထားရမှုနှင့်အတူ မြို့လည်ပတ်မှုသည် ရပ်ဆိုင်းသွားခဲ့သည်။ ဆန္ဒပြသူများသည် နံနက်ပိုင်းတွင် စျေးဆိုင် အချို့အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြမှုကြောင့် ဆိုင်အများအပြားကို ပိတ်ထားရဆဲဖြစ်သည်။ Vina del Mar မြို့ရှိ အထင်ကရ အဆောက်အအုံဖြစ်သော Hotel O’Higgins သည် ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရပြီး အဓိကကုန်စုံဆိုင် တစ်ဆိုင်သည်လည်း လုယက်ခံခဲ့ရသည်။

နိုင်ငံတောင်ပိုင်းတွင်လည်း ဧရာမ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး Concepcion မြို့၌ အစိုးရရုံးအဆောက်အအုံတစ်ခုတွင် မီးလောင်မှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။ နိုင်ငံမြောက်ပိုင်းရှိ Antofagasta မြို့တွင်လည်း ဆန္ဒပြသူများက အတားအဆီးများ ချထားမှုကြောင့် ယာဉ်ကြောသွားလာမှုအား ဆိုးရွားစေခဲ့ပြီး Patagonia ဒေသရှိ Punta Arenas မြို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများက ၎င်းတို့၏ဒေါသထွက်မှုကို လမ်းပေါ်ထွက်၍ ထုတ်ဖော်ခဲ့ကြသည်။

ချီလီသည် လက်တင်အမေရိကတွင် အချမ်းသာဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော်လည်း အခြေခံဝန်ဆောင်မှု အများအပြားအား ပုဂ္ဂလိကပိုင် ပြုလုပ်ထားမှုနှင့်အတူ မညီမျှမှု အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့သည်။

မြေအောက်ရထားလက်မှတ်ခ တိုးမြှင့်မှုအား ကျောင်းသားများက အောက်တိုဘာ ၁၈ တွင် စတင်ဆန္ဒပြမှုသည် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ပင်စင်ခံစားခွင့်များအား ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုသည့် ကျယ်ပြန့်သောလှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုဆန္ဒပြမှုများသည် အများအားဖြင့် ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြသော်လည်း ဆန္ဒပြသူများနှင့် ရဲများအကြား အကြမ်းဖက်ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်။

ဆန္ဒပြပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း သေဆုံးသူ ၂၀ အထိ ရှိလာသည်ဟု ချီလီ လူ့အခွင့်အရေး အင်စတီကျု့က ထုတ်ပြန်ခဲ့သည်။                                                   

 


READ NEXT
Cancel OK