Top News

ကမ္ဘာ့လူဦးရေ၏ အလားအလာ ခုနစ်ရပ် - ၁
24htopnews | December 25, 2024 1:12 PM CST

(ယခုဆောင်းပါးကို ပဲရစ်အခြေစိုက် မဟာဗျူဟာ သုတေသနဖောင်ဒေးရှင်း၏ ဒါရိုက်တာဘရူနိုတာ့ထရွိုင်က World Politics Reviews တွင် ရေးသားခဲ့ခြင်းဖြစ်သည်)

ကိုရိုနာဗိုင်းရပ်ကပ်ဘေး၏ ကမ္ဘာ့လူဦးရေအပေါ် ဆိုးကျိုးသက်ရောက်မှုတို့ နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရဆဲမှာပင် အသစ်ထွက်ပေါ်လာသည့် လူဦးရေသန်းခေါင်စာရင်းအရ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်ရော၊ အမေရိကန်ပြည်ထောင်စုပါ အန္တရာယ်၏အရိပ်အငွေ့ကို တွေ့နေကြရပြီဖြစ်သည်။ နှစ်နိုင်ငံလုံးအဖို့ နိုင်ငံလုံးဆိုင်ရာ လူဦးရေကျဆင်းမှု ဖြစ်ပေါ်လျက်ရှိပြီး မကြာမီကာလ၌ သူတို့စီးပွားရေး တိုးတက်မှုအသီးအပွင့်များကိုပါ ညှိုးရော်သွားသည်ထိ ခြိမ်းခြောက်လာနိုင်ကြောင်း ဤကျဆင်းမှုက ညွှန်းဆိုနေသည်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်း အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ ထုတ်ပြန်ချက်အရ အမေရိကန်၏ လူဦးရေတိုးနှုန်းမှာ ၁၉၃၀ ပြည့်နောက်ပိုင်းတွင် အနှေးကွေးဆုံးဖြစ်လာခဲ့ပြီး ဆယ်စုနှစ်တစ်ခုလုံးတွင်မှ ၇.၇ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့၏။ ထိုသို့ ပုံဆိုးပန်းဆိုး ထိုးဆင်းသွားသည့်အကြောင်းရင်းကို စိစစ်ကြည့်ရာ မွေးနှုန်းကျဆင်းခြင်း၊ ပြောင်းရွှေ့နေထိုင်သူ လျော့နည်းလာခြင်းသာမက ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် သေဆုံးရခြင်းတို့ကို သွားတွေ့၏။ နောက်ဆုံးရလဒ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဧပြီလ၌ အမေရိကန်ပြည်ထောင်စု စုစုပေါင်းလူဦးရေမှာ ၃၃၁ သန်းရှိပြီး ၂၀၁၉ ခုနှစ်ထက် ၉၀၀,၀၀၀ သာ တိုးလာခဲ့သည်။

တစ်ချိန်တည်း၌ တရုတ်ပြည်တွင် မေလအတွင်းက လင်မယားစုံတွဲများအနေနှင့် တတိယမြောက်ရင်သွေးထိ ယူခွင့်ပြုကြောင်း အစိုးရက ကြေညာခဲ့၏။ ၁၉၈၀ ဝန်းကျင်မှ စတင်ခဲ့သော နာမည်ဆိုးနှင့် ပြောမဆုံးပေါင် ဖြစ်ခဲ့သည့် ‘တစ်အိမ်ထောင် ကလေးတစ်ယောက်’ ပေါ်လစီကို ဒုတိယမ္ပိ ဖြေလျှော့ခြင်းဟု ဆိုနိုင်ပါသည်။ ဤဖြေလျှော့ချက်ကို အဘယ်ကြောင့် တွန်းတွန်းတိုက်တိုက် အပြေးအလွှားထုတ်ပြန်ရသည့်အကြောင်း လိုက်ကြည့်သည့်အခါ သီတင်းပတ်အနည်းငယ်အတွင်း ဘေဂျင်းက ထုတ်ပြန်လိုက်သည့် ၂၀၂၀ ပြည့်နှစ် တရုတ်သန်းခေါင်စာရင်း၌ အဖြေတွေ့နိုင်ပါ၏။ နိုင်ငံ၏လူဦးရေသည် ၂၀၂၀ ပြည့်နှစ်၌ ၁၁ သန်း တိုးလာပြီး ၁.၄၁၁ ဘီလျံသို့ ရောက်ရှိခဲ့သော်လည်း ၂၀၂၁ တွင် မွေးနှုန်းထိုးဆင်းကာ ၁.၄၀၈ ဘီလျံသို့ ကျဆင်းသွားခဲ့သည်။

ဤကိစ္စရပ်များအတွက် အမေရိကန်နှင့် တရုတ်တို့၏ ပြည်တွင်းလူဦးရေကိုအခြေပြုလျက် ခေါင်းစဉ်ကြီးကြီးတပ်ကာ ပြောလိုက်ရသော်ငြား ၂၁ ရာစု၏ ပထမနှစ် ၂၀ ကာလသည် ကမ္ဘာ့လူဦးရေစာရင်းအင်းမှာ ထူးခြားသော အလှည့်အပြောင်းနှင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခိုက်အတန့်ဖြစ်နေပါသည်။ လူဦးရေသန်းနှင့်ချီကာ မြို့ကြီးများသို့ ပြောင်းရွှေ့ကြခြင်း၊ တစ်ကမ္ဘာလုံး မွေးနှုန်းကျဆင်းခြင်း၊ ကမ္ဘာ့တိုက်ကြီးများ၏ ဒေသအလိုက် လူဦးရေအပြောင်းအလဲ ပုံသဏ္ဍာန်သစ်များ ပေါ်ထွက်လာခြင်းတို့ကို မြင်တွေ့နေရ၏။ ထိုသို့သော အခြေအနေအရပ်ရပ်ကို စိစစ်ဝေဖန်လျက် လာမည့်ဆယ်စုနှစ်များဆီ ရှေ့တစ်ခေါ်မျှော်ကြည့်လိုက်သည့်အခါ ယခုဖော်ပြမည့်အလားအလာ ခုနစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်ရပါတော့သည်။

အရှေ့အာရှ၏ ချောက်ကမ်းပါး

၂၀ ရာစုအတွင်း ထွန်းသစ်စ စက်မှုနိုင်ငံများတွင် ‘လူဦးရေဆိုင်ရာ အခြေအနေကောင်း’ ပေါ်ထွက်ခဲ့ဖူးသည်။ သေနှုန်းကျဆင်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အုပ်ချုပ်ရေး ကောင်းမွန်ခိုင်မာလာခြင်းတို့ဖြင့် အစပြုခဲ့သော်လည်း နောက်ပိုင်း၌ မွေးနှုန်းကျဆင်းခြင်းက ကပ်လိုက်လာသည်။ ဂျပန်နှင့် တောင်ကိုရီးယား၏ လူဦးရေကျဆင်းမှုမှာ အတော်ပင် အရှိန်မြန်လာပြီး နိုင်ငံအလိုက် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာမူဝါဒများ ချမှတ်နေသည့် ကြားမှပင် ထိရောက်မှု အားနည်းနေ၏။ သုတေသနတို့၏အလိုအရ သူတို့နိုင်ငံသားစစ်စစ် ‘နောက်ဆုံးလူ’ သေမည့်နှစ်ကို ခန့်မှန်းကာ ဟောကိန်းထုတ်ကြသည်။ တိုဟိုကုတက္ကသိုလ်၏၂၀၁၂ ခုနှစ်လေ့လာချက်မှ ထုတ်နုတ်သည့်ဟောကိန်းအရ ‘နောက်ဆုံးဂျပန်’ သည် ၃၀၁၁ ခုနှစ်တွင် သေဆုံးပါလိမ့်မည်။ ၂၀၁၄ ခုနှစ် အမျိုးသားသုတေသနဌာန၏ လေ့လာချက်အရ ‘နောက်ဆုံးတောင်ကိုရီးယား’ သည် ၂၇၅၀ ပြည့်နှစ်၌ နိဋ္ဌိတံပါလိမ့်မည်။

တရုတ်ပြည်၌ မွေးဖွားနှုန်း သိသိသာသာ လျော့ကျလာစေသည့် ထင်ရှားသောအကြောင်းတစ်ခုမှာ ၁၉၇၉ ခုနှစ်၌ တိန့်ရှောင်ဖိန် ပြဋ္ဌာန်းခဲ့သည့် ‘တစ်အိမ်ထောင် ကလေးတစ်ယောက်’ မူဝါဒဖြစ်၏။ တကယ်တော့ အများထင်သလို ထိုပြဋ္ဌာန်းချက်သည် မော်စီတုန်းဝါဒအပေါ် ထွက်ပေါက်ရှာလိုက်ခြင်း မဟုတ်ပါ။ တကယ်တော့ တရုတ်၏မွေးဖွားနှုန်းကျဆင်းမှုသည် ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းမှ စလာခဲ့ခြင်းဖြစ်သည်။       

ရိုးရာအယူအဆအရ  ယောကျ်ားလေးကို အထွတ်အမြတ်ထားခြင်းကလည်း တရုတ်လူဦးရေကို ပြဿနာများ သယ်ဆောင်လာခဲ့၏။ မိဘများအနေနှင့် ကိုယ်ဝန်ရှိလာချိန်၌ နေရာတိုင်းရိုက်နိုင်သည့် အာထရာဆောင်းမှ တစ်ဆင့် မိန်းကလေးသန္ဓေသားဟု သိလိုက်ရတိုင်း ကိုယ်ဝန်ဖျက်ချပစ်ကြ၏။ လက်ရှိ တရုတ်သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးရှိ အမျိုးသားဦးရေက အမျိုးသမီးထက် ၃၅ သန်း ပိုများနေပြီး အချိုးအရ အမျိုးသမီးတစ်ဦးလျှင် အမျိုးသားက ၁.၁ ဦး ရှိနေသည်။ ဒေသအလိုက် သေချာစိစစ်ကြည့်လျှင် အမျိုးသား အချိုးက ၁.၃ မှ ၁.၄ ထိ တက်သွားနိုင်သည်။

ကျားမအချိုး မညီမျှမှုကြောင့် မိန်းကလေးသန္ဓေသားတို့ အမိဝမ်းတွင်း၌ပင် အသတ်ခံရခြင်းရှိလာသလို ရှောရှောရှူရှူ မွေးလာပါကလည်း မလိုချင်သည့် ကလေးအဖြစ် မိသားစုအတွင်း ‘စုန်းပြူး’ ဖြစ်သွားနိုင်၏။ လူမှုရေးချိန်ခွင်လျှာ ဇောက်ထိုးမိုးမျှော်ဖြစ်စေရုံမက ရာဇဝတ်မှုများကိုပါ ပေါက်ဖွားလာစေနိုင်သည်။ ဤပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ၂၀၁၅ ခုနှစ်ကတည်းက ဘေဂျင်းအစိုးရ ကြိုးစားခဲ့သော်လည်း တစ်နိုင်ငံလုံး လူဦးရေတိုးနှုန်းကျဆင်းမှုကို မရပ်တန့်နိုင်သေးပါ။ မွေးနှုန်းသည် လေးနှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ မွေးဖွားနှုန်းမှာ တရုတ်အမျိုးသမီးတစ်ဦးလျှင် ရင်သွေး ၁.၃ သာ ပေါက်ဖွားပါသည်။ ထို့ကြောင့် တရုတ်ပြည်အဖို့ ‘မွေးနှုန်း ကျဆင်းခြင်းထောင်ချောက်’ ထဲ၌ ပိတ်မိနေပြီး လွတ်မြောက်ရန် အတော်ကြီးရုန်းရပါလိမ့်မည်။ လက်ရှိမွေးနှုန်းတို့၏ရလဒ်ကြောင့် နောင်လာမည့် နှစ် ၂၀ ၌ တရုတ်လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် အသက် ၆၀ ကျော်များ ဖြစ်နေပါလိမ့်မည်။

ဤသို့ သက်ကြီးလူဦးရေတိုးပွားလာခြင်းက စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်များကို အကျိုးဆက်အဖြစ် သက်ရောက်လာနိုင်သလို သက်ကြီးစောင့်ရှောက်မှု အစီအမံများက အိုဇာတာ ကောင်းမကောင်းကိုပါ ဆုံးဖြတ်သွားပေတော့မည်။ ယခုအခါ တရုတ်ပင်စင် စားတို့အနေနှင့် သူတို့၏ပင်စင်စားလစာဖြင့် ရပ်တည်မှုအတွက် မိသားစုအပေါ် မှီခိုနေကြရပြီး သမိုင်းတွင် မကြုံဖူးသောအဖြစ်မှာ တရုတ်မိသားစု၏ ပျမ်းမျှအိမ်ထောင်စုဝင် ဦးရေ သုံးယောက်အောက် ကျဆင်းလာသည့် မှတ်တမ်းဖြစ်၏။ ၂၀၆၀ ရောက်ချိန်၌ အသက် ၇၀ အရွယ် တရုတ်အမျိုးသား ငါးယောက်တွင် တစ်ယောက်မှာ ဆက်ခံပြုစုမည့် သားသမီး မြေးမြစ်မရှိတော့ဘဲ နိုင်ငံတော်၏ ထောက်ပ့ံမှုကိုသာ အားပြုရပါတော့မည်။

လူအဝင်ကို မှီခိုရတော့မည့် ဥရောပ

လွန်ခဲ့သည့် နှစ် ၃၀ အတွင်း အရှေ့ဥရောပသည် မွေးနှုန်းကျဆင်းခြင်း၊ သေနှုန်း မြင့်တက်ခြင်းနှင့် နိုင်ငံသားတို့ စွန့်ခွာခြင်းတည်းဟူသော ‘လူဦးရေဆိုင်ရာ သုံးထပ်ကွမ်း ထိုးနှက်ချက်’ ကို ခံစားခဲ့ရ၏။ ဂျော်ဂျီယာ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားတို့တွင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ နိုင်င့ံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရသည်။ အကျိုးဆက်အနေနှင့် သက်ဆိုင်ရာနိုင်ငံများအဖို့ အကြောက်တရားတို့ ဖုံးလွှမ်းခဲ့ရုံမျှမက ကျန်ဥရောပ၏ အစိတ်အပိုင်းများတွင်လည်း ဝင်လာသည့်လူများကို နေရာချထားခြင်းနှင့် ဒုက္ခသည်ဦးရေ တိုးပွားခြင်းတို့ ဖြစ်လာခဲ့၏။ ဤဖြစ်စဉ်အတွက် အကောင်းဆုံးဥပမာမှာ ရုရှားဖြစ်ပြီး ဗဟိုအာရှမှ နိုင်ငံပြောင်းလာသည့် ခိုဝင်သူများကို ကြိုဆိုလက်ခံခဲ့သည်။

ဒျုတက္ကသိုလ်မှပါမောက္ခ စတီဖန်စမစ်၏ အသစ်ထွက်လာသည့်စာအုပ်ကို ‘ဥရောပ၏ ရောသမမွှေ’ (A Scramble for Europe) ဟု အမည်ပေးထား၏။ ဥရောပ၏ နေရင်းတိုင်းသား မျိုးနွယ်စုများထဲမှ အချို့ကတော့ အာဖရိကန်နိုင်ငံများ၏ လူဦးရေတိုးနှုန်းကို ‘ကျောစိမ့်’ နေကြပြီ။ သူ့စာအုပ်၏ အနုမာနအရ မက္ကဆီကန်တို့ အမေရိကကို ဝင်ရောက်နေပုံကဲ့သို့ အာဖရိကန်တို့သည်လည်း ဥရောပနိုင်ငံများဆီ ကြီးမားကျယ်ပြန့်သည့် လုပ်သားအင်အားစုအဖြစ် တရားဝင်ရော တရားမဝင်ပါ ဝင်ရောက်လာကြလိမ့်မည်ဟု ဆိုပါသည်။

ထိုသို့ အဆိုးဆုံးဟောကိန်းထုတ်ခဲ့သည့် စမစ်နှင့် အခြားသူများမှာ စစ်စစ်ပေါက်ပေါက် ထပ်ရှာကြည့်စရာ အကြောင်းအချို့ ရှိနေပါသေးသည်။ အကယ်၍သာ အာဖရိကနိုင်ငံများ ဖွံ့ဖြိုးတိုးတက်လာလျှင် အာဖရိကန်တို့ အနေနှင့် တိုက်ကြီးများကို ဖြတ်သန်းလျက် ‘ရေကြည်ရာ မြက်နုရာ’ ရှာရန်လိုမည် မဟုတ်တော့သည့်အချက် ဖြစ်သည်။ သို့သော်လည်း ယင်းနိုင်ငံများ၏ လက်ရှိစီးပွားရေးအခြေအနေမှာ ပျမ်းမျှအဆင့်လောက် တိုးတက်လာရန် လမ်းမမြင်သေးသည့်အပြင် မြောက်အာဖရိကနိုင်ငံများနှင့် တောင်ပိုင်းဥရောပ၏ ပထဝီအနေအထားသည် အမေရိကန်နယ်မြေထက် ပထဝီဝင်အတားအဆီးပိုရှိနေ၏။ စမစ်၏ အယူအဆအရ လက်ရှိကာလမှ ၂၀၅၀ ပြည့်နှစ်အတွင်း ဥရောပသို့ အာဖရိကန် သန်း ၁၅၀ ရောက်လာကြမည်ဖြစ်ပြီး၊ ဥရောပသမဂ္ဂ၏ ပိုမိုတိကျသော ညွှန်ကိန်းစိစစ်ချက်အရ ယခုရာစုနှစ်လယ်ထိ နှစ်စဉ် ၈၀၀,၀၀၀ မှ ၁ သန်းအထိ အာဖရိကန်တို့ ဥရောပသို့ ဝင်ရောက်လာကြပါလိမ့်မည်။

နောက်ထပ်ရှုမြင်ချက်တစ်ရပ်မှာ အာဖရိကတိုက်သားတို့၏ ဝင်ရောက်လာခြင်းက လူဦးရေအကျဘက်သို့ ယိမ်းယိုင်နေသည့် ဥရောပအတွက် ထိန်းညှိပေးရာရောက်သည်ဆိုသော အမြင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ နိုင်ငံရွှေ့ပြောင်းခဲ့သူ ၂၇၂ သန်း ရှိ၏။ ၂၀၀၀ ပြည့်နှစ်တွင် လေ့လာခဲ့သည့် ကုလသမဂ္ဂ လူဦးရေဌာနခွဲတွက်ချက်မှုအရ သက်ကြီးပိုင်းများနေသည့် ဥရောပနိုင်ငံများအနေနှင့် အလုပ်လုပ်နိုင်သူနှင့် အလုပ်မလုပ်နိုင်သူ အသက်အရွယ်အချိုးကို လက်ရှိနှုန်းထားအတိုင်း ထိန်းသိမ်းလိုပါက လာမည့် နှစ် ၅၀ အတွင်း နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့်သူ ၁.၃ ဘီလျံံကို လက်ခံကြရပါလိမ့်မည်။

ဆက်လက်ဖော်ပြပါမည်


READ NEXT
Cancel OK