Top News

အစ္စရေး-ဂျော်ဒန် ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မည့် မိုးခေါင်မှုပြဿနာ
24htopnews | December 25, 2024 1:12 PM CST

အလွန်စိုးရိမ်ဖွယ်ကောင်းသော ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော မိုးခေါင်မှုပြဿနာနှင့်ပတ်သက်ပြီး သိပ္ပံနည်းကျ သတိပေးမှုများ မြင့်တက်လာစဉ် အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံတို့မှ လူအများအပြားသည် ၎င်းတို့နှစ်နိုင်ငံအကြား ယှက်သွယ်စီးဆင်းနေသော ဂျော်ဒန်မြစ်နှင့် ၎င်းတို့ ပူးတွဲပိုင်ဆိုင်သည့် အလွန်အရေးပါသော်လည်း အကန့်အသတ်ရှိနေသော အရင်းအမြစ်များကို စိုးရိမ်တကြီး အာရုံစိုက်လာခဲ့ကြသည်။

ရာသီဥတုပြောင်းလဲမှုသည် ယခင်က စိုးရိမ်ခဲ့သည့်အခြေအနေထက်ပင် ပိုမိုမြန်ဆန်နေသဖြင့် ကန့်သတ်ချက်ရှိသော ရေအရင်းအမြစ်ပမာဏအပေါ် ဖိအားပိုတိုးလာစေခဲ့သည်ဟု ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြီးခဲ့သည့်လတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တိုးတက်ရေးနှင့် ရာသီဥတုပြဿနာကြောင့် ဆက်ဆံရေးပိုမိုခိုင်မာလာသည့် အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံတို့သည် အချင်းချင်း ရန်စောင်နေမည့်အစား ရေအရင်းအမြစ်နှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများသည် မကြုံဖူးလောက်အောင်ပင် တိုးတက်လာမည့် လက္ခဏာများရှိနေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသအပါအဝင် ကမ္ဘာ့နေရာဒေသများ၌ ရေနှင့်ပတ်သက်ပြီး စစ်ပွဲများပင် ဖြစ်လာနိုင်သည်ဆိုသော သတိပေးချက်များသည် အများအားဖြင့် ချဲ့ကားပြောဆိုနေခြင်းသာဖြစ်ဟု Duke တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ အဲရစ်ကာဝိုင်သာလ်က ပြောကြားခဲ့သည်။

“ ရေဟာ ရန်ဘက်တွေအကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အမှန်တကယ်ရှာဖွေလာအောင် လမ်းဖွင့်ပေးနေတဲ့ ရင်းမြစ်တစ်ခုဖြစ်တယ်” ဟုလည်း အစ္စရေး- ဂျော်ဒန် အရေးကိစ္စများကို ထဲထဲဝင်ဝင်လေ့လာနေသည့် ကမ္ဘာ့ပတ်ဝန်းကျင် အခြေပြုနိုင်ငံရေးကျွမ်းကျင်သူ ၀ိုင်သာလ်က ပြောသည်။

“အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ရေကြောင့် ပဋိပက္ခဖြစ်ပွားတာထက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာတာကိုပဲ မြင်တွေ့ရမှာပါ။ ယုတ်စွအဆုံး ပဋိပက္ခဖြစ်လာတယ်ဆိုရင်တောင် အဲဒါက နှုတ်အားဖြင့်သာ ဖြစ်ပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ၀ိုင်သာလ်သည် တွင်ကျယ်စပြုလာသည့် သဘာဝပတ်ဝန်းကျင်အခြေပြု ငြိမ်းချမ်းမှုတည်ဆောက်ရေးပညာရပ်တွင် ရှေ့ဆောင်လမ်းပြတစ်ဦးလည်း ဖြစ်သည်။

ဂျော်ဒန်သည် အလွန်ဆိုးရွားသော မိုးခေါင်မှုများကြောင့် ကမ္ဘာပေါ်တွင် ရေအလိုအပ်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေကာ ၎င်းကဏ္ဍနှင့်ပတ်သက်၍ အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘောတူစာချုပ် မချုပ်ဆိုမီကပင် ကာလကြာမြင့်စွာ တည်ရှိခဲ့သည်။

ပါလက်စတိုင်းသို့ ပြောင်းရွှေ့အခြေချခဲ့သည့် ရုရှား-ဂျူးလူမျိုး အင်ဂျင်နီယာတစ်ဦးဖြစ်သော ပင်ဟတ်စ်ရူတန်ဘာ့ဂ်က ဂျော်ဒန်မြစ်နှင့် ယာမွတ်မြစ်လက်တက် ပေါင်းဆုံသည့်နေရာတွင် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် ၁၉၂၁ ခုနှစ်တွင် ဗြိတိန်အာဏာပိုင်များနှင့် ဂျော်ဒန်တော်ဝင်မိသားစုကို စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက် ၎င်းကိစ္စရပ်သည် ပို၍လူသိများလာခဲ့သည်။

၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ တည်ထောင်ခဲ့ပြီးနောက် ၎င်းနှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာ တရားဝင်စစ်မက်ဖြစ်ပွားနေသည့် ကာလတစ်လျှောက်၌ပင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ရှိနေခဲ့သည်။

ရေနှင့် နေစွမ်းအင် ဖလှယ်ကြမည်လား

နှစ်နိုင်ငံဆက်ဆံရေးအရပ်ရပ်လိုပင် ရေနှင့်ပတ်သက်၍ အပြန်အလှန် ဆက်ဆံမှုများသည်လည်း အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်နေတန်ယာဟုလက်ထက်တွင် ထိခိုက်ခဲ့ပြီး နေတန်ယာဟုအနေဖြင့် ပင်လယ်ကွေ့ဒေသမှ အီရန်၏ ရန်ဘက်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းခဲ့ရာတွင် ဂျော်ဒန်ကို ပစ်ပယ်ထားခဲ့ကြောင်း ဝေဖန်သူများက စွပ်စွဲခဲ့ကြသည်။

ဇွန်လတွင် ဝန်ကြီးချုပ် နက်ဖ်တလီဘန်းနက်၏ အစိုးရ စတင်အာဏာရလာခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေး တိုးတက်မှု အရိပ်အယောင်များ မြင်တွေ့ခဲ့ရပြီး ရေနှင့်ပတ်သက်ပြီး အကြီးမားဆုံး အကျိုးတူပူးပေါင်းမှုများ လုပ်ဆောင်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။

ကုန်ကျစရိတ်လျှော့ချနိုင်သည့် အသစ် အသစ်သော နည်းပညာများဖြင့် ပင်လယ်ရေမှ ဆားဓာတ်ဖယ်ထုတ်ခြင်းသည် အကျိုးအမြတ်များသော အလေးထားစရာ ကိစ္စရပ်ဖြစ်လာခဲ့ပြီး အစ္စရေး၊ ဂျော်ဒန်နှင့် ယူအေအီးနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများသည်လည်း ယင်းအပေါ် စိတ်ဝင်စားမှုကို ပြသလာခဲ့သည်ဟု Ecopeace Middle East မှ အစ္စရေးနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဂီဒန်ဘရွမ်းဘာ့ဂ်က ဆိုသည်။ ယူအေအီးသည် မကြာသေးမီကမှ အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ခြင်းဖြစ်သည်။

“ ပင်လယ်ရေကနေ ဆားဓာတ်ဖယ်ထုတ်တဲ့လုပ်ငန်းမှာ အလုံးအရင်းနဲ့ ထပ်မံရင်းနှီးမြှုပ်နှံကြမယ့်သူတွေဟာ အဲဒီကနေ အကျိုးအမြတ်များများရနိုင်တဲ့ အခွင့်အလမ်းကို သိရှိနေကြပြီ” ဟုလည်း ဘရွမ်းဘာ့ဂ်က ဆိုသည်။

သို့ဖြစ်ရာ ကမ္ဘာပေါ်တွင် ပင်လယ်ရေမှ ဆားဓာတ်ဖယ်ထုတ်သည့်လုပ်ငန်းတွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သော အစ္စရေးသည် ဂါလီလီပင်လယ်မှ သဘာဝရေချိုများအပါအဝင် နောက်ထပ်ရေအရင်းမြစ်များကို ဂျော်ဒန်သို့ ရောင်းချနိုင်မည်ဖြစ်ကာ ပြည်တွင်းလိုအပ်ချက်ကိုလည်း ထိခိုက်စေမည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေးအနေဖြင့် ဂျော်ဒန်ထံမှ ပြန်လိုချင်နေသည့် အရာတစ်ခုရှိလာခြင်းက ယင်းကဲ့သို့လုပ်ဆောင်ရန်အတွက် နောက်ထပ်အကြောင်းရင်းတစ်ရပ်ဖြစ်လာခဲ့ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

၂၀၁၅ ခုနှစ် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်ပါ ကတိကဝတ်များနှင့် ကိုက်ညီရန်အလို့ငှာ စွမ်းအင်ကဏ္ဍတွင် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၈၅ ရာခိုင်နှုန်းထက်မနည်း လျှော့ချသွားရန် ဘန်းနက်အစိုးရက အတည်ပြုခဲ့သည်။

သို့သော် အစ္စရေးအနေဖြင့် လိုအပ်သော နေစွမ်းအင်ထုတ်လုပ်မှုကို အရှိန်မြှင့်တင်နိုင်ရန် လုံလောက်သည့် မြေနေရာမရှိသဖြင့် ၎င်း၏ရည်မှန်းချက်ပြည့်မီစေရန် ဂျော်ဒန်မှ နေရောင်ခြည်စွမ်းအင် ဝယ်ယူရလိမ့်မည်ဟု လေ့လာအကဲဖြတ်မှု အများအပြားတွင် ဖော်ပြထားသည်။

“ ပထမဆုံးအကြိမ်အဖြစ် နှစ်ဦးနှစ်ဖက်လုံးမှာ ရောင်းစရာရော ဝယ်ယူစရာပါ ရှိလာမှာဖြစ်တယ်” ဟုလည်း ဘရွမ်းဘာ့ဂ်က ဆိုသည်။ ၎င်း၏ Ecopeace Middle East အဖွဲ့အစည်းသည် အစ္စရေး၊ ဂျော်ဒန်နှင့် ရေပြဿနာ ပိုကြီးထွားမလာစေရန် ရုန်းကန်နေရသော ပါလက်စတိုင်းနယ်မြေတို့တွင် အခြေပြု လုပ်ကိုင်နေခြင်းဖြစ်သည်။

မကြုံစဖူး အကျိုးတူပူးပေါင်းမှုသည် လုံးလုံးလျားလျား ပျက်ယွင်းမှုမရှိသေးသည့် သံတမန်ဆက်ဆံရေးကို ပြန်ကုစားရာတွင် အထောက်အကူဖြစ်စေနိုင်သည်ဟုလည်း ၎င်းက သုံးသပ်ခဲ့သည်။

ရာထူးတာဝန် စတင်ထမ်းဆောင်ပြီး မကြာမီမှာပင် ဘန်းနက်သည် အမ်မန်သို့သွားရောက်ကာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနှင့် တွေ့ဆုံခဲ့သည်။ အဗ္ဗဒူလာကလည်း အစ္စရေးအစိုးရ ထိပ်တန်းတာဝန်ရှိသူများနှင့် မကြာသေးမီက ဆွေးနွေးမှုအများ ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းအတွက် အလွန်စိတ်အားတက်မိသည်ဟု ပြောကြားခဲ့သည်။ ဇူလိုင်လတွင်ရရှိခဲ့သည့် သဘောတူညီချက်အရ အစ္စရေးသည် ဂျော်ဒန်အား ရေကုဗမီတာသန်း ၅၀ ထပ်မံ ရောင်းချသွားမည်ဖြစ်သည်။

အစ္စရေးနှင့် ဂျော်ဒန်တို့သည် ၁၉၅၀ ပြည့်လွန်နှစ်များ အလယ်လောက်မှစ၍ ရေအရင်းမြစ်နှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်ပေသည်။ ယင်းကဲ့သို့ ပြုလုပ်လာခဲ့ရာတွင် ကုလသမဂ္ဂနှင့် အမေရိကန်တို့က ကြားဝင်စေ့စပ်ပေးခဲ့သည့် “ ပျော်ပွဲစား စားပွဲဝိုင်းဆွေးနွေးမှု” ဟု အမည်ရသည့် ဆွေးနွေးမှုလည်းအပါအဝင်ဖြစ်ကာ ယင်းသည် ၁၉၉၄ ငြိမ်းချမ်းရေး သဘောတူညီချက်တွင် ရေအရင်းမြစ်ဆိုင်ရာ သဘောတူညီမှုများ ပေါ်ပေါက်လာစေရန် အထောက်အကူ ဖြစ်စေခဲ့သည်။

ယင်းကဲ့သို့ဆွေးနွေးမှုများသည် စစ်ဖြစ်နေသည်ဟုဆိုနိုင်သည့် အခြေအနေတွင် အသက်သွေးကြောသဖွယ် အရေးပါခဲ့သည်ဟု ၀ိုင်သာလ်က ပြောကြားခဲ့သော်လည်း သဘာဝပတ်ဝန်းကျင်အခြေပြု သံတမန်ရေးအပေါ် အလွန်အကျွံမျှော်လင့်နေမှုကိုလည်း ၎င်းက သတိပေးခဲ့သည်။

“ လတ်တလောရရှိခဲ့တဲ့ ရေရောင်းချမှု သဘောတူညီချက်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်အသက်သွင်းရာမှာ အမှန်တကယ် အထောက်အပံ့ဖြစ်စေခဲ့ပေမဲ့ အစ္စရေးရဲ့ သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံရေးဖြစ်စဉ်အရ ပိုမိုကျယ်ပြန့်စွာ ကိုင်တွယ်ဖြေရှင်းမှုတွေ မလုပ်ဆောင်ဘူးဆိုရင် အခြေအနေတွေက ပိုပြီး အလှမ်းဝေးသွားနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref : AFP


READ NEXT
Cancel OK