အိုင်အက်စ်အိုင်အက်စ်ဆိုသည်မှာ အီရတ်နှင့် ဆီးရီးယား အစ္စလာမ္မစ်နိုင်ငံတော် (Islamic State of Iraq and Syria - ISIS) ၏ အတိုကောက်ဖြစ်ပြီး၊ ‘ကေ’ ဆိုသည်မှာ အီရန်၊ အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်တို့ ရောယှက်ပေါင်းစည်းနေသည့် ‘ကြီးမြတ်သော ခိုရာဆန်’ (Khorasan) သမိုင်းဝင်နယ်မြေကို ရည်ညွှန်းပါသည်။ အဖွဲ့ဝင်အချို့မှာ တာလီဘန်၏အစိတ်အပိုင်းအဖြစ် မူလကရှိခဲ့သော်လည်း၂၀၁၃ ခုနှစ်တွင် တာလီဘန်၏ ခေါင်းကိုင်ဖခင်ကြီး မူလာမိုဟာမက်အိုမာ ကွယ်လွန်ပြီးနောက် သီးခြားအဖွဲ့အဖြစ် ခွဲထွက်ခဲ့ကြ၏။
လွန်ခဲ့သည့်လပေါင်းများစွာကပင် အကြမ်းဖက်ဝါဒကို သရုပ်ခွဲလေ့လာနေသည့် ပညာရှင်တို့က ဘိုင်ဒင်အစိုးရဆုံးဖြတ်ချက်ကြောင့် အမေရိကန်တို့ ထွက်ခွာသည်နှင့် တစ်ပြိုင်နက်အာဖဂန်နစ္စတန်ရှိ အစ္စလာမ္မစ် နိုင်ငံတော် - အိုင်အက်စ် (Islamic State) စစ်သွေးကြွများသည်သွေးထွက်သံယို ဖြစ်ရပ်များကို တစ်ဖန်ပြန်၍ လုပ်ဆောင်လာနိုင်ကြောင်း သတိပေးခဲ့ကြ၏။
၂၀၂၁ ခုနှစ် သြဂုတ်၂၆ ရက်၊ ကြာသပတေးနေ့တွင်တော့ ထိုခန့်မှန်းသတိပေးချက်များမှာ ‘သွေးထွက်အောင်မှန်’ လာခဲ့ပေပြီ။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် အခြေစိုက်အကြမ်းဖက်အုပ်စုအိုင်အက်စ် - ကေ သည် ကဘူးမြို့တော်၊ ဟာမစ်ကာဇိုင်း လေဆိပ်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့၏။ လေဆိပ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အမေရိကန် မရိန်းတပ်သားများရှိနေပြီး လေဆိပ်ဝန်းကျင်၌လည်း အမေရိကန်တို့ နောက်ဆုံးထွက်ခွာသွားမည့် သြဂုတ် ၃၁ အမီ လေယာဉ်ပေါ်တက်ရောက်နိုင်ရေး ကြိုးပမ်းစောင့်ဆိုင်းလျက်ရှိသော လူအုပ်ကြီးရှိသည်။ အသေခံဗုံးခွဲမှုကြောင့် အာဖဂန်လူမျိုး ၁၇၀ ကျော်၊ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၂၀၀ ခန့် ဒဏ်ရာရခဲ့၏။ နောက်ဆုံးရရှိသည့် သတင်းများအရ သေဆုံးသူများတွင် ရုပ်သံကြေငြာသူ အမျိုးသမီးတစ်ဦးအပါအဝင် သတင်းစာဆရာ နှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
ရှုပ်ထွေးခြင်းနှင့် အကြင်နာမဲ့ရက်စက်ခြင်းတို့ ပေါင်းစည်းမှုပြယုဂ်ဖြစ်သည့် ဤတိုက်ခိုက်မှုသည် အာဖဂန်အရေး စောင့်ကြည့်သူများကိုသာမက၊ အမေရိကန်ကိုရော တာလီဘန်တို့ကိုပါ ကဘူးသမ္မတနန်းတော်၌ မည်သူသိမ်းပိုက်နေသည်ဖြစ်စေ အာဖဂန်နစ္စတန်သည် သူတစ်လူ၊ ငါတစ်မင်း အဖြစ်သာ ရှိနေဦးမည်ဟု အချက်ပေးလိုက်၏။
■ အိုင်အက်စ်အိုင်အက်စ် - ကေနိဒါန်း
စစ်သွေးကြွများအတွင်း အစွဲမချွတ်နိုင်ကြသည့် အုပ်စုလိုက် ပြိုင်ဆိုင်မှုများကြောင့် တာလီဘန်မှသည် အယ်လ်ကေဒါ၊ အိုင်အက်စ်စသဖြင့် အုပ်စုကွဲများစွာ ပေါ်ထွက်လာခဲ့သည်ဟု အကြမ်းဖက်ရေးရာ ခွဲခြမ်းစိတ်ဖြာသူများက ဆိုပါသည်။ ထိုအထဲတွင် မျိုးရိုးအလိုက ်ဆက်ခံမှုပြဿနာများအပြင် အယူအဆရေးရာ ပြင်းထန်မှုများကလည်း အုပ်စုများအတွင်း ဖွဲမီးလို တငွေ့ငွေ့လောင် ဆဲဖြစ်သည်။ ဤအခြေအနေမျိုးကြားမှ လက်ရှိနှစ်ကာလအတွင်း အိုင်အက်စ်တို့သည် ကြီးစိုးရာ ခြေကုပ်နယ်ပယ်များကိုသိမ်းယူခြင်းနှင့် အီရတ်နှင့် ဆီးရီးယားသို့တိုင် အစွန်းရောက်စစ်သွေးကြွများကို ပဒေသရာဇ်ဆန်ဆန် ချုပ်ကိုင်နိုင်ခြင်းတို့ကြောင့် လူသိများ ထင်ရှားလာခဲ့၏။
ယခုအခါ အာဖဂန်နစ္စတန်၌ အမေရိကန်ကျောထောက်နောက်ခံပြုပေးနေသည့် အစိုးရ ချုပ်ငြိမ်းခဲ့ပြီ။ အိုင်အက်စ် - ကေတို့အနေနှင့် အခြားသောဒေသတွင်း ရန်သူဖြစ်သည့် တာလီဘန်တို့ကို ပိုမိုအနှောင့်အယှက် ပြုလာဖွယ်ရှိသည်။ တာလီဘန်တို့အနေနှင့် ထိုတိုက်ခိုက်မှုများကို ခက်ခက်ခဲခဲနှိမ်နင်းရမည့်အပြင် စစ်ပွဲတို့ဖြင့် ထောင်းလမောင်းကျေနေသည့် နိုင်ငံကို လုံခြုံမှုပေးရန်နှင့် တည်ငြိမ်စွာအုပ်ချုပ်နိုင်ရန် ရုန်းကန်ရပါလိမ့်မည်။
တာလီဘန်နှင့် အိုင်အက်စ်-ကေတို့ သည် ၂၀၁၈ ခုနှစ်မှစ၍ အပြန်အလှန် တိုက်ပွဲဝင်လာခဲ့ကြသည်။ တကယ်တော့ ဤရန်မီးသည် ၂၀၁၄ ခုနှစ်က ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်တို့က အာဖဂန်နစ္စတန်နိုင်ငံတွင်းသို့ စစ်ဘက်အထောက်တော်များ စေလွှတ်ခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်၏။ အိုင်အက်စ်တို့သည် လစ်ဗျား၌ခြေကုပ်ရယူပြီးနောက်ပိုင်း၊ အထောက်တော်များအနေနှင့် အာဖဂန်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ သွားရောက်ခဲ့သည်။ တာလီဘန်တို့အပေါ် မကျေမနပ်ဖြစ်နေသည့် အတွင်းစည်းမှ စစ်သွေးကြွများ၊ အရောင်ပြောင်းရန် စောင့်ဆိုင်းနေကျ ဒေသခံအာဏာပွဲစားများကို စုစည်းလျက် အိုင်အက်စ်အဖွဲ့ကြီးတစ်ရပ် ပေါ်ထွက်လာရန်ကြိုးစားခဲ့၏။ အထူးသဖြင့် နိုင်ငံခြားသား အစ္စလာမ်စစ်သွေးကြွများ၊ ပါကစ္စတန် အကြမ်းဖက်အုပ်စုများကိုအခြေပြုကာ အိုင်အက်စ်-ကေကို ဖွဲ့စည်းခဲ့သည်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (Center for Strategic and International Studies-CSIS) ၏အစီရင်ခံစာအရ အိုင်အက်စ် - ကေသည် အာဖဂန်နစ္စတန်နိုင်ငံတွင်း၌ ၂၀၁၅ ခုနှစ်မှ စတင်လှုပ်ရှားခဲ့သည်။ ထို့နှစ်မတိုင်မီ ၂၀၁၄ ခုနှစ်က ပါကစ္စတန်နိုင်ငံသား ဟာဖစ်ဆေးယိဒ်ခန်သည် အိုင်အက်စ်၏ ကာလီဖိတ်အဘူဘကာ အယ်လ်ဘဂဒါဒီထံ သစ္စာခံခြင်းဖြင့် အီရတ်နှင့် လစ်ဗျားမှ အိုင်အက်စ်လှုပ်ရှားမှု အာဖဂန်မြေ၌ စတင်အမြစ်တွယ်စေခဲ့သည်။ အိုင်အက်စ် - ကေစဖွဲ့စဉ်က အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ နန်ဂဟာပြည်နယ်တွင် အင်အားအနည်းငယ်သာ ရှိခဲ့ပြီး အဖွဲ့ဝင်အများစုမှာ ပါကစ္စတန်စစ်သွေးကြွများ ဖြစ်ပါသည်။
နောက်ပိုင်းကျမှသာ တာလီဘန်မှ ပဲ့ထွက်လာသူများနှင့် အခြားစစ်သွေးကြွများ၊ ဒေသတွင်းအုပ်စုအချို့ ပူးပေါင်းလာခဲ့သည်။
အခြားသော အိုင်အက်စ်အဖွဲ့များကဲ့ သို့ပင်အာဖဂန်အခြေပြု အိုင်အက်စ် - ကေသည် သွက်သွက်လက်လက ဖွဲ့စည်းနိုင်ခဲ့ပြီး ပြင်းပြင်းထန်ထန် ချေမှုန်းခံရသည့်တိုင် အချိန်တိုအတွင်းမှာပင် ပြန်လည်ခေါင်းထောင်လာနိုင်သည်။ အိုင်အက်စ် - ကေ တည်ထောင်သူ ဟာဖစ်ဆေးယိဒ်ခန်မှာ ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့၏။ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ကဆင်နွှဲခဲ့သည့် ‘ဗုံးတကာတို့၏မိခင်’ (“mother of all bombs”) စစ်ဆင်ရေးအတွင်း အိုင်အက်စ်အများအပြား သေဆုံးခဲ့၏။ လက်ရှိကာလ၌ ကုလသမဂ္ဂ၏ခန့်မှန်းချက်အရ အာဖဂန်နစ္စတန်နိုင်ငံ၏ ကိုနာနှင့် နန်ဂဟာပြည်နယ်အတွင်း အိုင်အက်စ် -ကေ စစ်သွေးကြွ ၁၅၀၀ မှ ၂၀၀၀ အကြားရှိ နိုင်ပြီး၊ အဖွဲ့၏လမ်းစဉ်ကို ယုံကြည်သည့် အစုအစည်း၊ လူပုဂ္ဂိုလ်များကတော့ နိုင်ငံအနှံ့ ရှိနေပါလိမ့်မည်။
အမေရိကန်ပြည်ထောင်စု၊ စစ်တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ အမ်မီရာဂျာဒွန်းက အမေရိကန်၏ ဒရောသောပါး ဆုတ်ခွာမှုနှင့် တာလီဘန်တို့ အာဖဂန်ကို ထိန်းလိုက်ရသည့်အဖြစ်၏ နောက်ပိုင်း၌ “ အထိန်းအကွပ် အလျော့လျဲဆုံး” ပတ်ဝန်းကျင်ကြီးအပေါ် အိုင်စက်စ်တို့ စစ်ဆင်ရေးလုပ်လာမည်ဟု ရေးသားခဲ့၏။
■ ကြေကွဲရသောကြာသပတေးနေ့
ထိုသြဂုတ် ၂၆ ရက်၊ တိုက်ခိုက်မှုမဖြစ်မီ နာရီပိုင်းအလိုတွင် အမေရိကန်နှင့် အနောက်နိုင်ငံအစိုးရများက အိုင်အက်စ် - ကေ တို့၏ ခြိမ်းခြောက်မှုရှိနေကြောင်းနှင့် မြို့သူမြို့သားများအနေနှင့် လေဆိပ်မှ ခပ်ဝေးဝေး နေကြရန်သတိပေးခဲ့၏။ သို့သော် နိုင်ငံမှ ထွက်ခွာလိုသူတို့အနေနှင့် နောက်ဆုံးရက် နီးလာလေလေ၊ လေဆိပ်မှတစ်ဆင့် ထွက်ခွာရန် အားထုတ်လေလေ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ထိုလူအုပ်ကြီးအကြား အိုင်အက်စ် အသေခံ အကြမ်းဖက်သမားက စိမ့်ဝင်နိုင်ခဲ့ခြင်း ဖြစ်၏။
အသက်ဆုံးခဲ့ရသည့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ယောက်တို့မှာ အသက်၂၀ နှင့် ၃၁ ကြားသာ ရှိကြသေး၏။ တစ်နည်း ပြောရသော် အာဖဂန်သို့ အမေရိကန် ဝင်သိမ်းသည့် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်၊ မျှော်စင် ညီနောင် တိုက်ခိုက်ခံရချိန်နှင့် ပြန်တွက်ပါက အကြီးဆုံးစစ်သည်သည် ၁၁ နှစ်သားသာ ရှိပြီး အငယ်ဆုံးစစ်သည်မှာ အူဝဲငိုသည့် မီးတွင်း၌သာ ရှိပါသေးသည်။ သူတို့တတွေ အာဖဂန်စစ်မြေပြင်သို့ ယမန်နှစ် ဖေဖော်ဝါရီလကမှ ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ ခုတော့ဖြင့် လက်ချိုးရေတွက်ခဲ့ကြမည့် အိမ်ပြန်ရက်များကို အမေရိကန် အလံတော် လွှမ်းထားသည့်အခေါင်းသေတ္တာထဲမှ အလေးပြုခံ ရုပ်ကလာပ်များအဖြစ် အေးစက်စွာ ဌာနေပြန်ကြရပြီ။ ထိုညနေ အိမ်ဖြူတော်မှ သမ္မတဘိုင်ဒင်ကတော့ “ငါတို့ ခွင့်မလွှတ်ဘူး၊ ငါတို့ မမေ့ဘူး၊ ငါတို့ မင်းတို့ကို လိုက်ရှာပြီး ချေမှုန်းပစ်မယ်၊ တန်ရာ တန်ရာ ပြန်ပေးဆပ်ရလိမ့်မယ်” ဟု အိုင်အက်စ် တိုက်ခိုက်သူများကို ပြစ်တင်တုံ့ပြန်ခဲ့ပါသည်။
တာလီဘန်တို့ အာဖဂန်ကို ပြန်လည်မသိမ်းပိုက်မီကပင် အမေရိကန်အရာရှိများ အနေနှင့် ဤအပြောင်းအလဲအတွင်း နှစ်ဖက်လုံးကို ခလောက်ဆန်နိုင်သည့် အိုင်အက်စ်-ကေတို့၏ အနေအထားကို စိုးရိမ်ခဲ့ကြ၏။ အိုင်အက်စ်တို့သည် နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်စေရန်နှင့် သွေးထွက်သံယို မှုများပေါ်ပေါက်စေရန်အတွက် တာလီဘန်နှင့် သဘောထားကွဲနေသည့်အုပ်စုငယ်များကို ပစ်မှတ်ထားသိမ်းသွင်းခြင်း၊ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အကြောက်တရားများ ကျယ်ပြန့်လာစေခြင်း၊ အာဖဂန်အစိုးရအနေနှင့် အခြေအနေအရပ်ရပ်ကို ထိန်းမနိုင်သိမ်းမရဖြစ်နေကြောင်း ပုံဖော်လိုခြင်းစသည့် မျှော်မှန်းချက်များ ရှိနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာများက ဖော်ပြခဲ့ပြီးဖြစ်၏။ “ ဒီနေ့ လေဆိပ်မှာ လုပ်ပြလိုက်တဲ့ ဖောက်ခွဲမှုကတော့ အလွန်မတန်သွေးစွန်းမယ့် အနာဂတ်ဟာ ကျွန်တော်တို့ခေါင်းပေါ် တည့်တည့်ကို ကံဆိုးမိုးမှောင်ကျပြီး ရောက်ရှိနေပြီလို့ ပြလိုက်တာပဲ” ဟု အမည်မဖော်လိုသည့် အာရပ်ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောပါသည်။ တိုက်ခိုက်မှု၏ပစ်မှတ်မှာ တာလီဘန်များသာမက အမေရိကန်တို့ကိုပါ အတွေးအခေါ်ပိုင်း၊ စိတ်ပိုင်းနှင့် ခံစားချက်ပိုင်းအားလုံးဖြိုချရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
■ စကားကြီးသုံးခွန်း (မူဟမ္မဒ်၊ ဂျာဒွန်း၊ ရန်း စတော့ပ်)
နှစ်ဖက်လုံးကို ပျက်စီးစေခဲ့သည့် ဟာမစ်ကာဇိုင်းလေဆိပ်ဖောက်ခွဲမှုနှင့်ပတ်သက်၍ ‘အဘူမူဟမ္မဒ်’ ဟု သူကိုယ်သူ အမည်ဝှက်ပေးထားသူ၏သုံးသပ်ချက်မှာ စိတ်ဝင်စားဖွယ်၊ စဉ်းစားဖွယ်ဖြစ်နေသည်။
“ ဒီနေ့ ကဘူးလေဆိပ်ကကိစ္စဟာ တာလီဘန်တွေရဲ့ အနေအထားကို ကိုင်လှုပ်လိုက်တာပဲ။ ဒါပေမဲ့ သူတို့ဟာ စစ်မျက်နှာ နှစ်ခုကို တစ်ပြိုင်နက်ဖွင့်လို့မရဘူးဆိုတာ သိနေတယ်” ။ အိုင်အက်စ် - ကေတို့သည် တာလီဘန်တို့နှင့် အမေရိကန်အကြားစစ်ရေး၊ အုပ်ချုပ်ရေးစသည့် မည်သည့်အပေးအယူ ဆွေးနွေးမှုမျိုးမျှ ပူးပေါင်းလုပ်ဆောင်သည်ကို မမြင်လိုဘဲ “ ဒီနေ့လုပ်ပြလိုက်ပုံက အာဖဂန်နစ္စတန်က ထွက်သွားချင်တဲ့လူတွေရယ်၊ အနောက်နိုင်ငံမှာ အခြေချချင်သူတွေရယ်ကို အပြစ်ပေးလိုက်တာပဲ” ဟု သူက ပြောသည်။
“ တာလီဘန်တွေဟာ အိုင်အက်စ်တွေနဲ့ ယုံကြည်မှုရယူပြီးရာထူးပေး၊ သူ့အစိုးရထဲ ထည့်ချင်ပေမဲ့ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ ဒီတော့မဆုံးတဲ့စစ်ပွဲနွှဲဖို့သာ ပြင်ထားကြပေတော့” ဟု မူဟမ္မဒ်က ဆိုပါသည်။
အမေရိကန် စစ်ဘက်လေ့လာရေး ပညာရှင်အမ်မီရာဂျာဒွန်းက အိုင်အက်စ် - ကေ တို့၏ နှစ်အလိုက် တိုက်ခိုက်မှုများကို ၂၀၁၇ တွင် အကြိမ် ၁၀၀၊ ၂၀၁၈ တွင် ၈၄ ကြိမ်နှင့် ယခုနှစ် ပထမသုံးလပတ်အတွင်း တိုက်ခိုက်မှု ၄၇ ကြိမ်ရှိကြောင်း နှိုင်းယှဉ်ပြခဲ့သည်။ အာဖဂန်နစ္စတန်၏ ‘ဗေထိဆိုကွဲမည့်’ ယခုအခြေအနေကအိုင်အက်စ် - ကေ တို့အတွက် လိုသလို လုပ်ခွင့်ရနေကြောင်း ထောက်ပြခဲ့၏။
“ အခုတော့ မျက်ဝါးထင်ထင်မြင်ရပြီလေ။ အိုင်အက်စ် - ကေရဲ့အဓိကပန်းတိုင်က နိုင်ငံရေးအရ အပြောင်းအလဲမှာ တိုင်းပြည် မတည်ငြိမ်အောင် မွှေဖို့၊ အာဖဂန်အစိုးရဖြစ် လာမယ့် တာလီဘန်တွေအပေါ် ယုံကြည်မှု ပျက်ပြယ်သွားစေဖို့ပဲ” ဟု ဂျာဒွန်းက ပြောသည်။
အိုင်အက်စ် - ကေတို့အနေနှင့် အရပ်သားတို့အပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာရန် သေချာသလောက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် အမေရိကန် ပြည်ထောင်စု၊ အာဖဂန်လုံခြုံရေး တပ်ဖွဲ့များ၏ ကူညီပံ့ပိုးမှုမပါဘဲ တာလီဘန်တို့က အိုင်အက်စ် - ကေတို့ကို မည်သို့တားဆီးမည်ကို ဂျာဒွန်းက မေးခွန်းထုတ်ခဲ့သည်။
ဤတိုက်ခိုက်မှုမဖြစ်မီကပင် အမေရိကန်ပြည်ထောင်စုသည် တာလီဘန်တို့ထံ ထောက်လှမ်းရေးသတင်း အရောက်ပို့ခဲ့သော်ငြား တာလီဘန်တို့က အိုင်အက်စ်တို့နှင့် အချင်းများမည့်ကိစ္စမျိုး ရှောင်ရှားလိုသည် ကြောင့်လား မသိ၊ လိုလိုလားလား မရှိခဲ့ပါ။
“ အိုင်အက်စ် - ကေတွေဟာ ခဏခဏ ချေမှုန်းခံနေရတော့ ဖွဲ့စည်းပုံအရ ခေါင်းဆောင်မှုနဲ့ ဗဟိုချုပ်ကိုင်မှုက ဘယ်မှာမှန်း မသိရဘူး။ ဒီတော့တာလီဘန်တွေက ဘယ်သူ့ကိုခေါ်ညှိရမလဲဆိုတာ အခက်တွေ့နေပြီ” ဟုအီးယူမှ အကြံပေးပုဂ္ဂိုလ် မက်ဂနပ်စ်ရန်းစတော့ပ်က ပြောပြသည်။ “အမေရိကန်က အိုင်အက်စ်ကို တိုက်မယ်ဆိုရင်လည်း သူတို့အနေနဲ့ သိပ်တော့ စောဒကတက်မယ့် ပုံမပေါ်ဘူး။ အိုင်အက်စ်နဲ့ ပတ်သက်လာရင် တာလီဘန်အဖြစ်က ‘ဖင်ကြားခဲညပ်’ သလို ဖြစ်နေတာ။”
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
