Top News

တာလီဘန်၏ အာဖဂန်အစိုးရတစ်ကြို
24htopnews | December 25, 2024 1:12 PM CST

၂၀၂၁ သြဂုတ် ၁၅ ရက်က အခုအခံ အတွန်းအလှန်နည်းပါးစွာဖြင့် တာလီဘန်တို့သည် ကဘူးရှိ သမ္မတနန်းတော်ကို သိမ်းပိုက်နိုင်ခဲ့၏။ တစ်တိုင်းပြည်လုံးနီးပါး ထိုးစစ်ဆင်အောင်ပွဲခံခဲ့သည့် အင်အားစုအဖို့ အာဖဂန်နစ္စတန်တည်းဟူသော နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာပြသနိုင်ရန် အလို့ငှာ အစိုးရတစ်ရပ်ကို မလွဲမသွေဖွဲ့စည်းရပါတော့မည်။ ဤတစ်ကြိမ်အစိုးရအဖြစ်အာဏာ ခွဲဝေဖွဲ့စည်းရမည့်ကိစ္စသည် ယခင် ၁၉၉၆ ခုနှစ် တာလီဘန်တို့ အာဏာယူစဉ်ကထက် ပိုမိုနက်ရှိုင်းပါသည်။ နိုင်ငံတော်အကြီးအကဲ ဟူသော ရာထူးကို မည်သူ့ထံ အပ်နှင်းကြမည်နည်း။ တစ်ဖန် အစိုးရတစ်ဖွဲ့လုံးလည်ပတ်နိုင်ရေးအတွက် ထိုရာထူးသို့မဟုတ်အစိုးရအဖွဲ့ အကြီးအကဲရာထူးကို မည်သူက ယူ၍မည်သို့ ဖွဲ့စည်းတာဝန်ခွဲဝေကြမည်နည်း။

တာလီဘန်တို့ နိုင်ငံတော်အာဏာရခဲ့သည့် ၁၉၉၆ ခုနှစ်က အစိုးရကို မည်သို့ဖွဲ့စည်းမည်၊ မည်သူက မည်သို့မည်ပုံ တာဝန်ယူအုပ်ချုပ်သွားမည်ဆိုသည့် ယခုလိုမေးခွန်းမျိုးမရှိခဲ့ဖူးပါ။ ပေါ်ပေါက်လာသည့် အုပ်ချုပ်သူနေရာတွင် ထိုကာလမတိုင်မီ နှစ်နှစ်အကြာကတည်းက တာလီဘန်လှုပ်ရှားမှု၏ခေါင်းကိုင်ဖြစ်သူ မူလာ မိုဟာမက်အိုမာကို အကြီးအကဲအဖြစ် ထီးလိုမင်းလိုလက်ခံလိုက်ရုံဖြင့် အလုပ်ဖြစ်ခဲ့၏။

ထိုအချိန်က ကဘူးသည် ခရုဆံကျွတ် ဘဝမြို့ပျက်ကြီး၊ ဆာလောင်လျက်ကြောက်ရွံ့နေသည့် မြို့သားမြို့သူများ၊ စီးပွားရေးလုပ်ငန်းနတ္ထိ၊ တယ်လီဖုန်းဝေလာဝေး၊ ရှားရှားပါးပါး စီးစရာကားဟူ၍ တစ်ချိန်က အရှေ့ဂျာမနီတွင် လိုင်းဆွဲခဲ့ဖူးသည့် ရုရှားလုပ် ၁၉၇၀ ထုတ် ဘတ်စ်ကားဟောင်းကြီးများသာ ရှိခဲ့၏။ လူထုရေးရာ တရားဥပဒေဟူသမျှမှာလည်း တာလီဘန်တို့ စိတ်ကြိုက်သာ စီရင်ခဲ့၏။

ယနေ့တော့ အခြေအနေတို့ပြောင်းလဲခဲ့ပြီ။၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ မျှော်စင် ညီနောင်တိုက်ခိုက်ခံရမှုအပြီး အမေရိကန် ဦးဆောင်သော မဟာမိတ်တပ်များ အာဖဂန်နစ္စတန်သို့ ဝင်ရောက်ကာ တာလီဘန်တို့ကို မောင်းထုတ်ခဲ့သည်။ ပြောင်းလဲသွားသည့် ပျားပန်းခပ်မျှ ကဘူးမှာ ဦးရေ ငါးသန်းရှိ လူအုပ်ကြီးက နာရီနှင့်အမျှ စီးမျောလှုပ်ရှားနေသလို ကားလမ်းများလည်း ကျပ်ပိတ်တစ်ဆို့နေသည့် မြို့တော်ကြီးဖြစ်လာခဲ့သည်။ နိုင်ငံအနှံ့ ကျန်ဒေသများမှာလည်း ကြီးကြီးမားမား ပြောင်းလဲလာခဲ့၏။ ထိုအခြေအနေများကြောင့် လက်ရှိအာဏာသိမ်းပိုက်ရယူလိုက်သည့် တာလီဘန်တို့၏ နိုင်ငံ့အကြီးအကဲ ဖြစ်လာမည့်သူအတွက် စိန်ခေါ်မှုတို့ ပိုမိုပြင်းထန်သလို၊ ရှုပ်ထွေးမှုများလည်း ကပ်လျက်ပါလာပါလိမ့်မည်။

သို့ဆိုလျှင် လာလတ္တံ့သော တာလီဘန် ခေတ်အာဖဂန်နစ္စတန်ကို မည်သူက အုပ်စိုးမည်နည်း။

 အီမာ’ ဟိုင်ဘာတူလာအခွန်ဒဇာဒါ

ဖြစ်နိုင်ဖွယ်ရာအရှိဆုံး ပုဂ္ဂိုလ်မှာ အသက် ၆၀ အရွယ် တာလီဘန်ထိပ်တန်းခေါင်းဆောင် ဟိုင်ဘာတူလာ အခွန်ဒဇာဒါ ဖြစ်သည်။ အစ္စလာမ္မစ် ဥပဒေရေးရာပညာရှင် ဖြစ်ပြီး ယခင်ခေါင်းဆောင် အက်ခတာ မွန်ဆူးကို ဆက်ခံခဲ့သူဖြစ်သည်။ မွန်ဆူးသည် ၂၀၁၆ ခုနှစ်အတွင်းက အာဖဂန် - ပါကစ္စတန် နယ်စပ်အနီး အမေရိကန် ဒရုန်းလက်ချက်ဖြင့် ကွယ်လွန်သွားခဲ့ရသူဖြစ်၏။

အခွန်ဇာဒါသည် ကန်ဒဟာဒေသပြင်ပ၊ ပန်ဂျဝိုင်ခရိုင်၌ ကြီးပြင်းခဲ့သည်။ အခြားသော တာလီဘန် အဆင့်မြင့်ခေါင်းဆောင်များကဲ့သို့ သူသည် အာဖဂန်နစ္စတန်၏ အင်အားအကြီးဆုံးလူမျိုးစုနှင့် နိုင်ငံကို သမိုင်းစဉ်ဆက် ကြီးစိုးခဲ့သည့် ပက်ရ်ှထန်လူမျိုးတစ်ယောက် ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များအတွင်း အခွန်ဇာဒါသည် ဆိုဗီယက်အုပ်စိုးမှုကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး သူ့ဒေသရှိ ကူညီခဲ့သူများ၊ အိမ်နီးချင်း ဘာသာရေးကျောင်းသားများနှင့် ဗလီဆရာများမှာ နောင်တာဘီဘန်ဖွဲ့စည်းချိန်၌ သန္ဓေကလာပ်စည်းများ ဖြစ်လာခဲ့၏။ သူသည် အာဖဂန်ပြည်တွင်းနှင့် အိမ်နီးချင်း ပါကစ္စတန်ရှိ ဘာသာရေးကျောင်းများတွင် ပညာဆည်းပူးခဲ့ပြီး၊ မူလာအိုမာ၏ဘာသာရေးဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်လျက် ကိုရန်ကျမ်းလာနှင့် လူမှုဘဝ အသုံးချဘာသာရပ်ထူးချွန်သူ (sheikh ul-hadith) ဘဝသို့ တက်လှမ်းလာနိုင်ခဲ့သည်။

လက်ရှိ ဆယ်စုနှစ်အတွင်း အခွန်ဇာဒါသည် တာလီဘန်တို့၏ ထိပ်တန်းတရားသူကြီးဖြစ်လာခဲ့ပြီး၊ အသွားနှစ်ဖက်ပါသော ဓားကို ကိုင်ရဘိသကဲ့သို့ ပိုင်းဖြတ်ဝေခွဲရခက်သည့် ပြဿနာများစွာကို ဖြေရှင်းပေးခဲ့သည်။ သာဓကအားဖြင့် အသေခံတိုက်ပွဲဝင်ခြင်း၏ တရားဥပဒေမူဘောင်နှင့် ဘာသာရေးဆိုင်ရာ ဖြစ်တည်မှု၊ အာဖဂန်နစ္စတန်တွင်အိုင် အက်စ်  (Islamic State) အုပ်စုများကို အခြေချခွင့် ပေးထိုက် မပေးထိုက်ဆိုသည့် ကိစ္စရပ်များ ဖြစ်၏။ သူသည် ဘာသာရေးကျောင်းများ၌ အလွန်မတန်ရှုပ်ထွေးနက်နဲလျက် ဂုဏ်မြင့်သည်ဆိုသော ကိုရန်ကျမ်းလာစာသားများကိုလည်း ပို့ချပေးခဲ့သည်။

သူ၏ ပုဂ္ဂလိကရေးရာခြိုးခြံနေထိုင်တတ်မှု၊ အပေးအယူညိနှိုင်းတတ်သည့်စွမ်းရည်များကြောင့် အခွန်ဇာဒါသည် ၂၀၁၆ ခုနှစ်မှစ၍ ဒါဇင်နှင့်ချီသော လူသိများထင်ရှားသည့် ထိပ်တန်းခေါင်းဆောင်များကြားမှ တာလီဘန်အဆင့်မြင့်ကောင်စီတွင် အုပ်စိုးသူ အီမာ (emir) အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ သူ၏လူမျိုးစုနောက်ခံ၊ ပညာရှင်ဂုဏ်သိက္ခာနှင့် လေးစားလောက်ဖွယ် စာပေကျမ်းဂန် နှံ့စပ်မှုများကလည်း သူ့အတွက် အားသာချက်များဖြစ်ခဲ့၏။ ဝေဖန်သူများ၏အဆိုအရ အခွန်ဇာဒါသည် ထင်ထားသည်ထက်ပင် ပိုမိုလက်တွေ့ကျသူဟု အကဲဖြတ်ကြသည်။ တိုက်ပွဲခေါ်သံ တညံညံပေးနေသည့် တာလီဘန် တိုက်ခိုက်ရေးသမားများနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆွေးနွေးညှိနှိုင်းနိုင်ရေးအတွက် အထပ်ထပ်နှိုးဆော်ခဲ့သလို၊ အာဏာပိုင်များအကြား ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် လုပ်ထုံးလုပ်နည်းများပါ အလုပ်တွင် လာစေရန် နည်းလမ်းရှာစေချင်သူဖြစ်သည်။

တာလီဘန်တို့သည် ဒီမိုကရေစီဆိုသောအရာကို နှစ်ရှည်လများ အလေးမထားခဲ့သည့် အားလျော်စွာ အာဖဂန်နစ္စတန်၏ ၂၀၀၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သမ္မတနိုင်ငံ (Republic) ဆိုသည့်စကားရပ်ကို အာရပ်စော်ဘွား (Emirate) ဆိုသည့်စကားလုံးဖြင့် အစားထိုးကြေညာခဲ့သည်။ ဤအဓိပ္ပာယ်အရ အမြင့်ဆုံးနေရာဖြစ်သော သစ္စာတော်ခံတို့၏ အရှင်သခင် (emir ulmomineen) မှာ အခွန်ဇာဒါပင်ဖြစ်သည်။

သို့သော် တာလီဘန်တို့၏ဖွဲ့စည်းထားပုံမှာ ဖော်ပြခဲ့သလောက် မရှင်းသလို အီမာအနေနှင့်လည်း အင်အားစုအားလုံးက ‘ဗောင်းတော်ညိတ် စိတ်တော်သိမည်’ ဟု မျှော်လင့်၍ မရပါ။ အနောက်ပါကစ္စတန် ဘလူချီစတန်နယ်၊ ကွက်တာမြို့အခြေစိုက် ကွက်တာရှုရာ (Quetta shura) အမည်ရ ခေါင်းဆောင်မှု ကောင်စီတွင် ထိပ်ဆုံးဆင့် တာလီဘန်တို့ရှိ နေကြသည်။ အဆိုပါကောင်စီသည်အာဏာ အထက်ဆုံးဖြစ်ပြီး ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်သမျှ လုပ်ထုံး လုပ်နည်းတည့်မတ်စေရန်၊ အစ္စလာမ် အတွေးအခေါ်နှင့်ညီညွတ်စေရန် အမြင့်မားဆုံး သြဇာလွှမ်းမိုးထားနိုင်သည်။ လူလုံးပြခိုင်းထားသည့် သူတို့၏ ‘ဒုတိယအလွှာ’သည် ကောင်စီက ခွင့်ပြုထားသည့် ကိုယ်ပိုင်မဟာဗျူဟာကိုင်စွဲထားနိုင်ခြင်း၊ ပုံမှန်မဟုတ်သော ကွန်ရက်နှင့် နောက်လိုက်များ မွေးထားခြင်း၊ ပြည်ပအဆက်အသွယ်နှင့် ရည်မှန်းချက်များ ပြဋ္ဌာန်းထားခြင်းတို့ကို တွေ့နိုင်သည်။ သူတို့ထဲက အချို့သည် နိုင်ငံတကာကအသိအမှတ်ပြု ပံ့ပိုးလာအောင် စွမ်းဆောင်နိုင်ကြသလို၊ ကျန်လူများအနေနှင့်လည်း ပြည်သူတို့ကို ထိန်းချုပ်လျက် နေ့စဉ်လူမှုဘဝ အကျင့်စရိုက်များအပေါ် ပုံသွင်းနိုင်စွမ်းရှိကြသည်။ ထိပ်ဆုံးက ခေါင်းဆောင်ကြီးတို့သည် ကောင်စီတွင်အထိုင်ချကာ ကော်မရှင်ပေါင်းများစွာကို ခေါင်းခံလျက်နယ်ပယ် ဌာနန္တရ အသီးသီး၏ မူဝါဒရေးရာများကို ဆုံးဖြတ်ပေးနေကြ၏။

လက်ရှိအခြေအနေအရ အခွန်ဇာဒါတွင် သူ့ကဏ္ဍနှင့်သူ အောင်လံထူနေသော ‘ဒုတိယလူ’ သုံးယောက်ရှိသည်။ ပေါ်ပေါက်လာဖွယ် အစိုးရပုံသဏ္ဌာန်မှာ ထိုပုဂ္ဂိုလ်များထဲမှ တစ်ဦးဦးသည် တာလီဘန်အစိုးရ၏ဝန်ကြီးချုပ် သို့မဟုတ် အလားတူရာထူးကဲ့သို့ နိုင်ငံရေးအင်္ဂါစဉ်ရယူလျက် အခွန်ဇာအနေနှင့် နေ့တဓူဝစီမံအုပ်ချုပ်ရေးမှ ခပ်ခွာခွာနေသွားမည်ဟု ခန့်မှန်းရသည်။ အဝေးထိန်းကောင်စီ၏ လက်အောက်မှ ထိုသုံးယောက်၏ အနေအထားကို အနောက်တိုင်းသားအာဏာပိုင်တစ်ဦးကတော့ ‘ခေါင်းညိတ်ခေါင်းခါ’ ရုပ်ပြမျှသာဟု ဖော်ပြခဲ့၏။

မူလာအဗ္ဗဒူလ်ဂါနီဘာရာဒါ

ထိုသုံးယောက်ထဲ၌ လူသိအများဆုံးမှာ အသက် ၅၀ ကျော်အရွယ်ရှိမူလာအဗ္ဗဒူလ် ဂါနီဘာရာဒါဖြစ်သည်။

ဘာရာဒါသည် တာလီဘန်ကိုမူလတည်ထောင်ခဲ့သည့် ဒါဇင်အနည်းငယ်မှ ကျန်ကောင်းကျန်ရာ ရှင်သန်ဆဲပုဂ္ဂိုလ်ဖြစ်၏။ လက်ရှိအုပ်စုနိုင်ငံရေးရုံး၏ အကြီးအမှူးဖြစ်သည်။ သူ့နာမည်မှာ ‘ညီရင်းအကို’ ဟု အဓိပ္ပာယ်ရပြီး တာလီဘန်၏ ပထမဆုံးခေါင်းဆောင် မူလာအိုမာနှင့် အလွန်နီးစပ်သူဖြစ်၏။ အိုမာကိုယ်တိုင်က လေးစားချစ်ခင်ခြင်းခံရသူဖြစ်၏။ ဘာရာဒါသည် ပါကစ္စတန်တောင်ပိုင်း၊ ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိ၌ ၂၀၁၀ ပြည့်နှစ်တွင် အဖမ်းခံခဲ့ရပြီးနောက် ပါကစ္စတန်ထောင်တွင်း ရှစ်နှစ် အကျဉ်းကျခဲ့၏။ ထို့နောက် တာလီဘန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ဆွေးနွေးသည့်အခါ ပိုမိုချောမွေ့စေရန် ၀ါရှင်တန်၏ တောင်းဆိုချက်အရ ထောင်မှ လွှတ်ပေးခဲ့သည်။ ထိုအချိန်မှစ၍ သူသည်တာလီဘန်တို့၏ သံတမန်ချုပ် ဖြစ်လာခဲ့ပြီး တရုတ်နှင့် ပါကစ္စတန်နိုင်ငံများတွင် ဒေသန္တရအာဏာပိုင်များနှင့် မျက်နှာချင်းဆိုင်အစည်းအဝေးများ တက်ရောက်ခဲ့ရသည်။ အခြားသော အစ္စလာမ္မစ်လှုပ်ရှားမှု ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့သလို သမ္မတထရမ့်နှင့် ဖုန်းလိုင်းပေါ်က စကားပြောခဲ့သူဖြစ်၏။

မူလာမိုဟာမက်ယာကွတ်

ဒုတိယမြောက်အလားအလာရှိသူမှာ မူလာအိုမာ၏သား မူလာမိုဟာမက်ယာကွတ် ဖြစ်သည်။ လက်ရှိတွင်တာလီဘန် ‘စစ်ကော်မရှင်’ ကို တာဝန်ယူထားပြီး တာလီဘန်တို့  အာဏာပြန်လည်ရရှိရေးအတွက် အာဖဂန်အစိုးရကို ခေါင်းခြောက်စေခဲ့သည့် လွတ်မြောက်ရေးဗိသုကာအဖြစ် သူ့ကို ရှုမြင်ကြသည်။

လွန်ခဲ့သည့် ငါးနှစ်၊ သူ့အသက်၂၅ နှစ်ကျော်မှစ၍ ယာကွတ်သည် လှုပ်ရှားမှုတိုင်းတွင် သူ့လက်သူ့ခြေ ဆောင်ရွက်ခဲ့သူဖြစ်၏။ သို့သော် သူသည် မွန်ဆူး၏နောက် တာလီဘန်ခေါင်းဆောင်ဆက်ခံသူအဖြစ် ရွေးချယ်သည့်ပွဲ၌ အခွန်ဒဇာဒါကို ‘အီမာ’ အဖြစ် ထောက်ခံရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းမှာ ယာကွတ်သည် သူ့ကိုယ်သူ မြေပြင်တိုက်ပွဲ အတွေ့အကြုံထပ်မံရယူလိုပြီး သူ့အသက်က သိပ်ငယ်သေးသည်ဟု ခံစားရ၍ဖြစ်သည်။

ဆီရာဂျူဒင်ဟက်ကွာနီ

ဖြစ်နိုင်ခြေအရှိဆုံး တတိယမြောက်လူကိုတော့ အနောက်နိုင်ငံထောက်လှမ်းရေးများက ‘အထူးစိုးရိမ်’ ပါသည်။

ဆီရာဂျူဒင်ဟက်ကွာနီသည် မူဂျာဟီဒင်လှုပ်ရှားမှု၏အထင်ကရ စစ်ခေါင်းဆောင် ဂျလာလူဒင်ဟက်ကွာနီ၏ သားဖြစ်သည်။ စစ်ပြန်တစ်ယောက်ဖြစ်သော ဂျလာလူဒင်သည် ဆိုဗီယက်တပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့စဉ်က ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စိမ့်ဝင်ကာ အားကောင်းလှသည့် တိုက်ခိုက်ရေးအင်အားစုများကို ဖြန့်ကျက်ထားနိုင်ခဲ့သူဖြစ်၏။၂၀၀၁ ခုနှစ်၊ တာလီဘန်တို့ဆုတ်ခွာရချိန်၌ ဟက်ကွာနီကွန်ရက် ပြန်လည်နိုးထလာခဲ့ပြီး ကဘူးနှင့် အခြားဒေသများ၌ ဒါဇင်နှင့်ချီသော သေလောက်အောင်ပြင်းထန်သည့်တိုက်ပွဲများ ပေါ်ထွက်လာခဲ့သည်။ တာလီဘန်တို့အတွက် ဘဏ္ဍာရေးနှင့် စစ်ရေးဆိုင်ရာကြည့်ရှုစောင် မမှုပြုပေးသည့် ဥပဒေလက်တံတို့ ကင်းလွတ်ရာ ပါကစ္စတန်မှ မျိုးနွယ်စုဒေသတစ်လျှောက် အသက် ၄၀ နီးပါးအရွယ် ရောက်ရှိလာခဲ့သော ဟက်ကွာနီသည် အယ်ကေဒါ၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ နိုင်ငံစုံအကြမ်းဖက်အုပ်စုများ၊ ပါကစ္စတန်ထောက်လှမ်းရေးများနှင့်လည်း နီးစပ်သည့် ဆက်ဆံရေးရှိခဲ့သူ ဖြစ်၏။အမေရိကန်ပြည်ထောင်စု FBI ၏ ဖမ်းဆီးရန် အလိုအရှိဆုံး စာရင်း၌ သူ့ကို ‘လက်နက်နှင့် မွေ့လျော်၍အန္တရာယ်ရှိသူ’ အဖြစ် ဖော်ပြထားပြီး လွန်ခဲ့သည့်နှစ်က ထုတ်ဝေခဲ့သည့် နယူးယောက်တိုင်းမ် သတင်းစာတွင် ‘ဤတာလီဘန်ကို ကျွန်ုပ်တို့အလိုရှိသည်’ ဟု အထင်းသား ကြော်ငြာခံခဲ့ရသူဖြစ်၏။

ဇာတ်ပေါင်းခန်းကို မှန်းရသော်

ယခုဖော်ပြခဲ့သော ပုဂ္ဂိုလ်သုံးယောက်လုံးသည် မကြာမီပေါ်ထွက်လာတော့မည့် ကဘူးအာဏာနန်းတော်ထက်၌ မလွဲမသွေ မြင်ရနိုင်ခြေရှိနေသူများဖြစ်ပါ၏။ မှန်းဆရသည်မှာ သုံးယောက်လုံးသည်ပေးသည့် တာဝန်ကို မရွံ့မတွန့် ထမ်းဆောင်မည့်သူများဖြစ်ကာ အခွန်ဇာဒါကလည်း သူတို့နှင့်အတူ အာဏာကို တည်ဆောက်ပါလိမ့်မည်။ သို့တည်းမဟုတ် ဤရဲသုံးဖော်မှာ အစိုးရအဖွဲ့၌ မပါရလျှင်လည်း ဇီဇာကြောင် ပြဿနာရှာမည့်သူများ မဟုတ်ကြပါ။

“ ဆယ်စုနှစ်ချီ စစ်တိုက်ရင်း ရှင်အောင် မွေးလာတဲ့ တကယ့်အတွေ့အကြုံရှိတဲ့လူတွေ။ သူတို့ဖဲချပ် ဘယ်လိုခင်းမယ်ဆိုတာ ဘေးအိမ်က ချောင်းကြည့်လို့မရဘူး” ဟု အမည်မဖော်လိုသည့် အာဖဂန်အရေး လေ့လာသူတစ်ဦး၏ ပြောစကားနှင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပါသည်။  


READ NEXT
Cancel OK