“ယနေ့ လေကားမရောက်ပါသဖြင့် မနက်ဖြန်မှသာ လေဖြည့်ပေးနိုင်ပါမည်” ဟု ရေစကြိုမြို့ အောက်ဆီဂျင်အသင်းတစ်ခုမှ မိတ်ဆွေဖြစ်သူ ရေးသားထားသည့်စာ။ ယခုနောက်ပိုင်း အောက်ဆီဂျင်လိုအပ်သည့် လူနာများပြားလာခြင်းကြောင့် အောက်ဆီဂျင်လုံလောက်အောင် ပေးနိုင်ဖို့အတော်ရုန်းကန်ကြရသည်။ မည်မျှပင် ကြိုးစားစေကာမူ အခြေအနေအရ အောက်ဆီဂျင်က လိုနေဆဲ။
အောက်ဆီဂျင်အတွက် ဇူလိုင်လမရောက်ခင် အချိန်အထိ မပူခဲ့ရ။ ဝယ်ယူလို့ရသည့် အရေအတွက်နှင့် ပြန်လည်ဝေမျှရသည့် အရေအတွက် မျှတသေးသည်။ သို့သော် ဇူလိုင်လရောက်ချိန်တွင် အောင်ဆီဂျင် မလုံလောက်တော့သလို အောက်ဆီဂျင်အိုးလည်း မလုံလောက်တော့ပါ။ အောက်ဆီဂျင်…. အောက်ဆီဂျင် …အောက်ဆီဂျင်ဆိုသည့် ရှာသံများက ပိုကျယ်လာသည်။
“အရင်ကတော့ တစ်ပတ် ၄၀ လီတာအိုး ၅၀ လိုတယ်ဆိုရင် ၄၀ လီတာအိုး ငါးလုံးလောက် ကျန်တာနဲ့ စက်ရုံသွားထည့်တယ်။ ကျွန်တော်တို့က မုံရွာနဲ့ နီးတော့ မုံရွာစက်ရုံ သွားထည့်တာ။ မနက်ကသွား ညနေလောက်ဆို ပြန်ရောက်ပြီ။ သိပ်လည်း မစောင့်ရသလို အိုးပါသမျှ အကုန်ဖြည့်လို့ရတယ်။ အဲဒီတော့တစ်ပတ်နဲ့ တစ်ပတ်က အလျင်မီတယ်။ လောစရာမလိုဘူး” ဟု ရေစကြိုမြို့ အောက်ဆီဂျင်ကူညီရေးအသင်းမှ ကိုဝဏ္ဏအောင်က ပြောကြားသည်။
ယခင်က အရေးကြီးလူနာများအတွက် အောက်ဆီဂျင်ကို ၂၄ နာရီ သွားဖြည့်၍ရသည့် အခြေအနေမှ အာက်ဆီဂျင်ဖြည့်ဖို့ ညအိပ်စောင့်ရသည်အထိ ဖြစ်သွားသည်။ တစ်ခါတလေ တစ်ညအိပ်။ တစ်ခါတလေ နှစ်ညအိပ်စောင့်ရတတ်သည်။ မြို့တိုင်း ဖျားနာသူများပြားနေသည်။ အညာဒေသက မြို့တိုင်း အောက်ဆီဂျင် လိုအပ်နေသည်။
အောက်ဆီဂျင်လိုအပ်ချက် များပြားလာခြင်းက မဖိတ်ခေါ်ဘဲ အတင်းဝင်ရောက်လာသည့် ကိုရိုနာဗိုင်းရပ်စ်။ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကစ၍ မြို့ပေါ်သာမက ကျေးရွာများအထိပါ ဖျားနာသူ အသက်ရှူမဝသူ များပြားလာသည်။ သေချာစစ်ဆေးကြည့်သူများက ကိုဗစ်ပိုးကူးစက်ခံထားရ၊ ဖျားနာမှုကို မစစ်ဆေးနိုင်သည့်သူ အများစုကလည်း အသက်ရှူမဝကြ။ သတိထားမိချိန်မှာ အောက်ဆီဂျင်အိုးရှာသူအောက်ဆီဂျင် လေရှာသူများက ထုနှင့်ဒေး။ စိုးရိမ်စိတ်နှင့် ကြိုတင်ရှာဖွေသူများက အများအပြား။
“ဇူလိုင်လက ကျွန်တော်တို့ဆီ မိုးဆက်တိုက်ရွာတယ်။ ဖျားနာသူလည်း များလာတယ်။ ပထမတော့ ရာသီတုပ်ကွေးထင်ကြတာ။ နောက်စစ်ဆေးတော့မှ ကိုဗစ်ပိုးမှန်း သိကြတာ။ ပိုးကူးခံရတဲ့သူများတော့ အောက်ဆီဂျင်အိုး လာငှားတဲ့သူ လေလာဖြည့်တဲ့သူလည်းများတယ်။ အသင်းမှာရှိတဲ့အိုးကို မလောက်လို့ ထပ်ဝယ်ရတယ်။ အောက်ဆီဂျင်ကလည်း စက်ရုံမှာကို တန်းစီဖြည့်ရတယ်။ အရင်အိုး ၅၀ လောက် ဖြည့်ရတဲ့စက်ရုံက ၁၀ အိုးလောက်ပဲ ရတော့တယ်။ ဒါတောင် ကားကိုတန်းစီ ညအိပ်စောင့်ရတာ” ဟု ကိုဝဏ္ဏအောင်က သူ့အတွေ့အကြုံကို ပြောပြသည် ။
မြို့ပေါ်နှင့် ကျေးရွာများတွင် လူနာတင်ယာဉ် ကူညီရေးတွေရှိသော်လည်း အောက်ဆီဂျင်အသင်းက အနည်းငယ်သာရှိသည်။ အောက်ဆီဂျင်အသင်းများက အများအားဖြင့် ၂၄နာရီ ဝန်ဆောင်မှုပေးရသည်။ မန္တလေးနှင့် မုံရွာမြို့ရှိ အောင်ဆီဂျင်စက်ရုံများတွင် အောက်ဆီဂျင်အိုးများနှင့် လေသွားဖြည့်ပြီး ပြန်လည်မျှဝေပေးရသည်။ ယခင်က လွယ်ကူသလောက် ယခုအတော်ပင်ခက်ခဲသည်။ အောက်ဆီဂျင်ရနိုင်သည့်နေရာ စုံစမ်း၍ သွားနေရသည်။
“မုံရွာစက်ရုံမရရင် မန္တလေး စက်ရုံသွားစောင့်တယ်။ ပေါက်မြို့နယ်ထဲက ကပစ (၂၄) စက်ရုံကလှူတဲ့ အောက်ဆီဂျင်လည်း သွားသယ်ရတယ်။ စက်ရုံတွေ အစုံသွားသယ်မှ အိုး ၂၀ လောက်ရတယ်။ သွားတာနဲ့ အလှည့်ရောက်အောင် စောင့်ရတာနဲ့ဆိုတော့ နေ့တိုင်းမပေးနိုင်ဘူး။ အရင်လို ၂၄ နာရီ နေ့တိုင်းမပေးနိုင်ပေမဲ့ တစ်ရက်ခြားပေးနိုင်အောင် အတော်ကို ကြိုးစားရတယ်” ဟု အောက်ဆီဂျင်ကူညီပေးနေသည့် ကိုထက်ကဆိုသည်။
အောက်ဆီဂျင် မပြတ်ပေးနိုင်ရေး၊ အောက်ဆီဂျင်အိုး လုံလောက်စွာ ငှားရမ်းပေးနိုင်ရေး ကြိုးစားကြရသလို လာဖြည့်သည့် လေအိုးများမှတစ်ဆင့်ပိုး မကူးစက်ခံရရေးလည်း ဂရုစိုက်ရသေးသည်။ လာဖြည့်သည့်လေအိုးအများစုက နာမကျန်းသူများ အသုံးပြုထားသည့် လေအိုးများဆိုတော့ ဂရုစိုက်နိုင်မှ ပိုးကူးစက်ခံရမှု နည်းမည်။
“လေလာဖြည့်တဲ့ အိုးတွေကို ပိုးသတ်ဆေးနဲ့ သေချာဖြန်းပြီးမှ လေဖြည့်ပေးရတယ်။ လေလာဖြည့်ရင်း လူစုစုမဖြစ်အောင်လည်း သတိပေးရတယ်။ လေအိုးကရော လေလာဖြည့်တဲ့သူတွေဆီကရော ကူးနိုင်တယ်လေ။ အသင်းသားတွေကိုလည်း တစ်ပတ်တစ်ခါလောက် ဆေးစစ်ရတယ်” ပခုက္ကူမြို့တွင် အောက်ဆီဂျင်ကူညီရေး ပါဝင်လုပ်ဆောင်နေသူ ကိုထက်က ပြောပြသည်။
အောက်ဆီဂျင်ကူညီရေး လုပ်ဆောင်သူများနှင့် အောက်ဆီဂျင် လိုအပ်သူများကြုံတွေ့ရသည့် ပြဿနာက “လေ” ရရှိရေးတစ်ခုမက လေအိုးရရှိရေးလည်း ခက်ခဲသည်။ ယခင်တစ်အိုး ရှစ်သောင်းကျပ်ခန့်သာရှိသည့် ၁၀ လီတာအိုးက ကျပ်နှစ်သိန်းမှ သုံးသိန်း၊ ယခင်သုံးသောင်းကျပ်ခန့်သာရှိသည့် Flow Meter က တစ်ခုတစ်သိန်း။ တောမီးလောင် တောကြောင်လက်ခ မောင်းခတ်ဆိုသလို ဒုက္ခပင်လယ်ဝေတွေသူကြား စီးပွားရှာသူတွေက မတော်လောဘဖြင့် ကြံကြသေးသည်။ ကပ်ဆိုးကို ရင်ဆိုင်ဖို့ မတရားစျေးဆိုလည်း ဝယ်ကြရသည်။
ပခုက္ကူ၊ ရေစကြိုနှင့် မြိုင်မြို့များက အောက်ဆီဂျင်အသင်းများက ယနေ့တိုင် အောက်ဆီဂျင် လုံလောက်ရေး ကြိုးစားနေရဆဲဖြစ်သည်။ တချို့လည်း မြို့နယ်ပိုင်စက်ရုံများ ဖြစ်မြောက်ရေး ကြိုးစားဆဲဖြစ်သည်။ တချို့လည်း ရပ်ရွာလူထုအားဖြင့် ဖြစ်မြောက်သွားပြီဖြစ်သည်။ ကိုယ်ပိုင်အောက်ဆီဂျင်စက် တည်ဆောက်ပြီးဖြစ်သည့် မြို့များကတော့ လိုအပ်ချက်လျော့သွားပြီ ဖြစ်သည်။ ကိုယ်ပိုင်အောက်ဆီဂျင်စက်မရရှိသေးသည့် မြို့နယ်များက ကြိုးစားဆဲရုန်းကန်ရဆဲပါ။
ကပ်ဆိုးများနှင့် ကြုံတွေ့တိုင်း လူထု၏ ပူးပေါင်းပါဝင်မှု လွန်စွာအရေးပါသည်။ ကျွန်တော်နေထိုင်သည့် ပခုက္ကူမြို့တွင် လူထုထံမှ လူထုဆီသို့ အစီအစဉ်ဖြင့် အောက်ဆီဂျင်ဂျင်ထုတ်လုပ်သည့်စက် ဝယ်ယူရေးကြိုးစားခဲ့သည်။ ဦးဆောင် ဆရာတော် ဦးဆန္ဒောဘာသ၏ ကြိုးစားအားထုတ်မှုနှင့် ဒကာဒါယိကာများ လှူဒါန်းမှုတို့ကြောင့် အောက်ဆီဂျင်စက် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့သည်။ ယခုဆိုလျှင် ပခုက္ကူမြို့အတွက်သာမကအနီးနားကျေးရွာများအထိပါ လှူဒါန်းပေးနေပြီဖြစ်သည် ။
“လေ” လိုသူတို့လေကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ကြပြီဖြစ်သလို “လေ” လိုနေသူများလည်း လေကိုကြိုးစား ရှာဖွေနေရဦးမည်ကတော့ အသေအချာပင်ဖြစ်ပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
