တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသအကျိုးတူပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရုတ်-မြန်မာ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအတူတည်ဆောက်မှုကို ကူညီတွန်းအားပေးရန် ရည်မှန်းချက်ဖြင့် ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၆ ရက်တွင် အွန်လိုင်းနှင့်အော့ဖ်လိုင်း တစ်ချိန်တည်းကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံ ထုတ်ပြန်သည်။
တရုတ်သံရုံးထုတ်ပြန်ချက်တွင် တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြို့ကော်မတီ အတွင်းရေးမှူး Mr. Yang Haodong က မြန်မာနိုင်ငံ၏ထောက်ခံအားပေးမှုနှင့် နှစ်နိုင်ငံအတူတကွကြိုးပမ်းမှုအောက်တွင် ယနေ့၌ “တရုတ်ယူနန်-မြန်မာ ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်” ကို ပထမအကြိမ် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်း၊ ပထမဆုံးအသုတ်ဖြစ်သည့် တတိယနိုင်ငံမှ ကုန်ပစ္စည်းကွန်တိန်နာများသည် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ချင်းရွှေဟော်နယ်စပ်ဂိတ်သို့ရောက်ရှိပြီး တရုတ်နိုင်ငံသို့ ပြည်ဝင်ကာ နောက်သုံးရက်အကြာ၌ နောက်ဆုံးခရီးပန်းတိုင်ဖြစ်သည့် တရုတ်နိုင်ငံချန်တူးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Xi Jinping ကမကြာသေးမီကပင် နယ်စပ်ဒေသဖြစ်သည့် လင်ချန်းမြို့သို့ စာပြန်ကာ လင်ချန်းမြို့အတွက် မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းပေးလာသည့် အရေးပါသမိုင်းဝင်အချိန်အခါတွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် အောင်မြင်စွာ စမ်းသပ်ဖွင့်လှစ်နိုင်ခြင်းသည် တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေး ဆက်ဆံမှုကို ခိုင်မာစေသည့် အရေးကြီးထိုးဖောက်မှုဖြစ်ကြောင်း၊ တရုတ်-မြန်မာ (လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲသည် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံမြှင့်တင်ပြီး နှစ်နိုင်ငံ ကုမ္ပဏီနှင့်ပြည်သူများ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံမှုကို နီးစပ်လာစေမည်ဟု ယုံကြည်ပါကြောင်း၊ လင်ချန်းသည်လည်း “Belt and Road” နှင့် “Economic Pivot” တည်ဆောက်မှုကို ဆက်လက်တာဝန်ယူပြီး မြန်မာနိုင်ငံအပေါ် တံခါးဖွင့်လှစ်မှုနှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွဖော်ဆောင်ပြီး “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး သံယောဇဉ် စာမျက်နှာအသစ်ကို အတူရေးဆွဲသွားလိုကြောင်း ပြောကြားခဲ့သည်။
ထိုအကြောင်းအရာက မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အခွန်အခအများဆုံး ရှာဖွေပေးနေသော အရှေ့မြောက်တံခါး မူဆယ်မြို့ကို ခေါင်းလောင်းထိုးသံ ပေးလိုက်ခြင်းပင်။
မူဆယ်မြို့သည် တရုတ်မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့၊ ရွှေလီမြို့၊ ဝမ်တိန် တို့နှင့် စီးပွားကူးသန်းရောင်းဝယ်မှုနှင့်အတူ နှစ်နိုင်ငံလုပ်ငန်းရှင်နှင့် အလုပ်သမားများအတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးပြုနေသော ရပ်ဝန်းဖြစ်ခဲ့သည့် အရှေ့မြောက်တံခါးတစ်ချပ်ဖြစ်သည်။
မူဆယ်မြို့သည် စျေးသည်၊ ကုန်သည်များနှင့် နေ့နံသင့်ခဲ့သည် မှာ မြို့စတင်တည်ထောင်ကတည်း ကပင်ဖြစ်သည်။ ထိုနေ့နံသင့်ခဲ့သော နေ့ရက်များ တဖြည်းကုန်ဆုံးစေခဲ့သော အဖြစ်အပျက်က မျက်လှည့်ပြသလို နေ့ချင်းညချင်းဖြစ်ပေါ်ခဲ့ရသော အကြောင်းရင်းက ၂၀၂၀ ပြည့်နှစ် မတ်လအစောပိုင်းမှစတင် နှစ်နိုင်ငံနယ်စပ်အနီး COVID-19 ကပ်ရောဂါကို ပထမဦးဆုံး ကူးဆက်မှုခံရစဉ်မှစတင်ခဲ့သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို့၊ရွှေလီမြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့တို့တွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် Coronavirus Disease 2019 (COVID-19) လူနာကို ပထမဦးဆုံးတွေ့ရှိရပြီးနောက်ပိုင်း တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့် လေ့လာခဲ့ပြီး နောက်ပိုင်း တရုတ်အစိုးရက COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မူဝါဒများချမှတ်ကာ တရုတ်နိုင်ငံဘက်အခြမ်း၌ မြို့လုံးကျွတ် Lockdown များပြုလုပ်ခဲ့သည်။
ထို့ပြင် ၂၀၂၀ ခုနှစ် ဇွန် ၈ ရက်မှစတင်၍ နှစ်နိုင်ငံ အပြန်အလှန် အကျိုးပြုနေသော ရပ်ဝန်းတွင် နေထိုင်နေသော ပြည်သူလူထုများနှင့် ကုန်အဝင်အထွက်ပြုလုပ်ရာ နန်းတော်စစ်ဆေးရေးဂိတ်ပေါက်နှင့် ဆင်ဖြူစစ်ဆေးရေးဂိတ်ပေါက်တို့ကို တရုတ်ဘက်က စတင်ပိတ်ခဲ့သည်။
ထိုပိတ်ခဲ့သော ဂယက်က နှစ်နိုင်ငံ အကျိုးပြုရပ်ဝန်း နယ်စပ်ဒေသအတွင်း နေထိုင်လုပ်ကိုင်နေရသော ပြည်သူလူထုနှစ်ရပ်စလုံးအတွက် သာမက သက်ဆိုင်ရာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဆုတ်ယုတ်စေခဲ့ရသည်။
၂၀၂၀ ခုနှစ် ဧပြီလဆန်းမှ စတင်၍ မူဆယ်နယ်စပ်ဂိတ်အားလုံးပိတ်ခဲ့ပြီး ကျင်ဆန်းကျော့ဂိတ်အား ပြန်လည်ဖွင့်ပေးခဲ့ကာ နှစ်နိုင်ငံနယ်စပ် COVID-19 ရောဂါကူဆက်မှု ပြန်လည်မြင့်မားလာသည့်အတွက် နယ်စပ်ဂိတ်များကို ပြန်လည်ပိတ်ထားခဲ့ပြီး ဆေးနှင့်ဆေးဝါး COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများမှအပ ကျန်ကုန်စည်များ ကုန်သွယ်မှုရပ်ဆိုင်းခဲ့ရသည်။
စီးပွားကူးသန်းက ထုတ်ပြန်သော စာရင်းများအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အစ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် သြဂုတ် ၁၃ ရက်အထိ ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၅ ဒသမ ၇၂၅ ဘီလျံသာရှိသည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၄၆၅ ဘီလျံအထိ ရှိခဲ့သည်။
လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆ ဒသမ ၇၄၀ ဘီလျံအထိလျော့ကျခဲ့ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၂၆ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၈၄၃ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၇၂၁ ဘီလျံလျော့ကျခဲ့သည်။
ပြည်ပနိုင်ငံများမှ သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၈၈၁ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် သွင်းကုန်တင်သွင်းမှု ဒေါ်လာလေးဘီလျံကျော် လျော့ကျခဲ့သည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဒေါ်လာ ၅ ဒသမ ၈ ဘီလျံကျော် လျော့ကျခဲ့သည်။
နယ်စပ်ကုန်သွယ်မှုတွင်လည်း ဒေါ်လာ ၈ ဒသမ ၇ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကလာတူထက် နယ်စပ်ကုန်သွယ်မှု ဒေါ်လာသန်း ၈၈၀ ကျော်လျော့ကျခဲ့သည်။
ထိုသို့ နယ်စပ်ကုန်သွယ်မှုများ လျော့ကျရခြင်းမှာ လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေ၊ COVID-19 တစ်ကျော့ပြန် ကူးစက်မှုတွင် ကျန်းမာရေး စောင့်ရှောက်နိုင်မှုအခြေအနေ၊ စီးပွားကူးသန်းနိုင်မှုအခြအနေများက အရှေ့မြောက်တံခါးမြို့တော်ဖြစ်သည့် မူဆယ်မြို့ကို အလှည့်အပြောင်းဖြစ်စေခဲ့သည်။
ယခုအခါ မူဆယ်မြို့တွင် COVID-19 ကပ်ရောဂါ တတိယလှိုင်းကို ဇွန် ၂၆ ရက်မှစတင်ခံစားလာခဲ့ရာ သြဂုတ် ၂၆ ရက်အထိ ပိုးတွေ့လူနာ ၁၆၃၃ ဦး ကူးစက်ခံရပြီး ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သူ ၁၄၆၂ ဦးရှိကာ ကုသဆဲ ၁၁၂ ဦးကို ကုသလျက်ရှိပြီး သေဆုံးသူ ၅၉ ဦးအထိ ရှိပြီဖြစ်သည်။
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှု ပုံမှန်ပြန်ဖြစ်လာစေရန် ရည်ရွယ်၍ အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် သစ်သီးရောင်းဝယ်ရေးကွင်း၌ ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနှင့် Quarantine Center တည်ဆောက်နေကြောင်း သိရသည်။
“ဆောက်နေပြီ။ အရှေ့မြောက် တံခါးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် သစ်သီးရောင်းကွင်းမှာ ရည်ရွယ်တာကတော့ နှစ်နိုင်ငံ COVID-19 ကင်းစင်ရင် ထိန်းချုပ်နိုင်ရင် ပုံမှန်ကုန်သွယ်မှု လုပ်နိုင်မှာပဲ။ အဲဒါပြီးသွားရင် ကုန်ကားသမားနဲ့ ယာဉ်နောက်လိုက်တွေကို စစ်မယ်။ COVID-19 Positive အဖြေထွက်တဲ့သူကို ဆေးရုံတင်မယ်။ Negative အဖြေထွက်ရင် ကာကွယ်ဆေး ထိုးပေးမယ်။ နောက်ပြီးတော့ ရှိန်တိန်နဲ့ပဲ မောင်းသွားမှာပါ” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ဆိုသည်။
သြဂုတ် ၁၆ ရက်မှ စတင်ကာ အဆောင်တစ်ဆောင်လျှင် ခုတင် ၂၅၀ ဆံ့ဖြင့် အဆောင်လေးဆောင်ကို တရုတ်နည်းပညာ အထောက်အပံ့ပစ္စည်းများနှင့် ဆောက်လုပ်နေပြီး တရုတ်မြန်မာ နယ်စပ် COVID-19 ကင်းစင်နယ်မြေဖြစ်ပေါ်လာစေရန်နှင့် နယ်စပ်ကူးသန်းရောင်းဝယ်ရေး ပုံမှန်ပြန်ဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်နေရာ ယခုအခါ လုပ်ငန်းခွင် ၈၀ ရာခိုင်နှုန်းပြီးမြောက်နေပြီဖြစ်ရာ ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်အဝင် တိုးဂိတ်နှင့် ဇုန်အတွင်းတို့တွင် COVID-19 စစ်ဆေးရေးဂိတ်များထားရှိကာ လုပ်ဆောင်သွားမည်ဟု သိရသည်။
သို့ရာတွင် အဆိုပါ ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနှင့် Quarantine တည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေ သိန်းတစ်ထောင်ကျော်ခန့်မှန်ထားကာ ဆရာဝန်နှစ်ဦး၊ ဆရာမ ၁၀ ဦးခန့် ထားရှိရန်လျာထားသော်လည်း ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုရှိကြောင်း သိရသည်။
“ဒီမှာ ဆရာဝန်နှစ်ဦး၊ ဆရာမ ၁၀ ဦးခန့် ထားရှိရန် လျာထားတယ်။ သို့သော်အစည်းအဝေးမှာ မူဆယ်မြို့နယ်ဆေးရုံအုပ်ကြီးက ပြောပြတာက မူဆယ်ဆေးရုံမှာ ကျန်မာရေးဝန်ထမ်း အင်အားနည်းတဲ့အတွက် လျာထားတဲ့ ကျန်းမာရေဝန်ထမ်းတော့ မရနိုင်ပေမဲ့ သူဆီမှာရှိတဲ့ ဆရာဝန်တစ်ဦးနဲ့ ဆရာမငါးဦးလောက်တော့ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ကူညီလုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ပြောတယ်။ အခု ဆောက်နေတာကလည်း စေတနာရှင် အလှူရှင်တချို့ရဲ့ ပါဝင်လှူဒါန်းမှုနဲ့လုပ်နေတာ။ အခုတော့မူဆယ်မှာရော ၁၀၅ မိုင်မှာပါ COVID-19 ကပ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှုက သိသိသာသာလျော့ကျနေပါပြီ။ ဒါကလည်း COVID-19 စည်းကမ်းကို ပြည်သူတွေ ကျန်းမာရေးအသိနဲ့နေထိုင်ခဲ့လို့ဖြစ်ပါတယ်” ဟု ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးကျော်သန်းကပြောကြားသည်။
ထိုသို့ မူဆယ်မြို့နှင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ပြန်လည်လည်ပတ်နိုင်ရေးအတွက် ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနှင့် Quarantine Center တွင် ကျန်းမာရေး စောင့်ရှောက်ကုသရေးအပိုင်း နှင့်ပတ်သက်၍ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးဦးစီးကာ ဆရာဝန်၊ သူနာပြုများ၊ ၁၀၅ မိုင် ကြက်ခြေနီအသင်း၊အရပ်ဘက် လူမှုကူညီရေးအသင်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပါဝင်ကူညီလုပ်ဆောင်ပေးမည်ဟုသိရပြီး ဆေးဝါးနှင့် အစားအသောက်များကို တရုတ် မြန်မာ စီးပွားရေးလုပ်ငန်းရှင်နှင့် အလှူရှင်များက ကူညီထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း မူဆယ်မြို့နယ် COVID-19 ကာကွယ် တာဆီးထိန်းချုပ် ကုသရေးကော်မတီမှသိရသည်။
ထိုအထဲတွင် COVID-19 ကပ်ရောဂါကပေးသော အကျပ်အတည်းကို မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ဘဝများ ခါးသီးကျပ်တည်းစွာခံစားခဲ့ရသည်။ ထိုမြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်၍ တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်ရှိ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့၊ ရွှေလီမြို့တို့တွင် အလုပ်လုပ်ကိုင်ပြီး တရုတ်နိုင်ငံ၏ ကုန်ထုတ်စွမ်းအားကို တိုးစေကာ ၎င်းတို့၏ရရှိသည့် လစာကို မိမိ မိသားစုထံသို့ ပြန်လည်လွှဲပြောင်းကြသောကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးပြုနေသော ရပ်ဝန်း၌ နေထိုင်လုပ်ကိုင်နေကြသူများ ဖြစ်သည်။
တရုတ်နိုင်ငံက ရွှေလီ၊ ကျယ်ဂေါင်မြို့များကို COVID-19 ကပ်ရောဂါ အဝါရောင်အဆင့် သတ်မှတ်ကာ Lockdown ပြုလုပ်စဉ်အတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသားများအား မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ရှိ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် နန်းတော်ဂိတ်မှတစ်ဆင့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၀ ရက်အထိ ထွက်ခွင့်ပြုခဲ့ပြီး ပြန်လည်ပိတ်ထားရာမှ သြဂုတ် ၁၆ ရက် တစ်ရက်သာ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ဧပြီမှ စတင်ကာ တစ်ကျော့ပြန် COVID-19 ကပ်ရောဂါပိုး တွေ့ရှိမှုအတွင်း တရုတ်အစိုးရက ကျယ်ဂေါင် ရွှေလီရှိစက်ရုံ အလုပ်ရုံများစျေးများ ပိတ်ခိုင်းခဲ့ပြီး Lockdown ချထားစဉ်၌ သွားလာရေးခက်ခဲပြီး အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးခက်ခဲမှုကြောင့် အမိမြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြသူများ ဖြစ်သည်။
မြန်မာနိုင်ငံ မူဆယ်ခရိုင် နယ်နိမိတ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်နေသော ဒေသအတွင်း နှစ်နိုင်ငံ နယ်စပ်ဂိတ် ခုနစ်ဂိတ်ရှိကာ အဆိုပါနှစ်နိုင်ငံ နယ်စပ်ဂိတ်များကို တရုတ်အစိုးရက COVID-19 ရောဂါ အကြောင်းပြကာ ၂၀၂၀ ခုနှစ် ဇွန်လိုင်လဆန်းပိုင်းကပင် ပိတ်ထားခဲ့မှုကြောင့် မြန်မာနိုင်ငံသားများ အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နှစ်ဖက်စလုံး၌ တစ်ကျော့ပြန် COVID-19 ကပ်ရောဂါပိုး တွေ့ရှိမှု မြင့်မားလာသည်နှင့်အမျှ တရုတ်နိုင်ငံ ရွှေလီမြို့၊ ကျယ်ဂေါင်မြို့တို့၌ သွားရောက်လုပ်ကိုင်ရှာဖွေ စားသောက်နေရသူများ အခက်အခဲမျိုးစုံဖြင့်ဘဝကို ဖြတ်သန်းနေရပြီး ၎င်းမြန်မာနိုင်ငံသားများထဲမှ မြန်မာနိုင်ငံတွင်းသို့ မိမိဆန္ဒအလျေက် ပြန်လာချင်သူများအား တရုတ်နိုင်ငံ ရွှေလီ၊ ကျယ်ဂေါင် တာဝန်ရှိသူများက COVID-19 Lockdown ကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသား ၄၄ ဦးအား တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဇွန် ၁၅ ရက် ညနေက ပြန်လွှတ်ခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားက အခက်အခဲမျိုးစုံဖြစ်နေမှုကို မူဆယ် ရွှေလီ၊ ကျယ်ဂေါင်တို့ရှိ လူမှုရေးအသင်းအဖွဲ့များထံ အကူအညီတောင်းခံလာမှုကြောင့် ၎င်းအဖွဲ့အစည်းများက မူဆယ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံတင်ပြရာမှ သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်၍ အခက်အခဲအကျပ်အတည်း တွေ့ကြုံခံစားနေရသော သောင်းချီသော မြန်မာနိုင်ငံသားများ ဂုဏ်သိက္ခာရှိရှိ နှစ်နိုင်ငံ တရားဝင်ထွက်ပေါက်မှ ပြန်လည်ထွက်ခွာလာနိုင်ရန် စီစဉ်ခဲ့ရာ ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်က စတင်ထွက်ခွာခွင့်ရခဲ့ပြီး သြဂုတ် ၂၆ ရက်အထိ အမျိုးသား ၃၆၃၀ ဦး၊ အမျိုးသမီး ၃၂၆၀ ဦး၊ စုစုပေါင်း ၆၈၉၀ ဦး အမိမြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသားများကို မူဆယ်မြို့ရှိ ပြည်တော်ပြန်လက်ခံရေးကော်မတီက စနစ်တကျ လက်ခံဆောင်ရွက်ပေးခဲ့ပြီး မူဆယ်မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် သယ်ယူပို့ဆောင်ရေးကော်မတီတို့က ၎င်းတို့၏နေရပ်သီးသီးသို့ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန် အလုပ်စက်ရုံ စျေးဆိုင်ခန်းအချို့ပိတ်သိမ်းထားခြင်းကြောင့် အလုပ်လက်မဲ့ဦးရေ များပြားလာကာ အချို့မှာ အိမ်လခပေးနေစရာမရှိ၍ လမ်းဘေးအခြေချနေထိုင်မှုများနှင့် နီးစပ်ရာ မြေကွက်လပ်လွတ်များတွင် နေထိုင်မှုများရှိလာပြီး ကျန်မာရေး၊ စားဝတ်နေရေးခက်ခဲမှုများနှင့် ခိုးဆိုးလုယက်သူများ၏ ဒုက္ခပေးခြင်းများလည်း ခံစားကြုံတွေ့နေရသောကြောင့် တပိုင်တနိုင် လူသားချင်းစာနာထောက်ထား မှုအကူအညီများ ပေးအပ်နေရကြောင်း မူဆယ်မြို့နယ်ကြက်ခြေနီ အသင်းနှင့် ပရဟိတအသင်းအဖွဲ့များထံက သိရသည်။
ထိုသို့ မူဆယ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်လာစေရန် နယ်မြေအေးချမ်းရေးကလည်း အဓိကလိုအပ်နေရာ ပါဝင်နေရာ နှစ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်းအနီး မုံးကိုးမြို့နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့ကြားတွင် သြဂုတ် ၄ ရက်မှစတင်ကာ မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ရွာခုနစ်ရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၂၃၀၊ ခါ့လျန်ရွာမှ အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ၂၈၀ နှင့် ဝမ်တိန်ချောင်းစပ်အနီး တဲထိုးခိုလှုံနေရသူ စုစုပေါင်းအိမ်ခြေ ၉၉ အိမ်၊ လူဦးရေ ၅၁၀ ဦး ရှိလာကာ ၎င်းစစ်ဘေးရှောင်များနေထိုင်ရာ တရုတ်နိုင်ငံ ဝမ်တိမ်မြို့နှင့် ကြူကုတ်ပန်ဆိုင်းကြားရှိ ဝမ်တိန်ချောင်း ရေကြီးလာမှုကြောင့် ရေဘေးဖြင့်ပါ ထပ်မံကြုံတွေ့နေကြရပြီး မိသားစုခုနစ်စုခန့် ခိုလှုံဖို့နေရာ ခက်ခဲနေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွား ဘေးကင်းလုံခြုံ မြင့်မာလာစေရန် ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းစေရန် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အစုအဖွဲ့များက နိုင်ငံသူနိုင်ငံသားများ၏ လူသားများအပေါ် စေတနာရှိရှိ ၀ိုင်းဝန်းလုပ်ဆောင်မှာသာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေ၊ ကျန်းမာရေးအခြေအနေ၊ လူမှုစီးပွားအခြေအနေတို့ကို ပြန်လည်မြင့်မား၍ ငြိမ်းချမ်းသာယာသော လူမှုဝန်းကျင်ကို ဖော်ဆောင်ကြရမည်ဖြစ်ပါသည်။
ထိုအကြောင်းအရာက မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အခွန်အခအများဆုံး ရှာဖွေပေးနေသော အရှေ့မြောက်တံခါး မူဆယ်မြို့ကို ခေါင်းလောင်းထိုးသံပေးလိုက်ခြင်းပင်ဖြစ်ပြီး အရှေ့မြောက်တံခါး၏ ပဲ့တင်သံများဖြစ်ပါတော့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
