မခိုင်အေးသန်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွာတစ်လှည့်သာတစ်လှည့် ဖြစ်နေသည့် ရာသီဥတုအပူချိန်ကို အန်တုပြီး ရိက္ခာထုတ်ခွင့်ကတ်ကို လက်တွင်ကျစ်ကျစ်ပါအောင်ဆုပ်ကာ ရိက္ခာများပေးဝေရာ နေရာသို့တစ်ယောက်တည်း ခြေကျင်လျှောက်လာခဲ့သည်။
ကိုဗစ်ကာလစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ (စစ်တွေ) ပရဟိတအဖွဲ့က ဆင်းရဲနွမ်းပါးပြည်သူများအား ထောက်ပံ့သည့်ရိက္ခာကို စက်ရုံစုရပ်ကွက်နေ မခိုင်အေးသန်းအပြင် ထောင်နှင့်ချီသော စစ်တွေမြို့ပေါ် ရပ်ကွက်များမှ အလုပ်လက်မဲ့များ၊ အဝတ်လျှော်ပြီး ဝမ်းကျောင်းနေရသူများ၊ ပလတ်စတစ်ဘူးခွံ ကောက်၍ရောင်းချနေကြရသူများ၊ ကျူးကျော်ရပ်ကွက်တွင် တဲထိုးနေထိုင်နေကြသူများသည် စစ်တွေမြို့စက်ရုံစု ရပ်ကွက်ဓမ္မာရုံသို့ လာရောက်ထုတ်ယူနေကြခြင်း ဖြစ်သည်။
“ကျွန်မမှာ ကလေးငါးယောက်နဲ့ဆိုရင် မိသားစုခုနစ်ယောက်ရှိပါတယ်။ ကျွန်မက ကြုံရာကျပန်း အလုပ်လုပ်ပါတယ်။ အထူးသဖြင့် လူနေအိမ်တွေမှာသွားပြီး အဝတ်လျှော်ပါတယ်။ အခုကိုဗစ်ကာလမှာ အဝတ်လျှော်တဲ့အလုပ်ကလည်း မလုပ်ရပါဘူး။ ကျွန်မယောက်ျားကလည်း နေ့စားပန်းရန်လုပ်တာ အခုအလုပ်မရှိ ၊ ဝင်ငွေမရှိဖြစ်နေတဲ့အခါကျတော့ ထမင်းနပ်မှန်အောင် မစားရပါဘူး” ဟု အသက် ၃၇ နှစ် အရွယ် မခိုင်အေးသန်းကပြောကြားသည်။
မခိုင်အေးသန်းသည် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာဇာတိဖြစ်ပြီး တိုက်ပွဲများကြောင့် နယ်မြေမတည်မငြိမ် ဖြစ်ချိန်ကတည်းက စစ်တွေမြို့မီးလောင်ပြင် ကျူးကျော်ရပ်ကွက်တွင် နေထိုင်ကာ ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေသူ ဖြစ်သည်။ လက်ရှိ ကိုဗစ်ကာလအပြင် မထွက်ရသည့်အချိန်တွင် လင်ယောက်ျားဖြစ်သူမှာလည်း ပန်းရန်မလုပ်ရတော့ဘဲ အလုပ်လက်မဲ့ဖြစ်နေသည့်အတွက် မိသားစုခုနစ်ဦးအတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည်ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ် ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားချိန်ကပရဟိတအဖွဲ့များစွာက အလုပ်လက်မဲ့ မရှိဆင်းရဲသား အိမ်ထောင်စုများကို အစားအစာ၊ ငွေကြေးနှင့် နှာခေါင်းစည်းများ ဝေငှခဲ့ကြသည်။ သို့ရာတွင် ယခု ကိုဗစ်တတိယလှိုင်းကာလတွင် စီးပွားရေးကျပ်တည်းမှုက မြင့်တက်လာသည့်အတွက် စေတနာရှင်များမှာလည်း ထောက်ပံ့နိုင်စွမ်းကျဆင်းသွားခဲ့သည်။ အထူးသဖြင့် ကိုဗစ်တတိယလှိုင်းတွင် အောက်ဆီဂျင် လိုအပ်ချက်ကြောင့် မြို့နယ်အလိုက် ပြည်သူများကိုယ်တိုင် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံများတည်ဆောက်နိုင်ရန်အတွက် အလှူငွေများစုခဲ့ရသည်။ ပရိဟိတအဖွဲ့များ၊ သဒ္ဓါတရား ထက်သန်သူများကလည်း အောက်ဆီဂျင်စက်ရုံများပေါ်ပေါက်ရေးအတွက် အဓိကအားထည့်လှူဒါန်းခဲ့ရသည့်အတွက် အောက်ခြေလူတန်းစား အိမ်ထောင်စုများနှင့် စစ်ဘေးရှောင်စခန်းများကို ထောက်ပံ့နိုင်မှု နည်းပါးသွားခဲ့ရသည်။
“ပြီးခဲ့တဲ့နှစ် ကိုဗစ်ဖြစ်တုန်းကတော့ အလှူရှင်တွေက မရှိဆင်းရဲသားတွေအတွက် ငွေကြေးတွေ အများအပြားလှူဒါန်းနိုင်ခဲ့တယ်။ ဒီနှစ်မှာကျတော့ အောက်ဆီဂျင်မလုံလောက်တာတွေဖြစ်နေတဲ့ အခါကျတော့ မြို့နယ်တိုင်းမှာ အောက်ဆီဂျင် စက်ရုံတည်ဆောက်ဖို့အတွက် အဓိကထား လှူဒါန်းနေရတယ်။ နောက်ပြီး စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ ရေဘေးသင့်သူတွေကိုပါ လှူဒါန်းနေရတဲ့အခါကျတော့ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေအတွက် ထောက်ပံ့တာအားနည်းသွားတဲ့သဘောပါ။ နောက်တစ်ခုက လုပ်ငန်းရှင်တွေပါ စီးပွားရေး ကျကုန်တော့ လူလတ်တန်းစားတွေဆိုရင် ပိုဆိုးသွားတယ်။ ဒါကြောင့် အလှူအတန်း နည်းသွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ မျှပြီး လှူဒါန်းနေကြတာပါပဲ” ဟု စစ်တွေမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ခုနှစ် မေ ၁၂ ရက်မှ လက်ရှိ အချိန်အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၃၀၀ ကျော်သွားပြီဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ကိုဗစ်ကူးစက်ခံရသူပေါင်း ၃၀၀၀ ကျော် အထိရှိပြီဟု တရားဝင်ထုတ်ပြန်ထားသော်လည်း ကျေးလက်တောရွာများတွင် တစ်ရွာလုံးဖျားပြီး အနံ့မရသူများလည်း ရှိနေရာ တရားဝင်စာရင်းထက် ပိုနေနိုင်သည်ဟု ပြောဆိုကြသည်။
ကိုဗစ်ကာလ စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ (စစ်တွေ) ပရဟိတအဖွဲ့ကဲ့သို့ အခြားပရဟိတအဖွဲ့များကလည်း ကိုဗစ်ကာလ စားဝတ်နေရေးအခက်အခဲ ဖြစ်နေသည့် အိမ်ထောင်စုများကို အိမ်တိုင်ရာရောက် ထောက်ပ့ံနေကြပြီဖြစ်သည်။
သို့သော်လည်း အလုပ်လက်မဲ့ ပြည်သူများ၏ စားဝတ်နေရေးကို ရေရှည်ဖြေရှင်းမှုပေးနိုင်မည်မဟုတ်ပေ။
ကိုဗစ်ကပ်ရောဂါသည် ရခိုင်ပြည်နယ်တွင် မြို့ပြ၊ ကျေးလက်၊ စစ်ဘေးရှောင်စခန်းများပါမကျန် ပျံ့နှံ့ကူးစက်မှုကြောင့် အသက်ဆုံးရှုံးမှုများ နေ့စဉ် ရက်ဆက် ကြုံတွေ့နေရသည့်အပြင် နေ့စဉ်ရှာဖွေစားသောက်နေရသည့် လက်လုပ်လက်စားသမားများ အပါအဝင် ပြည်သူများသည် အလုပ်အကိုင်အဆင်မပြေမှုကြောင့် ဝင်ငွေရလမ်းမရှိ၍ စားနပ်ရိက္ခာအကျပ်အတည်းများ ကြုံတွေ့နေရပြီဖြစ်သည်။
စစ်ဘေးရှောင် စခန်းများလည်း စားနပ်ရိက္ခာပြတ်လပ်မှုများ ရှိနေသည်ဟု ကြားသိနေရသည်။ စားနပ်ရိက္ခာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမပေးနိုင်လျှင် ခိုးဆိုးလုယက်မှု၊ အသက်အန္တရာယ်ပြုမှုနှင့် ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည်။ သို့အတွက် ကပ်ဘေးကာလပြည်သူ၏ဒုက္ခကို အစိုးရက ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်သို့ သြဂုတ် ၁၀ ရက်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသည်။
“ပြီးခဲ့တဲ့နှစ်ကတော့ အစိုးရကထောက်ပံ့တာကို ရပ်ကွက်ရုံးက လာပေးတာရှိတယ်။ ဒီနှစ်တော့ ဘာတစ်ခုမှ မပေးသေးဘူး။ ပရဟိတအဖွဲ့တွေက ပေးတာကိုပဲ မျှော်နေရမယ့်အခြေအနေဖြစ်နေပါတယ်။ အခုတော့ ပတ်ဝန်းကျင်မှာ ငတ်သူတွေနဲ့ဝိုင်းနေပြီ။ တစ်ယောက် အငတ်ဘေးကို တစ်ယောက် မကယ်နိုင်ဖြစ်နေကြပြီ” ဟု စက်ရုံစုကျူးကျော်ရပ်ကွက်တွင် နေထိုင်သူကလေးသုံးယောက်မိခင် မဆန်းကျီက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း ကျရောက်နေစဉ်အတွင်း အလုပ်လက်မဲ့ အိမ်ထောင်စုများကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင် ၂၂ က ရခိုင်မျိုးစောင့်အုပ်စု (ARG) အဖွဲ့က ဦးဆောင်ကာ စေတနာထက်သန်သူများ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းလျက် ကိုဗစ်ကာလ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ (စစ်တွေ) ကို စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် စေတနာရှင် အလှူရှင်များ၏ အလှူငွေဖြင့် ထောက်ပံ့မှုများကို လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။
“ကျွန်တော်တို့ ကော်မတီကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဒီကနေ့အထိ ကိုဗစ်ကာလမှာ အခက်အခဲကြုံတွေ့နေရတဲ့ ဆင်းရဲသား အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်ကို ထောက်ပံ့ပြီးပြီ။ ရိက္ခာထောက်ပံ့တဲ့ မြို့နယ်တွေကဆိုရင် စစ်တွေ၊ ကျောက်ဖြူ၊သံတွဲ နဲ့ ဂွမြို့နယ်တွေဖြစ်တယ်။ အိမ်ထောင်စုတစ်စုကို ဆန်ခြောက်ပြည်၊ ဆီ လီတာဝက်၊ ပဲ ၂၅ ကျပ်သား၊ ကြက်သွန် ၂၅ ကျပ်သား၊ ငရုတ်ခြောက် ၂၅ ကျပ်သား၊ ကြက်ဥခြောက်လုံးစီ ထောက်ပ့ံနေတာဖြစ်ပါတယ်။ ဒီကာလမှာ အားလုံးကျပ်တည်းနေကြတဲ့အတွက် ကိုယ့်လိုကျပ်တည်းသူတွေကို ထောက်ပံ့ကူရတဲ့အတွက် ဝမ်းသာပီတိဖြစ်တယ်။ ဒါကြောင့်လည်းပဲ နေမကောင်းဖြစ်နေတဲ့ကြားက လူစုလူဝေးမဖြစ်အောင် လာစီစဉ်နေတာဖြစ်တယ်။ အားလုံးအိမ်မှာ နေထိုင်ကြချိန်မှာအခုလိုထွက်ပြီး အလှူလုပ်တယ်ဆိုတာက မြောက်ဦးဆရာတော်ဘုရားရဲ့ အဆုံးအမကြောင့်ဖြစ်တယ်။ အခုလို တဖြုတ်ဖြုတ်ကြွေနေတဲ့ကာလမှာ ကိုယ်မပါသေးတာကကုသိုလ်လုပ်ဖို့ ကံတရားက အချိန်ပေးထားတာလို့ ဆရာတော်က မိန့်ထားတယ်။ ဒါကြောင့် အခုအချိန်မှာ ကိုယ့်လောက်မတတ်နိုင်တဲ့သူတွေကို တတ်နိုင်သလောက် လှူဒါန်းစေချင်ပါတယ်” ဟု ကိုဗစ်ကာလ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ (စစ်တွေ) တွင် ပါဝင်သည့် စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဦးလှဝင်းက ပြောသည်။
ကိုဗစ်ကာလတွင် ရိက္ခာထောက်ပ့ံရာတွင် လူစုလူဝေးမဖြစ်အောင် ကိုဗစ်စည်းကမ်းနှင့်အညီ ဖြစ်အောင် ဂရုစိုက်ရသည်။ လက်ရှိတွင် ရိက္ခာထောက်ပ့ံရေး ပရဟိတအဖွဲ့များက အိမ်တိုင်ရာရောက် ထောက်ပံ့မှုစနစ်ကိုလုပ်ဆောင်နေကြပြီဟုဆိုသည်။
“အခု ကျွန်တော်တို့စားနပ်ရိက္ခာ လှူဒါန်းတဲ့အခါ ကိုဗစ်စည်းကမ်းနဲ့ညီအောင်၊ လူစုလူဝေးမဖြစ်အောင် ဂရုစိုက်ထားတယ်။ တချို့ ရပ်ကွက်တွေမှာဆိုအိမ်တိုင်ရာရောက် သွားလှူတယ်။ ဒီကနေ့မှာကျတော့ ပရဟိတအဖွဲ့သူအဖွဲ့သားတွေကလူခွဲပြီး ရပ်ကွက်ထဲဝင်တယ်။ မရှိဆင်းရဲတဲ့သူ၊ ရိက္ခာထောက်ပ့ံဖို့လိုအပ်နေတဲ့သူတွေကို အိမ်ထောင်စုအလိုက်မှတ်ပြီး ရိက္ခာထုတ်ပေးမယ့် တိုကင်ကတ်လေးတွေကို အိမ်တိုင်ရာရောက်သွားပေးတယ်။ တိုကင်ရတာနဲ့ရိက္ခာထုတ်မယ့်နေရာကို ချက်ချင်းသွားထုတ်စေတယ်။ ဒါကြောင့် ရိက္ခာထုတ်ပေးတဲ့နေရာမှာ လူစုလူဝေး မဖြစ်တော့ဘူး။ တိုကင်ရတဲ့သူတွေ ရောက်လာရင် လက်သန့်ဆေးရည် ဖျန်းပေးတယ်။ mask အသစ်ပေးတယ်။ ပြီးမှ ရိက္ခာထုတ်ပေးတယ်။ ပြီးရင် အိမ်ကိုချက်ချင်းပြန်စေတယ်” ဟု ဦးလှဝင်းက ဆက်လက်ပြောကြားသည်။
“အခုလိုကာလမှာ ရိက္ခာထောက်ပံ့တဲ့ အဖွဲ့တွေသာ မရှိဘူးဆိုရင် လူတွေအငတ်ဘေးကို ကြုံတွေ့ရဖို့ ရှိနေပြီလို့ပြောချင်ပါတယ်။ အခုလည်း အလုပ်မရှိ ဝင်ငွေမရှိတဲ့အခါ ငတ်တဲ့သူတွေ ငတ်နေကြပါပြီ။ အခုလို ရိက္ခာထောက်ပံ့တဲ့အဖွဲ့ကိုလည်း မပြောပြတတ်အောင် ကျေးဇူးတင်ပါတယ်။ အလှူရှင်တွေကလည်း ဒီထက်မကလှူဒါန်းနိုင်ကြပါစေ။ ကပ်ဘေးကကင်းဝေးပြီး အားလုံးကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ရိက္ခာလာရောက်ထုတ်ယူသည့် အသက် ၂၇ နှစ် အရွယ်မအေးသန္တာက ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
