COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်လွှား၌ အလွန်ကြီးမားသည့် စီးပွားရေးတုန်ခါမှုကြီးကို ဖြစ်ပွားစေခဲ့ပြီဖြစ်သည်။ လုပ်ငန်းကွန်ရက်များ ပြတ်တောက်သွားခြင်းနှင့် Social Distancing နည်းလမ်းကြောင့် အလုပ်များ ရပ်ဆိုင်းလိုက်ရခြင်းတို့ကြောင့် ဖြစ်သည်။
ရောဂါကူးစက်မှု ပထမလှိုင်း အစောပိုင်းကာလတွင် COVID-19 ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်၍ CNN သတင်းဌာနက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို တွေ့ဆုံမေးမြန်းခဲ့စဉ် စီးပွားရေးနှင့်ပတ်သက်၍ “ပထမဆုံးက တချို့သော ကဏ္ဍတွေအပေါ် တိုက်ရိုက်ရိုက်ခတ်ချက်ရှိတာပါ။ ဥပမာအနေနဲ့ လေကြောင်းလုပ်ငန်းသေပြီ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသေပြီ၊ ဒါတွေနဲ့ဆက်စပ်နေတဲ့ ခရီးသွားလုပ်ငန်း အားလုံးသေပြီ။ ဟိုတယ်တွေလည်း အထိုက်အလျောက် အကျပ်တွေ့နေပြီ။ အလျင်အမြန် ထွက်ခွာသွားမှာ မဟုတ်တဲ့ ရိုက်ခတ်ချက်မျိုးပါပဲ။ ဒုတိယအနေနဲ့ တခြားနိုင်ငံတွေက အပြည့်အဝအလုပ်မလုပ်နိုင်ဘဲ စီးပွားရေး Lockdown ချခံထားရတာမို့ ထောက်ပံ့ရေးလမ်းကြောင်းတွေ မဝင်တာကြောင့် ထောက်ပံ့ရေးလမ်းကြောင်း ကွန်ရက်ပြတ်တောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေလည်း ထိခိုက်ပါတယ်။ ကျန်တဲ့စီးပွားရေးမှာလည်း ကျယ်ပြန့်တဲ့ အခြေခံသက်ရောက်မှု ဖြစ်ပေါ်တာပါပဲ။ အဲ့ဒီနောက် ခင်ဗျားကိုယ့်ကိုယ်ကိုယ် ပြန်အလုပ်ခန့်ထားတဲ့၊ ရေတို ဒါမှမဟုတ် ယာယီကန်ထရိုက်နဲ့သာ အလုပ်ခန့်နိုင်တဲ့ စီးပွားရေးကို ရလိုက်ပါပြီ။ ဖျော်ဖြေရေးအပေါ် အမှီပြုတဲ့လူတွေ၊ ပုံမှန်လူမှုကိစ္စတွေအပေါ်အမှီပြုတဲ့ လူတွေ၊ နေ့စားလုပ်ကိုင်ရသူတွေ - အဲဒီအလုပ်တွေအားလုံး အငွေ့ပြန်ပျောက်ကွယ်သွားပါပြီ။ လူတွေအနေနဲ့ သူတို့ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့၊ ပုံမှန်လူမှုကိစ္စတွေ၊ ပုံမှန်ခရီးသွားလာမှုတွေ၊ ပုံမှန်လူသားဆက်ဆံရေးတွေ ပြန်လည်ထိန်းသိမ်းနိုင်ပြီလို့ ယုံကြည်မှုရရှိသွားတဲ့ အချိန်မျိုးအထိ ပြန်လည်ထောင်မတ်လာဖို့ ကျွန်တော်မမြင်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုထိတော့ ဒီအတိုင်းသွားနေဦးမယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းသည် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် စင်ကာပူ၏ဝန်ကြီးချုပ်က COVID-19 ရောဂါ ကူးစက်မှုပထမလှိုင်းကာလ အစောပိုင်းကတည်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ခရီးသွားလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်းများစွာတို့မှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးခဲ့သည်။ထို့ပြင် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် လက်ခစားစနစ်ဖြင့် ဆောင်ရွက်ရသည့် CMP အထည်ချုပ်လုပ်ငန်းများမှာ ကိုဗစ်၏သက်ရောက်မှုကို ပြင်းပြင်းထန်ထန်ခံစားနေရသည်။
အကျပ်အတည်းကြားမှ ရုန်းကန်နေရသည့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် COVID-19 ကပ်ရောဂါနှင့် လတ်တလော အခက်အခဲများကြောင့် ပြန်လည်နာလန်ထူနိုင်ရေး စိန်ခေါ်မှုများစွာရှိ နေသည်ဟုလုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ကုလသမဂ္ဂက ထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်က COVID-19 သည် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည်လူ့အဖွဲ့အစည်းများနှင့်စီးပွားရေးများ၏မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးခဲ့သည်။
ရောဂါ ကူးစက်ပျံ့နှံမှု၏ ရိုက်ခတ်ချက်သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကွဲပြားခြားနားမည်ဖြစ်သော်လည်း ယင်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆင်းရဲမွဲတေမှုနှင့်လူတန်းစာမညီမျှမှုကို မြင့်တက်နိုင်ခြေ အများဆုံးဖြစ်စေနိုင်သည်။
COVID-19 ရောဂါကူးစက်ပျံ့နှံမှုနှင့်ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသောစိန်ခေါ်မှုများ နှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့သည်။
COVID-19 ဒုတိယလှိုင်းကာလအတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ကုန်ကြမ်းယူ၊ကုန်ချောပေးလုပ်ငန်း ဆောင်ရွက်ကြသော (CMP) စက်ရုံ၊ အလုပ်ရုံများအပါအဝင် လုပ်ငန်းများကို ပိတ်ထားခဲ့ရသည်။ ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊အလတ်စား လုပ်ငန်းများအနေဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့သည်။ယင်းနောက် အဆင့် C နှင့်အဆင့် B ရသူများကို အဆင့် A ရရှိအောင် ပြန်လည်ဆောင်ရွက်စေကာ စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
“CMP ရဲ့သဘာဝက ၃၂ ယောက်ဆို ၃၂ ယောက်အပြည့်လာမှ လုပ်လို့ရတာကိုး။ အဲဒီအထဲမှာ သုံးလေးယောက်လောက် လျော့သွားပြီဆိုရင် အစားထိုးလို့ရရင်ရ၊ မရရင် ခက်ပြီ။ CMP ရဲ့သဘာဝမှာ ကြယ်သီးဖောက်တဲ့သူက ကြယ်သီးပဲဖောက်တယ်။ ကြယ်သီးဖောက်တဲ့သူကို ကော်လံတွဲခိုင်းလို့ မရဘူးပေါ့။ အဲတော့နဲနဲတိုင်ပင်တာတွေရှိတယ်။ ဒါပေမဲ့ အဆင်ပြေအောင် ညှိပြီးလုပ်နေကြရတာ။အဓိကက နိုင်ငံတကာမှာ ကျင့်သုံးတဲ့ကိုဗစ်နဲ့အတူ အလုပ်လုပ်ရင်း ဖြတ်သန်းကြမယ်ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ပါ” ဟု အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
COVID-19 တတိယလှိုင်းကာလနှင့် ယင်းကာလမတိုင်မီ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် စက်ရုံအလုပ်ရုံအချို့ ပိတ်သိမ်းမှုများ ထပ်မံရှိလာခဲ့သည်။
မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်ရေးကဏ္ဍတွင် ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုများကြောင့် လုပ်ငန်းများနှင့်စက်ရုံများ ပိတ်လာခဲ့ရပြီး အလုပ်သမားများ မိမိတို့ဇာတိဒေသများသို့ ပြန်သွားနေရသည်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ဝယ်ယူမှုများ၊ အလုပ်နေရာများနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများ အားလုံးသည် ပိုမြန်သည့်နှုန်းများဖြင့် ကျဆင်းခဲ့ပြီး ကျဆင်းမှုများမှာ စစ်တမ်းသမိုင်းတွင် အများဆုံးဖြစ်လာကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်လအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Manager’s Index ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။
“အဲဒါက ဒီလိုဗျ။ ဆိုပါတော့ အထည်ချုပ်စက်ရုံဆိုရင် ပုံမှန်ဆိုရင် လူ ၁၀၀၀ ရှိတယ်။ အခု ကိုဗစ်နဲ့ကျတော့ အချို့က လူ၅၀၀ လောက်ပဲရှိတယ်။ အချို့ကျတော့ ဝန်ထမ်းတွေက အလုပ်သမားတွေက နယ်ကများတဲ့အခါ တချို့ကကိုဗစ်ကြောက်တဲ့အတွက် ပြန်မလာကြတော့ဘူး။ အဲဒီတော့ လူ ၁၀၀၀ ရှိတဲ့ အထည်ချုပ်စက်ရုံက လူ ၅၀၀၊ ၆၀၀ လောက် ပဲဖြစ်သွားတယ်။အဲလိုတော့ရှိတယ်” ဟု ရွှေလင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ရုံးအဖွဲ့မှူး ဦးအောင်ငွေက ပြောကြားခဲ့သည်။
ထုတ်လုပ်မှုလုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏာန်းဖြစ်သော အဓိကအကျဆုံး IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဇွန်လ၏ ၄၁ ဒသမ ၅ မှ ဇူလိုင်တွင် ၃၃ ဒသမ ၅ သို့ ထိုးကျသွားခြင်းမှာ လုပ်ငန်းအခြေအနေများ ဆယ်တစ်လဆက်တိုက်ကျဆင်းမှုကို ညွှန်ပြနေသည်။ ထို့ပြင် ကျဆင်းမှုနှုန်းမှာမူ သုံးလအတွင်း စံချိန်တင်ဖြစ်လာပြီး စစ်တမ်း စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး အနက်ရှိုင်းဆုံးတစ်ခုဖြစ်သည်။
“ဒီအတောအတွင်း ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ မေလနဲ့ဇွန်လရဲ့ အမြင့်ဆုံးအနေအထားမှ သိသာစွာကျဆင်းသွားသော်လည်း စရိတ်စကများ၏ ပြင်းထန်တဲ့ ဝန်ထုပ်ဝန်ပိုးမှာမူ ဇူလိုင်လတွင် ဆက်ရှိနေခဲ့ပါတယ်။ ကျပ်ငွေ-ဒေါ်လာ လဲလှယ်မှုတန်ဖိုး အကျဘက် ဦးတည်ရွေ့လျားနေခြင်းနဲ့ ငွေသားပြတ်တောက်မှုများက အကြီးမားဆုံး အန္တရာယ်များ ဖြစ်ပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။
အဆိုပါစစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့က မကြာခဏဆိုသလို ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာခြင်းကြောင့် စက်ရုံများနဲ့ လုပ်ငန်းများ ပိတ်လာရနေကြောင်း အစီရင်ခံကြသည်။ သို့ဖြစ်သောကြောင့် ထုတ်လုပ်မှုမှာ မတ်လမှစပြီး အရှိန်ဖြင့် ကျဆင်းလာခဲ့ကာ လက်ရှိကျဆင်းမှုအစဉ်ကို ၁၁ လဆက်တိုက်သို့ ဆွဲဆန့်ပေးလိုက်သည်ဟု ဆိုကြသည်။
“၂၀၂၁ ခုနှစ်၏ ဒုတိယနှစ်ဝက်ကို မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍထဲက လုပ်ကိုင်မှုအခြေအနေများ တဟုန်ထိုးကျဆင်းမှုနဲ့ စတင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုများက နိုင်ငံရေး အခြေအနေများကြောင့် ရင်ဆိုင်ခဲ့ရသော ပြင်းထန်သည့် ကျရှုံးမှုများ နောက်ပိုင်း ခြေကုပ်အချို့ကို ပြန်လည်ရယူနိုင်ရုံသာရှိသေးချိန်မှာ ကျဆင်းမှုနယ်ပယ်ထဲသို့ ထိုးချပစ်လိုက်တယ်။ နောက်ဆုံးစစ်တမ်းအတွင်းမှာ စက်ရုံများနဲ့ လုပ်ငန်းများ ပိတ်နေရခြင်းနဲ့ အလုပ်သမားတွေ မိမိတို့ဇာတိနေရပ်တွေကို ပြန်သွားနေရခြင်းမှာ အားလုံးကထောက်ပြနေကြတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ထုတ်လုပ်မှုဆိုင်ရာ တောင်းဆိုမှုများ နိမ့်ကျလာခြင်းနဲ့ မရေရာတဲ့အနာဂတ်ကြောင့်ကုမ္ပဏီတွေဟာ လက်ကျန်စာရင်းများတိုးဖို့ကို လက်တွန့်လာကြတယ်” ဟု ၎င်းကဆိုသည်။
ပြည်တွင်းတွင် ဖောက်သည်များဘက်မှ ဝယ်လိုအားမှာ သုံးလပတ်အစတွင် ဆက်အားပျော့နေခဲ့ပြီး အော်ဒါသစ်ပမာဏမှာ သိသာစွာကျဆင်းသွားခဲ့သည်။ဖြေကြားသူတို့က မကြာခဏဆိုသလို ဇူလိုင်လတွင် လုပ်ငန်းများ ပိတ်လာရခြင်းနှင့် ငွေသားပြတ်တောက်မှုများကို ပူးတွဲလျက်ညွှန်ပြခဲ့ကြသည်။
ဇူလိုင်လတွင် ဝယ်လိုအားပျော့လာခဲ့သော်လည်း လက်ကျန်အလုပ်များမှာ ကိုးလဆက်တိုက် တိုးလာခဲ့သည်။ လက်ကျန်အလုပ်များ စုစည်းလာမှုနှုန်းမှာ အားကောင်းခဲ့ပြီး စစ်တမ်းထဲတွင် လက်ရှိအချိန်အထိ ဒုတိယ အများဆုံး ဖြစ်သည်။
ထုတ်လုပ်မှုတောင်းဆိုမှု ကျဆင်းလာခြင်း၊ စျေးနှုန်းများ မြင့်တက်လာခြင်းနှင့် စက်ရုံများ ပိတ်လာရခြင်းတို့ကြောင့် ဝယ်ယူရေးလုပ်ငန်းများ အရှိန်ဖြင့် တဟုန်ထိုးကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် ရန်ကုန်မြို့ရှိ စက်မှုဇုန်များရှိ လုပ်ငန်းအများစုမှာ လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေကြပြီဖြစ်ကြောင်းလည်း စက်မှုဇုန်လုပ်ငန်းရှင်များက ဆိုသည်။
“လုပ်ငန်းတွေအကုန်လုံးတော့ ပြန်မဖွင့်သေးပေမဲ့ တော်တော်များများတော့ ပြန်ဖွင့်နေပါပြီ။ ၁၀၀ မှာ ၉၀ နီးပါးလောက် အကုန်ဖွင့်ထားပြီ။ ကျန်နေသေးတာတွေတော့ ရှိပါတယ်။ လုပ်ငန်းကတော့ အစုံပဲ။ အထည်ချုပ်၊ အိတ်ချုပ်၊ မုန့်လုပ်ငန်းတွေ၊ ပလတ်စတစ်ပေါ့နော်။ တံဆိပ်ရိုက်တာတွေ ပလတ်စတစ်လို ထည့်တဲ့ဟာတွေလုပ်တဲ့ဟာတွေရှိတယ်” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
“COVID-19 တတိယလှိုင်းကာလမှာ ဖွင့်တယ်။ ပိတ်တယ်ဆိုတာမှာ သပ်သပ်ပိတ်တာမရှိဘူး။ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်ဖို့တင်ရတယ်။ သူတို့လာစစ်တယ်။ လာစစ်ပြီးရင် ဖွင့်ခွင့်ရတဲ့စက်ရုံ အကုန်ဖွင့်ကြပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်လာရသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများမှာ လက်ရှိဖြစ်ပေါ်နေဆဲ စီးပွားရေးအကျပ်အတည်းမှ ကျော်လွှားနိုင်မည်လားဆိုသည်ကို လုပ်ငန်းရှင်အများစု စိုးရိမ်လျက်ရှိကြောင်း စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“အခြေအနေက ပိုဆိုးလာတယ်။ မြန်မာနိုင်ငံမှာက ဒုတိယလှိုင်းမှာတင် တော်တော်ခံနေရပြီ၊ ကျန်းမာရေးအရရော စီးပွားရေးအရရော။ စီးပွားရေးမှာလည်း ကျွန်တော်အပါအဝင် အများစုကဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ စဉ်းစားနေရတယ်” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
လတ်တလောကူးစက်ပြန့်ပွားမှု အရေအတွက်နှင့် ရောဂါဖြစ်ပွားမှုနှုန်းများအရ ကိုဗစ်-၁၉ သည် လူ့အသက်များ၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စီးပွားရေးတို့ကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း ညွှန်ပြနေသည်။အဆိုပါ ထိခိုက်မှုများသည် ၂၀၂၁ ခုနှစ် နှစ်လယ်ကာလအတွင်း အားနည်းနေသည့် စီးပွားရေးအခြေအနေများ နှင့်သင့်လျော်သည့် တုန့်ပြန်ကာကွယ်ဆောင်ရွက်မှုများ ပြုနိုင်ရန် ပြည်သူ့ကျန်းမာရေးစနစ်တွင် စွမ်းဆောင်နိုင်စွမ်း လတ်တလော အခြေအနေတွင် မရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ်က တွေ့ကြုံခဲ့ရသည့် အခြေအနေထက် သိသိသာသာ ပိုမိုဆိုးရွားနိုင်ခြေရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဗဟိုဘဏ်မှ နည်းအမျိုးမျိုးဖြင့် ကုစားရန် ကြိုးပမ်းသော်လည်း ကျပ်ငွေများ စျေးကွက်အတွင်း ပြတ်လပ်နေဆဲဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများနှင့် ငွေပေးချေသည့် ဝန်ဆောင်မှုများ အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။
ဇူလိုင်အလယ်တွင် အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းတန်ဖိုးသည် ဇန်နဝါရီ လကုန်ကတည်းကနှင့်နှိုင်းယှဉ်လျှင် ၂၃ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာမှုကို လျှော့ချရန်နှင့် စျေးကွက်တွင်း နိုင်ငံခြားငွေပြတ်လပ်မှုမရှိစေရန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ထုတ်ရောင်းခဲ့သော်လည်း အမေရိကန်ဒေါ်လာ ဝယ်ယူရန် ခက်ခဲနေဆဲဖြစ်ကြောင်း အစီရင်ခံစာများက ဖော်ပြနေသည်။
“အခုချိန်မှာ လုပ်ငန်းတွေမှာ ကြုံရတဲ့အခက်အခဲအများကြီး ရှိတာပေါ့။ အဓိကက အခက်အခဲက ဘဏ်ကငွေထုတ်လို့မရတဲ့ အခက်အခဲပဲ။ ကုန်ကြမ်းဝယ်ဖို့အတွက် ငွေပို့တဲ့အခါမှာ အခက်အခဲရှိတယ်။လုပ်သားအင်အားအပြည့်အဝ အသုံးမချနိုင်တာ ရှိတယ်” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဘဏ်လုပ်ငန်းနှင့်ငွေရေးကြေးရေးကဏ္ဍတွင် လက်ရှိအခြေအနေအတိုင်း ဆက်သွားနေမည်ဆိုပါက တစ်ဖက်တွင် ငွေထုတ်မရသည့်ပြဿနာ၊ အခြားတစ်ဖက်တွင် လတ်တလောနိုင်ငံရေးအခြေအနေများနှင့် COVID-19 ရောဂါလှိုင်းများ၏ သက်ရောက်မှုများကြောင့် စီးပွားရေးလုပ်ငန်းအများ စု၊ အထူးသဖြင့်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အငယ်စား၊အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ပိုမိုခက်ခဲလာခြင်း၊ အချို့မှာ လုပ်ငန်းရပ်ဆိုင်းရမည့် အနေအထားများဖြစ်ပေါ်နေကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။
ကာလရှည်စီးပွားရေး မျှော်မှန်းချက်မှာမူ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့်အကြောင်းခြင်းရာများသည် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့သော တိုးတက်မှုများကို ပျက်စီးသွားစေနိုင်ကြောင်း၊ စီးပွားရေးတိုးတက်မှုကို အခြေခံမောင်းနှင်သည့်အချက်များဖြစ်သည့် ရုပ်ဝတ္ထု အရင်းအနှီးများ၊ လူသားအရင်းမြစ်နှင့် ကုန်ထုတ်လုပ်စွမ်းအားတို့အပေါ် ထိခိုက်စေခဲ့ခြင်းကြောင့် ယခုရင်ဆိုင်နေရသည့်နှစ်ထပ်ကွမ်း ထိခိုက်ပျက်စီးစေမှုသည် အနာဂတ်နှစ်ပေါင်းများစွာအထိ ဆက်လက်ရင်ဆိုင်ဖြေရှင်းနေရဦးမည် ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မည်သို့ပင်ဆိုစေကာမူ COVID-19 ကူးစက်မှုက မြန်မာနိုင်ငံ၏ စီးပွားရေးကို ထပ်မံလှုပ်ခါပြလိုက်ခြင်းဖြစ်ပြီး နောက်ဆုံးကူးစက်မှု အရှိန်မြင့်လာမှုမှာ ယခုအကျပ်အတည်း တစ်ခုလုံးအတွင်း အပြင်းထန်ဆုံးဖြစ်နေသည်။ နိုင်ငံရေးဖြစ်စဉ်များနှင့် COVID-19 တို့ကြောင့် နောက်ထပ်စိန်ခေါ်မှုကာလကို ဖန်တီးပေးမှာဖြစ်သော်လည်း ကာကွယ်ဆေးထိုးမှုကို ဦးစားပေးအားထုတ်နိုင်လျှင် အနာဂတ်ရောဂါဖြစ်ပွားမှုများမှ ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် ဒိုင်းကြီးသဖွယ် ဖြစ်လာမည်ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။
“အခုဆိုရင် စက်မှုဇုန်အများစုမှာ လုပ်သားတွေကို ကာကွယ်ဆေးထိုးပေးနေပြီ။ တစ်ဖက်မှာ ကာကွယ်ဆေးတွေ ထိုးထားတယ်။ တစ်ဖက်မှာ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်တွေနဲ့အညီ စက်ရုံအလုပ်ရုံတွေ အပြည့်အဝလည်ပတ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကုန်ထုတ်လုပ်မှု၊အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေ အင်ပြည့်အားပြည့်ပြန်လည် လည်ပတ်လာနိုင်မယ်။ မြန်မြန်လည်ပတ်ဖို့လည်း တကယ်ကို လိုအပ်နေပြီ။ နောက်တစ်ခုက ဘဏ်ကငွေထုတ်မရတ ဲ့ပြဿနာ၊ ဒီယန္တရားကြီးက တစ်ခုရပ်ရင် နောက်ကဟာတွေ အကုန်ထိတာပဲ၊ အခုက အကျပ်အတည်းက လူတိုင်းဖြစ်နေတာ။ လုပ်ငန်းရှင်ရော အလုပ်သမားတွေရောပေါ့။ ဒါတွေကိုကုစားဖို့က စီးပွားရေးပုံမှန်ပြန်ဖြစ်မှပဲ ကုစားနိုင်မယ်။ ဒီအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး အဖြေရှာဖို့ တကယ်ကို လိုအပ်နေပါပြီ” ဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါ အချိန်ကြာလာသည်နှင့် အမျှ ပြည်သူများ၏ဘဝများ၊ အကျပ်အတည်းများရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ COVID-19 ရောဂါ ကူးစက်မှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများနှင့် လတ်တလောအခြေအနေများကြောင့် မလွဲမသွေဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုကို ကုစားရန် မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများအနေဖြင့် သင့်တော်မှန်ကန်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
