မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းများကို ဆေးရရှိမှုအပေါ်မူတည်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအသီးသီးသို့ ပို့ဆောင်၍ ဦးတည်ဦးစားပေး အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိသည်။
ဦးတည်ဦးစားပေးအုပ်စုအလိုက် ဆေးထိုးနှံမှုအရ ကာကွယ်ဆေးများကို အသက် ၆၅ နှစ်အထက်ကို စတင်ထိုးနှံပေးခဲ့ပြီး လက်ရှိတွင် စက်မှုဇုန်များရှိ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများနှင့်အလုပ်သမားများကို သြဂုတ်လတွင် ကာကွယ်ဆေးစတင် ထိုးနှံပေးလျက်ရှိသည်။
စက်မှုဇုန်များရှိ လုပ်ငန်းများအနေဖြင့် လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ ဝန်ထမ်းပေါင်း တစ်ရာဝန်းကျင်မှ ထောင်နှင့်ချီ ရှိကြပြီး လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး သဘောအရ ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းခွင် ကျန်းမာရေးဆိုင်ရာ အခန်းကဏ္ဍသည် အရေးကြီးလျက်ရှိသည်။
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ဆေးထိုးနှံသင့်သည့် အခန်းကဏ္ဍ
လုပ်ငန်းခွင် အမျိုးအစားအလိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စက်ကိရိယာများဖြင့် ဆောင်ရွက်ရသည့်လုပ်ငန်းခွင်၊ ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းများစသည့် လုပ်ငန်းခွင်ရှိအလုပ်သမား အနေဖြင့် (Safety First) လုပ်ငန်းခွင် လုံခြုံရေးအဓိကထားပြီး ဦးထုပ်၊ ဖိနပ်၊အဝတ်အစားစသည့် အကာကွယ်များ သတ်မှတ်ချက်များနှင့်အညီ ဝတ်ဆင်ပြီး ဆောင်ရွက်ကြရသည်။
ယင်းသို့ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး ဆောင်ရွက်ရခြင်းနည်းတူ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် အရေးကြီးသည့် အခန်းကဏ္ဍမှာ ပါဝင်သည်။
လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများသည် ကူးစက်မှုမြန်ဆန်ပြီး ရောဂါကူးစက်မှု များပြားချိန်တွင် အလုပ်ရုံ၊ စက်ရုံများ ပိတ်သိမ်းရမှုများရှိပြီး အချို့ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများတွင်ဝန်ထမ်းဦးရေ အလှည့်ကျခွဲ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။
ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များဖြင့် လုပ်ကိုင်ရသည့် စက်မှုဇုန်များရှိ စက်ရုံများ၊ အလုပ်ရုံများအပြင် ကုမ္ပဏီများမှ အလုပ်သမားနှင့် ဝန်ထမ်းများ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် မိမိလုပ်ငန်းခွင်၏ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိနိုင်မည် ဖြစ်သည်။
“ထိုးတဲ့သူကတော့ မထိုးတဲ့သူထက်စာရင် ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်မယ်လို့ ကျွန်မကတော့ ထင်တယ်။ ဘာလို့ဆို ရောဂါတွေက အရမ်းပြန့်နေတာလေ။ လူတိုင်း ကတော့ ဂရုစိုက်နေကြတာပါပဲ။ ဒါပေမဲ့ ရောဂါတွေကလည်းပြန့်နေတာဆိုတော့ ဂရုစိုက်နေကြပေမဲ့လည်း တစ်ယောက်နဲ့ တစ်ယောက်က အထိအတွေ့ရှိတယ်။ ကျွန်မတို့ အလုပ်ဆိုလည်း နေ့တိုင်းသွားနေရတယ်။ အဲဒီအတွက်ကြောင့် ဒီကာကွယ်ဆေးထိုးတာကတော့ ထိုးသင့်တယ်လို့ မြင်တယ်ပေါ့နော်။ ကျွန်မတို့အလုပ်မှာတော့ ထိုးချင်တဲ့ သူတွေလောက်ပဲ ပေးထိုးပေးတာပေါ့နော်” ဟု ပုဂ္ဂလိက ကုမ္ပဏီမန်နေဂျာတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများရှိ အလုပ်သမားများ၊ ဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံလိုသော အလုပ်သမားများလည်း ရှိနေသည်။
“ကျွန်မတို့စက်ရုံကိုတော့ ကာကွယ်ဆေးထိုးဖို့ စာရင်းလာကောက်တယ်။ ကျွန်မကတော့ ကြောက်လို့မထိုးဘူး။ စာရင်းမပေးဘူး” ဟု လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတစ်ဦးက ပြောကြာသည်။
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာများအတွက် ဥပဒေပြဋ္ဌာန်းထားရှိပြီး အလုပ်ရှင်နှင့် အလုပ်သမားများ ဆောင်ရွက်ရမည့် တာဝန်များရှိကာ လုပ်ငန်းခွင်အတွင်း ပျက်ကွက်မှုတစ်ခုခုကြောင့် မိမိကိုယ်တိုင်နှင့် အခြားသူများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး မထိခိုက်စေရန် အလေးထားဆောင်ရွက်ရမည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။
“ကျွန်မတို့ဆီမှာလည်း စာရင်းကောက်လို့ထိုးလိုက်တယ်။ကျွန်မတို့တွေက လူအများနဲ့ အလုပ်လုပ်နေတာဆိုတော့ ပိုးတွေက ရှိနေမှာလေ။အဲဒီတော့ပိုပြီးကာကွယ်အောင်လို့ ကျွန်မကတော့ ထိုးလိုက်ပါတယ်။ တချို့မထိုးတဲ့သူတွေလည်းရှိတာပေါ့။ မထိုးတဲ့သူတွေကလည်း သူတို့ ခံစားချက်နဲ့ သူတို့ဆိုတော့လည်း အဲဒါနဲ့ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး” ဟု ကာကွယ်ဆေးထိုးသည့် အထည်ချုပ် အလုပ်သမားတစ်ဦးက ပြောကြားသည်။
ကမ္ဘာ့နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်ပြီး ဖေ့ဘွတ်ခ်၊ ဂူဂဲလ်နဲ့ မိုက်ခရိုဆော့ဖ် အပါအဝင် နည်းပညာကုမ္ပဏီကြီးများတွင် လုပ်ငန်းခွင်ကို ပြန်မလာမီ ဝန်ထမ်းများကာကွယ်ဆေးထိုးထားရမည့် ပေါ်လစီကိုကျင့်သုံးလျက်ရှိသည်။
ထို့ပြင် ကုမ္ပဏီ၏ ကိုရိုနာဗိုင်းရပ်စ် ပေါ်လစီကိုချိုးဖောက်ပြီး ကာကွယ်ဆေးမထိုးဘဲ ရုံးလာတက်သည့် CNN သတင်းဌာနမှဝန်ထမ်းသုံးဦး အလုပ်မှထုတ်ပယ်ခံရကြောင်း အမေရိကန်သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုကြောင့် စက်ရုံ၊အလုပ်ရုံ ပိတ်သိမ်းရပါက အလုပ်သမားများ၏ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နိုင်ပြီး စီးပွားရေးလုပ်ငန်းများ လည်ပတ်မှု ကျဆင်းပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေမည် ဖြစ်သောကြောင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရမည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ဖြန့်ချိထိုးနှံမှု နှောင့်နှေးနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံ ဆုံးရှုံးနစ်နာစေနိုင်သည်ဟု လေ့လာတွေ့ရှိသည့် အစီရင်ခံစာတစ်ရပ်ကို သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ချမ်းသာသောနိုင်ငံများထက် ကာကွယ်ဆေး ဖြန့်ချိထိုးနှံရန်များစွာ နှောင့်နှေးကြန့်ကြာနေသည့် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများသည် ယင်းဆုံးရှုံးမှုဒဏ်ကို ခံစားရလိမ့်မည်ဟု Economist Intelligence Unit (EIU) ၏ လေ့လာမှုတွင် တွေ့ရှိခဲ့သည်။
၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၆၀ ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်း မရှိသည့် နိုင်ငံများသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကျော်ကာလများအတွင်း ယူရိုနှစ်ထရီလီယံနှင့် ညီမျှသော ဆုံးရှုံးမှုများကို ကြုံတွေ့ရလိမ့်မည်ဟု ယင်းသုတေသနလေ့လာမှုတွင် တွက်ချက်ထုတ်ပြန်ထားသည်။
ကာကွယ်ဆေး ဖြန့်ချိထိုးနှံမှု နှောင့်နှေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများတွင် မကျေမချမ်းမှုများကို မြင့်တက်စေနိုင်ပြီး လူမှုရေးဆိုင်ရာ မတည်ငြိမ်မှုများကို တိုးပွားလာစေနိုင်ကြောင်း EIU က သတိပေးခဲ့သည်။
စက်မှုဇုန်များတွင် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများ
အဓိက စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကို သြဂုတ်လမှစတင်ကာ ကာကွယ်ဆေးခွဲဝေရရှိမှု အခြေအနေအရ ထိုးနှံပေးနေပြီဖြစ်ပြီး သြဂုတ်လနောက်ဆုံးပတ်အထိ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များမှ အလုပ်သမား တစ်သောင်းခွဲခန့်အား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် မထိုးရသေးသော အလုပ်သမားများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခြားစက်မှုဇုန်များတွင်လည်း ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝန်ထမ်း၊ အလုပ်သမားဦးရေ လိုက်လံကောက်ခံထားရှိပြီး စက်ရုံ၊ အလုပ်ရုံအလိုက် လူဦးရေသတ်မှတ်ပြီး ကာကွယ်ဆေးထိုးပေးလျက်ရှိကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုန်များရှိ အလုပ်သမား စုစုပေါင်းခြောက်သောင်းခန့် ကိုဗစ်ကာကွယ် ဆေးထိုးရန်အတွက် စာရင်းတင်ထားပြီး လက်ရှိတွင် တစ်သောင်းခွဲခန့်သာ ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လက်ရှိအချိန်မှာတော့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အလုပ်သမားတွေ စုစုပေါင်း တစ်သောင်းခွဲလောက်တော့ ထိုးပြီးသွားပြီ။ လှိုင်သာယာမြို့နယ်မှာ အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဒါပေမဲ့ကာကွယ်ဆေးထိုးမယ့် စာရင်းက ခြောက်သောင်းလောက်ပဲ တက်သေးတယ်။ နောက်တော့ ထပ်တင်ဦးမယ် ထင်တယ်။ ခုလက်ရှိတော့ ထိုးပြီးတာ တစ်သောင်းခွဲလောက်ပဲ ရှိသေးတယ်” ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆက်လက်ပြီး ရွှေလင်ပန်းစက်မှုဇုန်ရှိ အလုပ်သမားများကို ၁၁ ရက်နှင့် ၁၄ ရက်တို့တွင် နှစ်ကြိမ်ထိုးပေးပြီးသော်လည်း မထိုးရသေးသည့် အလုပ်သမားများရှိသေးသည့်အတွက် ထပ်မံထိုးပေးရန် ရှိသေးကြောင်း ရွှေလင်ပန်းစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းအပြင် ရွှေသံလွင်စက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ ရွှေသံလွင်စက်မှုဇုန်က အရှေ့ပိုင်းမြို့နယ်မှာလည်းပါတော့ အဲဒီမြို့နယ်မှာက စနေပြီပေါ့နော်။ စထိုးပေးနေပြီ။ ကျွန်တော်တို့ စက်မှုဇုန်မှာတော့ ကာကွယ်ဆေးထိုးဖို့ စာရင်းတင်ထားတဲ့ အလုပ်သမားငါးထောင်ကျော်တော့ရှိတယ်” ဟု ပြောကြားသည်။
လှိုင်သာယာအနောက်ပိုင်းမြို့အတွင်းရှိ ရွှေသံလွင်စက်မှုဇုန်တွင် အလုပ်သမား ၃၅၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံထားပြီး အလုပ်သမားအင်အားများသည့် စက်ရုံများတွင်လည်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေကြောင်း ရွှေသံလွင်စက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အဓိကကတော့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေပေါ့။ ခုချိန်ကတော့ ထိုးပြီးသွားပြီပေါ့။ ဒါပေမဲ့ နောက်တိုးထိုးချင်တဲ့သူတွေလည်း ရှိတယ်။ အဲဒါကို နောက်ပိုင်းဆက်လုပ်သွားမှာပေါ့။ ကျွန်တော့်အမြင်အရဆို ဆေးထိုးတာကတော့ ပိုကောင်းတာပေါ့နော်။ ဆေးထိုးတာတော့ အနည်းအများတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဘယ်သူမှတော့ ကူးမယ်၊ မကူးဘူးဆိုတာ အာမခံချက်တော့ မရှိဘူးပေါ့။ ထိုးပြီးသူတွေကတော့ မထိုးရသေးတဲ့သူတွေ ထက်ပိုပြီးတော့ ကောင်းတာပေါ့” ဟု ရွှေသံလွင်စက်မှုဇုန်ကော်မတီ တာဝန်ရှိသူက ပြောကြားသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်ဖြင့် အသက် ၆၅ နှစ်နှင့် အထက်မိဘပြည်သူများ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည် ့ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ အကျဉ်းထောင်များရှိ အကျဉ်းသားများနှင့် အချုပ်သားများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ပုဂ္ဂိုလ်များ (ကုန်းကြောင်း၊လေကြောင်း၊ ရေကြောင်း)၊ စူပါမားကက်များ၊ စျေးများမှ ဝန်ထမ်းများ အမြန်ဆုံး ထိုးနှံသွားမည်ဖြစ်ပြီး ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ အမြန်ဆုံး ဆက်လက်ထိုးနှံပေးသွားမည်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေးထိုးနှံပေးလျက်ရှိပြီး ယင်းဦးတည်အုပ်စုပြီးပါက အသက် ၁၂ နှစ်မှ ၁၈ နှစ်အောက် ခြောက်သန်းကို ထိုးနှံပေးရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိတစ်ရက်လျှင် COVID-19 ရောဂါကာကွယ်ဆေး တစ်သိန်းခွဲထိုးနှံပေးနေပြီး သတ်မှတ်ထားသည့် ဦးတည်အုပ်စုများကို ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
သြဂုတ်လတွင် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ရောဂါကာကွယ်ဆေး Sinopharm (BeiJing) နှစ်သန်းရောက်ရှိမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံက လှူဒါန်းထားသော ကာကွယ်ဆေးနှစ်သန်းနှင့် ဝယ်ယူထားသည့် Sinovac ကာကွယ်ဆေးနှစ်သန်း စုစုပေါင်းကာကွယ်ဆေးလေးသန်း မြန်မာနိုင်ငံသို့ ရောက်ရှိထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovac ကာကွယ်ဆေးများသည် WHO ၏ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများဖြစ်ပြီး ဗီဇပြောင်းပိုးများကို ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိ ကာကွယ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားထားသည်။
သြဂုတ် ၂၄ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၄ ဒသမ ၅၄ သန်းရှိပြီး နှစ်ကြိမ်အပြည့်ထိုးပြီးသူ ၁ ဒသမ ၈ သန်းခန့်နှင့် တစ်ကြိမ်ထိုးပြီးသူ ၂ ဒသမ ၇၄ သန်းကျော်ရှိပြီး လက်ရှိတွင် ဦးတည်အုပ်စုများဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများတွင် ဆက်လက်ထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
COVID-19 ကူးစက်ပျံ့နှံမှုကြောင့် စီးပွားရေးလုပ်ငန်းများ ကျဆင်းမှုကို ပြန်လည်ကုစားနိုင်ရန်နှင့် လုပ်ငန်းခွင်ဘေးကင်းစေရေးတို့အတွက် COVID-19 ကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံပေးရန် လိုအပ်ပြီး လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ အာမခံချက်အနေဖြင့် အလုပ်သမားများ၏ လုပ်ငန်းခွင် ကျန်းမာရေးဆိုင်ရာဘေးကင်းလုံခြုံမှုကို ရရှိနိုင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
