Top News

ဆာကာကို ရက်သတ္တပတ်များစွာ ဆုံးရှုံးရမည်ဟု အာတီတာ အတည်ပြုပြောကြား
24htopnews | December 25, 2024 4:12 PM CST

အာဆင်နယ်နည်းပြ အာတီတာက အင်္ဂလန်တောင်ပံကစားသမား ဆာကာကို ရက်သတ္တပတ်များစွာ ဆုံးရှုံးရမည်ဟု အတည်ပြုပြောကြားခဲ့သည်။

ဆာကာသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန်(၂၄)မိနစ်မှာပင် လူစားလဲခံခဲ့ရသည်။

ယင်းအချိန်ကတည်းက အာတီတာက ဆာကာ၏ ဒဏ်ရာအခြေအနေအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ယခုအခါ ရက်သတ္တပတ်များစွာ အနားယူရမည်ဟု အတည်ပြုခဲ့ခြင်း ဖြစ်သည်။

''ကြည့်ရတာ အခြေအနေမကောင်းပါဘူး။ သူ့ကို ရက်သတ္တပတ်များစွာ ဆုံးရှုံးရမှာပါ။ အရမ်းတိတိကျကျတော့ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အသေအချာမသိလို့ပါ။ ဒါပေမဲ့ ရက်သတ္တပတ်များစွာတော့ နားရမှာပါ''ဟု အာတီတာက ပြောကြားခဲ့သည်။

ထို့ကြောင့် ဆာကာ အနားယူရမည့် အချိန်ကာလကို ခန့်မှန်းသုံးသပ်မှုများ ပြုလုပ်လျက်ရှိရာ မီဒီယာအချို့က (၄)ပတ်မှ (၆)ပတ်ဝန်းကျင် အနားယူရမည်ဟု သုံးသပ်ခဲ့ပြီး အာဆင်နယ်အသင်းနှင့် နီးစပ်သည့် မီဒီယာအချို့ကမူ အနည်းဆုံး(၈)ပတ်ဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သုံးသပ်ဖော်ပြခဲ့သည်။

အာတီတာက ဆာကာကို ကာလအတန်ကြာ ဆုံးရှုံးရမည့်အခြေအနေမှာ အသင်းအတွက် ကြီးမားသည့် ဟာကွက်တစ်ခု ဖြစ်သော်လည်း ယင်းစိန်ခေါ်မှုကို အကောင်းဆုံးရင်ဆိုင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

ဆာကာ(၂၃ နှစ်)သည် လက်ရှိအချိန်၌ အာဆင်နယ်အသင်း၏ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ယခုရာသီ၌ ပြိုင်ပွဲစုံ (၂၄)ပွဲတွင် (၉)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၃) ကြိမ် ပြုလုပ်ပေးထားကြောင်း သိရသည်။ 


READ NEXT
Cancel OK