Top News

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်မည်
24htopnews | December 25, 2024 6:12 PM CST

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက်တွင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆီဒင်သတ်မှတ်မှုအရ  Pot-1  တွင် အိမ်ရှင်အိန္ဒိယ၊ ၂၀၁၈ ပြိုင်ပွဲချန်ပီယံ ဂျပန်၊ ဒုတိယရသြစတြေးလျ၊  Pot-2  တွင် တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း၊ Pot-3 တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေ၊ Pot-4 တွင် မြန်မာ၊ အီရန်၊ အင်ဒိုနီးရှားအမျိုးသမီးအသင်းတို ့ပါဝင်နေလျက်ရှိသည်။

AFC သည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်းအရေအတွက် တိုးမြှင့်ထားပြီး စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးအဆင့်ကို (၄)သင်း သုံး အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည်။

ယင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံရှိ မြို့ကြီးသုံးမြို့၌ ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ဂျပန်အသင်း၊ ဒုတိယဆုရခဲ့သည့် သြစတြေးလျအသင်း၊ တတိယဆုရခဲ့သည့် တရုတ်အသင်းအပါအဝင် အိမ်ရှင်အိန္ဒိယအသင်းတို့မှာ ခြေစစ်ပွဲကစားရန်မလိုဘဲ တိုက်ရိုက်ယှဉ် ပြိုင်ခွင့်ရထားပြီး ကျန်ရှစ်သင်းမှာမူ ခြေစစ်ပွဲကစားပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စု သုံးခုမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံး နှစ်သင်း ကွာတားဖိုင်နယ်တက်ခွင့်ရမည်ဖြစ်သည်။

ထို့ကြောင့် နောက်ဆုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် အသင်းများအနေဖြင့် အုပ်စုအဆင့်ကျော်လွန်ရန် အခွင့်အရေးရှိနေပြီး ခြေစစ်ပွဲအောင်မြင်ထားသည့် မြန်မာအသင်းအနေဖြင့်လည်း ပထမဆုံးအကြိမ် အုပ်စုအဆင့်ကျော်လွန်ရန် အခွင့်အရေးရှိနေခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှဖလားအမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၄ ပြိုင်ပွဲနောက်ပိုင်း ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲတွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။ 


READ NEXT
Cancel OK