Top News

မန္တလေးမြို့တွင် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲလူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဆရာဝန်နှင့် ၎င်း၏ဆေးခန်းအကူအား ဖမ်းဆီးရမိ
24htopnews | December 25, 2024 6:12 PM CST

မန္တလေးမြို့တွင် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲလူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဆရာဝန်နှင့် ၎င်း၏ဆေးခန်းအကူအား ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်မှုအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နေ ဦးအောင်ကျော်စိုး (၆၇) နှစ်ထံသို့ ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် အမျိုးသားတစ်ဦးမှ ဖုန်းအမှတ် ၀၉၆၈၁၂၀၁၄၅၇ ဖြင့်ဆက်သွယ်၍ သားဖြစ်သူ ဒေါက်တာအောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားကြောင်း၊ အသက်မသေစေလိုက ကျပ်သိန်း ၃၀၀၀ ကို မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်သို့လာထားရန်၊ လာထားသောငွေကို ၎င်းတို့လက်ခံရရှိပြီးမှသာ ဖုန်းဆက်သွယ်၍ သားဖြစ်သူအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကိုမျှ တိုင်တန်းခြင်းမပြုရန်ပြောသဖြင့် ဦးအောင်ကျော်စိုးသည် မည်သူ့ထံမျှ တိုင်တန်းခြင်းမပြုဘဲ ၎င်းချိန်းဆိုသည့်နေရာသို့သွားရောက်၍ ကျပ်သိန်း ၃၀၀၀ ကို ပြန်ပေးဆွဲသူထားခိုင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီးနောက် ငွေလက်ခံရရှိကြောင်း ပြန်ဆက်သွယ်သော်လည်း သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် အောင်ပင်လယ်နယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၂၆၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၂ နာရီတွင် မသင်္ကာသူ ဒေါက်တာ အောင်ဇင်ဖြိုး (၃၆) နှစ် (ဘ) ဦးစိုးမြင့် (ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် ၈၂ လမ်း လမ်းသစ်လမ်း x ၁၀၅ လမ်းကြား ငွေလရောင်ဆေးခန်း) အား စစ်ဆေးခဲ့ရာ ၎င်း၏ထွက်ဆိုချက်အရ ဒေါက်တာအောင်မြင့်မြတ်ထွန်းနှင့် ဆေးကျောင်း အတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများဖြစ်ကြောင်း၊ ၎င်းသည် Online ဘောလုံး၊ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲ၍ ဒေါက်တာအောင်မြင့်မြတ်ထွန်း၏ မိဘများထံ ငွေကြေးတောင်းခံရန်ရည်ရွယ်ကာ မြို့ဟောင်းရှိ ၎င်းပိုင် ငွေလရောင်ဆေးခန်းသို့ ဖုန်းဆက်ခေါ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကားဖြင့် ရောက်ရှိလာချိန်တွင် ဒေါက်တာ အောင်ဇင်ဖြိုးသည် ၎င်း၏ဆေးခန်းမှ အကူဖြစ်သူ လွမ်းဇင်အောင် (ခ) မိုးဒီနှင့်အတူ ချုပ်နှောင်နပန်းလုံးပြီး ပါးစပ်၊ လက်၊ ခြေထောက်တို့ကို တိတ်ဖြင့်ပတ်၍ လည်ပင်းညှစ်ရာမှ သေဆုံးသွားသဖြင့် အလောင်းအား ဆေးခန်းအတွင်း၌ထားရှိကာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ဖုန်းဖြင့်အသံဖျက်၍ ပြန်ပေးဆွဲထားကြောင်း၊ ကျပ်သိန်း ၃၀၀၀ ကို မဟာမြတ်မုနိဘုရားတောင်ဘက်မုခ်သို့ လာရောက်ပို့ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏မိဘများက လာရောက်ထားပေးခဲ့သည့်ငွေများကို မီနီအိုးဝေဖြင့် အဆင့်ဆင့်ငှား၍ယူဆောင်ကာ အဆိုပါငွေထဲမှ ငွေ ၂၂ သိန်း ၅ သောင်းကျပ်ဖြင့် Canda 125 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ ကျပ် ၈၈ သိန်းဖြင့် Scoopy အမျိုးအစားဆိုင်ကယ်တစ်စီး၊ ကျပ်သိန်း ၈၀၀ ဖြင့် MDY-13 9N/6995 Honda Inside အမျိုးအစားမော်တော်ယာဉ်တစ်စီးတို့ကို ဝယ်ယူခဲ့ကြောင်းနှင့် သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းအား သေဆုံးသူ၏ MDY-13 2L/2843 Honda Inside မော်တော်ယာဉ်ဖြင့် သယ်ယူကာ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈) လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်းထဲသို့ပစ်ချခဲ့ကြောင်း၊ မော်တော်ယာဉ်အား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ လွမ်းဇင်အောင် (ခ) မိုးဒီ (၂၈ နှစ်) (ဘ) ဦးတင်ထွဋ်ကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာအောင်မြင့်မြတ်ထွန်း၏အလောင်းကို ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက်ရှိ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနှင့် (၇၈) လမ်းကြား လမ်းဘေးရှိ ရေမြောင်းအတွင်းမှလည်းကောင်း၊ ကားကို တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းမှလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲခြိမ်းခြောက်တောင်းဆိုရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ်နှစ်စီး၊ မော်တော်ယာဉ်တစ်စီး၊ ငွေစက္ကူရောရာ ၁၀၂၂ သိန်းကျပ်နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီးတို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဖြိုးနှင့် မိုးဒီ(ခ)လွမ်းဇင်အောင်တို့ နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်မှုအရ သိရသည်။


READ NEXT
Cancel OK