Top News

■ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲသည် မိမိ၏ မန်ယူနည်းပြဘဝသက်တမ်းတွင် အမှောင်မိုက်ဆုံးပွဲဖြစ်သည်ဟု ဆိုးလ်ရှား ဝန်ခံ
24htopnews | December 25, 2024 6:12 PM CST

မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက လီဗာပူးလ်အသင်းကို အိမ်ကွင်းတွင် (၀-၅)ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့သည့်ပွဲသည် မိမိ၏မန်ယူအသင်းနည်းပြဘဝသက်တမ်းတစ်လျှောက်တွင် အမှောင်မိုက်ဆုံးပွဲဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယင်းပွဲစဉ်တွင် လီဗာပူးလ်အသင်းကို သမိုင်းတစ်လျှောက် ရလဒ်အဆိုးဆုံးပွဲစံချိန်နှင့် တူညီခဲ့သလို၊ ပရီးမီးယားလ်ဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်းတွင် (၄)ဂိုးပြတ်အရေးနိမ့်ခဲ့ကြောင်းလည်း သိရှိရသည်။ 

ထို့ပြင် မန်ယူအသင်း၏ကွင်းလယ်လူ ပေါ့ဘာမှာလည်း လူစားဝင်လာပြီး မိနစ် (၂၀)အကြာတွင် လီဗာပူးလ်ကွင်းလယ်လူ ကီတာအား ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့မှုကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ 

မန်ယူအသင်းပရိသတ်များသည် ပွဲအပြီးတွင် ကွင်းထဲမှ ကစားသမားထွက်ခွာချိန်၌ လှောင်ပြောင်အော်ဟစ်မှုများပြုလုပ်ခဲ့ကြသလို၊ ပရိသတ်အများအပြားသည် ပွဲပြီးဆုံးသည်အထိ ကြည့်ရှုခြင်းမပြုဘဲ ဒုတိယပိုင်းအစတွင်ပင် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ကြောင်းလည်း သိရှိရသည်။ 

မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားအား သူ၏ရာထူးအတွက် ထိုက်တန်မှုရှိ၊ မရှိ မေးခွန်းများလည်း ထွက်ပေါ်လာခဲ့ရာ ဆိုးလ်ရှားက ''ကျွန်တော်တို့ အမှတ်ပေးချန်ပီယံဆုကို လက်လျှော့လိုက်ရဖို့ အရမ်းနီးစပ်နေပါပြီ။ ကျွန်တော်တို့အသင်းဟာ အသင်းကောင်းတစ်သင်း ဆိုတာနဲ့ အဝေးကြီးမှာ ရောက်နေပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်တယ်။ ဒီအသင်းကို ကျွန်တော်တို့လိုချင်တဲ့ပုံစံနဲ့ အနီးစပ်ဆုံးအထိ လုပ်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ရလဒ်တွေက မကောင်းသေးဘူး။ ဒါကြောင့် အားလုံးရဲ့စိတ်ထဲမှာ မယုံကြည်ကြသေးဘူးဆိုတာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ယုံကြည်ချက်တွေက ခိုင်မာနေဆဲဖြစ်ပြီး လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အခုအချိန်အထိတော့ ကျွန်တော် ဘာမှမကြားရသေးပါဘူး။ (ဘုတ်အဖွဲ့က ရာထူးမှ ထုတ်ပယ်မည့်အခြေအနေကို ရည်ရွယ်) ဒါကြောင့် မနက်ဖြန်လုပ်ရမယ့် အလုပ်တွေအတွက်ပဲ ကျွန်တော် တွေးနေပါတယ်။ ကျွန်တော်တို့က အခုအချိန်မှာ အောက်ဆုံးအထိ ကပ်နေပါပြီ။ ဒီထက်ဆိုးတဲ့အခြေအနေ မရှိတော့ဘူးလို့ ကျွန်တော် ခံစားနေရတယ်လို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် အဆိုးဆုံးတွေနဲ့ ကြုံတွေ့နေရတာပါ။ ဒီထက်နိမ့်ကျတဲ့အခြေအနေ မရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာပဲ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်။ ဒါဟာ လက်ရှိ ကျွန်တော့်ရဲ့ခံစားမှုဖြစ်ပြီး ရှေ့ကိုဆက်သွားဖို့လည်း ကျွန်တော် ရည်ရွယ်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် မန်စီးတီးအသင်းကို (၁-၆) ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ (၁၀)နှစ်ပြည့်ကာလတွင် လီဗာပူးလ် အသင်းကို (၅)ဂိုးပြတ်အရှုံးပေးခဲ့ရခြင်းဖြစ်ပြီး ပွဲချိန်အတွင်းတွင် လီဗာပူးလ်ပရိသတ်များ၏ လှောင်ပြောင်မှု များနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ 


READ NEXT
Cancel OK