Top News

မန်စီးတီးအသင်း ရလဒ်များဆိုးရွားနေချိန်တွင် ဂိုးသွင်းနှုန်းကျဆင်းနေသဖြင့် ဝေဖန်ခံနေရသည့် တိုက်စစ်မှူး ဟာလန်းကို အသင်းနည်းပြ ဂွါဒီယိုလာ ကာကွယ်
24htopnews | December 26, 2024 3:12 AM CST

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရလဒ်များဆိုးရွားနေချိန်တွင် ဂိုးသွင်းနှုန်းကျဆင်းပြီး ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်ခံနေရသည့် အသင်းတိုက်စစ်မှူး ဟာလန်းကို ကာကွယ်ပြောကြားခဲ့သည်။ 

အသက် (၂၄) နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းသည် ၂၀၂၄ -၂၅ ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ် (၅) ပွဲတွင် ဟက်ထရစ် (၂) ကြိမ်အပါအဝင် (၁၀) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ သို့သော် စက်တင်ဘာလကုန်ပြီးနောက် ဟာလန်းသည် ခြေစွမ်းကျဆင်းသွားခဲ့ပြီး (အဲဗာတန်နှင့် ကစားသည့်ပွဲမတိုင်မီ အထိ)နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲတွင် (၃) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ ဟာလန်း ဂိုးသွင်းနှုန်းကျချိန်မှာ မန်စီးတီးအသင်း ရလဒ်ဆိုးရွားချိန်နှင့် တိုက်ဆိုင်နေသဖြင့် ၎င်း၏ခြေစွမ်းအပေါ် ဝေဖန်မှုများ ရှိနေသည်။ 

သို့သော် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မန်စီးတီးအသင်း ရလဒ်ဆိုးရွားနေခြင်းမှာ ဟာလန်းတစ်ဦးတည်းနှင့်မသက်ဆိုင်ဘဲ ၎င်းတို့အားလုံးနှင့်သက်ဆိုင်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ဟာလန်းကို ကောင်းကောင်းအသုံးချနိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "(မန်စီးတီးအသင်း ရလဒ်တွေဆိုးနေတာက) ကျွန်တော်တို့ကြောင့်ပါ။ ကစားသမားတစ်ဦးတစ်ယောက်ကြောင့် မဟုတ်ပါဘူး။ အရင်တုန်းက ကျွန်တော်တို့အသင်း ဂိုးတွေသွင်းခဲ့တုန်းက ဟာလန်းအနေနဲ့ ဂိုးတွေအများကြီး သွင်းပေးခဲ့ပြီး ကျွန် တော်တို့ကို ကူညီခဲ့တာပါ။ အဲဒီတုန်းက ဟာလန်း ဂိုးတွေသွင်းနိုင်တာဟာလည်း ကျွန်တော်တို့ကြောင့်၊ အသင်းကြောင့် ဖြစ်ပါတယ်။ ဟာလန်းက ကျွန်တော့်အတွက် အရမ်းအရေးကြီးပြီး အရေးကြီးနေဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို ကောင်းကောင်းအသုံးချနိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာလက်ထက် အဆိုးရွားဆုံးကာလနှင့်ရင်ဆိုင်နေရပြီး (အဲဗာတန်နှင့်ပွဲမတိုင်မီအထိ) ပြိုင်ပွဲစုံ (၁၂) ပွဲတွင် (၉) ပွဲအထိ ရှုံးနိမ့်ထားပြီး (၁) ပွဲသာ အနိုင်ရထားသည်။ 


READ NEXT
Cancel OK