Top News

အမာခံကစားသမားများကို VUC အသင်း ဆက်တိုက်ထွက်ခွာခွင့်ပြုနေပြီး ဝေဇင်ဦး၊ နိုင်လင်းထွန်းကျော်နှင့် ထွဋ်ဝေထွန်းတို့ကို ထပ်မံထွက်ခွာခွင့်ပြု
24htopnews | December 26, 2024 3:12 AM CST

 

MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲတွင် နှစ် ရာသီဆက်တိုက် ဗိုလ်စွဲထားသည့် VUC အသင်းသည် ရာသီသစ်မစတင်မီ အမာခံကစားသမားများအား ဆက်တိုက်ထွက်ခွာခွင့်ပြုနေပြီး ဝေဇင်ဦး၊ နိုင်လင်းထွန်းကျော်နှင့် ထွဋ်ဝေထွန်းတို့ကို ထပ်မံထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်း ဖူဆယ်လောကကို ကြီးစိုးထားသည့် VUC အသင်းသည် ချန်ပီယံဆုဖလားများ ဆက်တိုက်ရရှိရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူများကို ရာသီသစ်မစတင်မီ ထွက်ခွာခွင့်ပြုနေခြင်းဖြစ်သည်။ VUC အသင်းသည် အောင်ဇင်ဦး၊ မျိုးမြင့်စိုးနှင့် ငြိမ်းမင်းစိုးတို့ကို ထွက်ခွာခွင့်ပြုပြီးနောက် ဝေဇင်ဦး၊ နိုင်လင်းထွန်းကျော်နှင့် ထွဋ်ဝေထွန်းတို့ကို ထပ်မံထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 

ယခင်ထွက်ခွာခဲ့သည့် သုံးဦးအနက် ငြိမ်းမင်းစိုးနှင့် အောင်ဇင်ဦးမှာ MH Dream Team အသင်းသို့လည်းကောင်း၊ မျိုးမြင့်စိုး မှာ တန်းတက် YRG အသင်းသို့လည်းကောင်း ပြောင်းရွှေ့သွားခြင်းဖြစ်သည်။ ယခုထပ်မံ ထွက်ခွာခဲ့သည့် ဝေဇင်ဦး၊ နိုင်လင်းထွန်းကျော် နှင့် ထွဋ်ဝေထွန်းတို့မှာလည်း တန်းတက် YRG အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသည်။

VUC အသင်းသည် အမာခံကစားသမားခြောက်ဦးအထိ ထွက်ခွာခွင့်ပြုထားသဖြင့် လာမည့်ရာသီအတွက် ကစားသမားသစ်များစွာ ပြန်လည်အင်အားဖြည့်တင်းရမည်ဖြစ်ပြီး လူငယ်ကစားသမားများကို ဦးစားပေးခေါ်ယူဖွယ်ရှိနေသည်။ VUC အသင်းသည် MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ချန်ပီယံဆုကို ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃- ၂၀၂၄ ရာသီတွင် နှစ်ရာသီဆက်တိုက် ရရှိထားသည်။ သို့သော် ယခုရာသီအတွက် ပထမဆုံးပြိုင်ပွဲဖြစ်သည့် MFF ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဓိကပြိုင်ဘက် MIU အသင်းကို ဆီမီးဖိုင်နယ်၌ အရေးနိမ့်ပြီး ချန်ပီယံဆုလက်လွှတ်ခဲ့ရသည်။


READ NEXT
Cancel OK