Top News

ကာမလိမ်လည်မှုဖြင့် တရားစွဲခံရသည့် မိုးအောင်ရင်အမှုတွင် နှစ်ဖက်အမှုသည်များက ကျေအေးပေးလိုသည့် ဆန္ဒမရှိကြောင်း တရားခွင်တွင် ပြောကြား
24htopnews | December 26, 2024 4:12 PM CST

ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ၏ တရားစွဲဆိုခြင်းကို ခံထားရသည့် သရုပ်ဆောင် မိုးအောင်ရင်အမှုတွင် နှစ်ဖက်အမှုသည်များက ကျေအေးပေးလိုသည့် ဆန္ဒမရှိကြောင်း တရားခွင်တွင် ပြောကြားခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောကြားခဲ့သည်။

“ဒီနေ့အစည်းအဝေးကတော့ အပြီးသတ် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်တာ ဖြစ်ပါတယ်။ တရားလိုပြ သက်သေတွေ ကြားနာဖို့အတွက်ကို ရုံးချိန်း သုံးချိန်း သတ်မှတ်ထားပါတယ်။ စတင်ကြားနာမဲ့ နေ့ရက်ကိုတော့ နှစ်ဖက်ပြန်လည် ညှိနှိုင်းပြီးတော့ ဇန်နဝါရီ ၃၁ ရက် သတ်မှတ်ကြပါတယ်။ နှစ်ဖက်အမှုသည်တွေက ဒီကနေ့ရုံးချိန်းမှာ ကျေအေးပေးလိုတဲ့ ဆန္ဒမရှိကြောင်း နှစ်ဖက်လုံးက ပြောသွားပါတယ်။ လိုပြသက်သေ စစ်ဆေးမဲ့ ရုံးချိန်းတွေကတော့ ဇန်နဝါရီ ၃၁ ရက်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့ ဖြစ်ပါတယ်။ တရားလိုဘက်ကတော့ ဒီနေ့အထိ နောက်တိုးသက်သေ တင်ပြထားတာ မရှိပါဘူး '' ဟု ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောကြားခဲ့သည်။

ရုံးချိန်းကို ဇန်နဝါရီ ၃၁ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး ယင်းနေ့တွင် လိုပြသက်သေကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“နောက်ရုံးချိန်းက ၃၁ ရက်နေ့ပါ။ ဒီနေက ရုံးချိန်းတွေပဲ ပေးဖြစ်ပါတယ်။ ကျေအေးပေးဖို့ ဆန္ဒမရှိပါဘူး။ နဂိုကတည်းက ဆုံးဖြတ်ထားတဲ့ကိစ္စမလို့ပါ။ ဒီအမှုကိုလည်း ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမယ်ဆိုတော့ ကိုယ်အတွက်လည်း စိတ်ချမ်းသာရမှာပေါ့။ သူနဲ့ပတ်သက်ပြီးတော့ ဆုံးရှုံးသွားတာ အများကြီးပေါ့။ အခုအချိန်ထိတောင် ဆုံးရှုံးသွားတာပါ။ ကိုယ်ရဲ့ သိက္ခာတွေရော ကိုယ်ရဲ့အချိန်တွေရော အများကြီး ပေးဆပ်ခဲ့ရတယ်။ မျှော်လင့်ချက်ကြီးနဲ့ လုပ်ပေးခဲ့တာ မဟုတ်ပါဘူး။ ဒီလောက်ကြီးလည်း ရိုင်းမယ်။ ဒီလိုမျိုးလည်းလုပ်မယ် မျှော်လင့်မထားခဲ့ဘူး။ ကိုယ်ဘက်က ပေးဆပ်တာ ဖြူဖြူစင်စင်နဲ့ ပေးဆပ်ခဲ့တာပါ။  သူထောင်ကျသွားပြီး ကတည်းက အလုပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ဒါပေမဲ့ အလုပ်လုပ်လိုက်လို့ရှိရင် သူကိုသွားကြည့်ပေးမဲ့သူလည်း ရှိမှာမဟုတ်ဘူး။ ကူညီပေးမဲ့သူလည်း မရှိဘူး။ သူတစ်ယောက်တည်း ဖြစ်နေတယ်ပေါ့။ အဲ့ဒီတော့ ငါသွားလုပ်ပေးမှ ဖြစ်မှာဆိုပီး သွားလုပ်ပေးခဲ့တာပါ။ အဲ့အချိန် သူရုံးချိန်းတွေလည်း တစ်ရက်မှ မပျက်ခဲ့ပါဘူး။ အဲ့အချိန် သူအဖေ အမေကလည်း ဒီမှာမရှိပါဘူး။ သမီးကိုယ်တိုင် သွားပေးပါ။ သေချာလေး သူသားကို ကြည့်ပေးလို့ ပြောထားတာပါ” တရားလိုဖြစ်သူ မိုးအောင်ရင်၏ ရည်းစားဟောင်း မခင်မြတ်နိုးက ပြောကြားခဲ့သည်။

သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက် ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးကျင်းပခဲ့ပြီး အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အမှုကို ဇန်နဝါရီ ၃၁ ရက်တွင် စတင် စစ်ဆေးမည်ဖြစ်ပြီး ဧပြီ ၂၂ ရက်တွင် အပြီးသတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း ရန်ကင်းမြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောကြားခဲ့သည်။

ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ၏ တရားစွဲဆိုခြင်းကို ခံထားရသည့် သရုပ်ဆောင် မိုးအောင်ရင်ကို ကျပ်သိန်း ၁၀၀ ခံဝန် နှစ်ဦးဖြင့်  ဒီဇင်ဘာ ၁၃ ရက်တွင် အာမခံပေးခဲ့ကြောင်း သိရသည်။

မိုးအောင်ရင်၏ ရည်းစားဟောင်းဖြစ်သူဟုဆိုသည့် မခင်မြတ်နိုးက နိုဝင်ဘာ ၂၂ရက် က ရန်ကင်းမြို့နယ် တရားရုံးသို့ လာရောက်ပြီး သရုပ်ဆောင် မိုးအောင်ရင်က ၄င်းအား လက်ထပ်မည်ဟု ပြောဆိုပြီး ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိဟုဆိုပြီး လာရောက်ဦးတိုက် လျှောက်ထားတရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကင်မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရသည်။

ထိုသို့တရားစွဲဆိုရာ ရန်ကင်းမြို့နယ်တရားရုံးမှ တရားလိုဖြစ်သူအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက် ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ သိရသည်။

သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၄၁၇ မှာ လိမ်လည်မှုပုဒ်မဖြစ်ပြီး မည်သူမဆို လိမ်လည်မှုကို ကျူးလွန်လျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားကြောင်း သိရသည်။

သရုပ်ဆောင် မိုးအောင်ရင်အနေဖြင့် ၄င်း၏ချစ်သူဖြင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာ တစ်ခုတွင် အင်တာဗျူးဖြေကြားခဲ့ပြီးနောက်ပိုင်း ယခုလိုတရားစွဲဆိုခြင်း ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သရုပ်ဆောင် မိုးအောင်ရင်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့တာကြောင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ပုဇွန်ထောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်နှင့် ဒီဇင်ဘာလမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အမိန့်ချမှတ်ခံရပြီးနောက် ၂၀၁၉ မေလမှာ သရုပ်ဆောင် မိုးအောင်ရင်ဟာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်အချို့တွင် သမ္မတ လွတ်ငြိမ်းသက်သာခွင့်သည် တန်းတူညီမျှမှုမရှိဟုဆိုကာ ထောင်ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်ဆူပူမှုများအနက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် အပြင်းထန် ဆုံးဖြစ်ခဲ့ကာ အကျဉ်းသား လေးဦး သေဆုံးခဲ့ကြောင်းလည်း သိသည်။

 မေ ၈ ရက် ညနေတွင် စတင်ဖြစ်ပွားခဲ့သည့် ရွှေဘိုထောင် အကျဉ်းသားဆူပူမှုမှာ နာရီပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီး အကျဉ်းသူ၊ အကျဉ်းသားတွေက မူးယစ်မှုဖြင့် အကျဉ်းကျခဲ့သူ မိုးအောင်ရင် လွတ်မြောက်ခဲ့မှုအပေါ် ရွှေဘိုထောင်ရှိ မူးယစ်အမှုဖြင့် ထောင်ကျနေသူများကိုပါ လွတ်ငြိမ်းခွင့်ပြုရန်၊ တန်းတူညီမျှမှု အခွင့်အရေးရရှိရေး၊ မှန်မှန်ကန်ကန် ဖြစ်စေရေး စသည့်အချက်များကို တောင်းဆိုကာ ဆူပူမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

 


READ NEXT
Cancel OK