Top News

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖဖြစ်သူတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့်အမှုတွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၁၂ ဦးအား စစ်ဆေးမည်
24htopnews | December 26, 2024 4:12 PM CST

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မယမင်းမြတ်နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၁၂ ဦးအား စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ သိရသည်။

ကိုကျော်နိုင်နှင့် မယမင်းမြတ်တို့နှစ်ဦး အမှုကို ဇန်နဝါရီ ၁၅ ရက်က ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (CMP) အရ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ ရာဇဝတ်ကြီးအမှုအမှတ် ၁၂၇/၂၀၁၉၊ ဒုရဲမှူးမင်းခိုင်နဲ့ ကိုကျော်နိုင်ပါနှစ်ဦး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အမှုကို ချိန်းဆိုခဲ့ပါတယ်။ အမှုမှာ ယနေ့ ဆောင်ရွက်ချက်တွေကတော့ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ နောက်ရုံးချိန်းမှာ အပြီးသတ်ကြိုတင်ညှိနှိုင်း အစည်းအဝေးပြုလုပ်သွားဖို့ ချိန်းဆိုထားခဲ့ပါတယ်။ တရားလိုဘက်မှ တရားလိုအပါအဝင် တရားလိုပြသက်သေ ၁၂ ဦး တင်ပြထားပါတယ်။ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးဟာ မှုခင်းခန့်ခွဲမှုအစီအစဉ်နဲ့ ဆောင်ရွက်နေတဲ့ တရားရုံးဖြစ်တဲ့အတွက် စွဲဆိုလာတဲ့တရားမမှုများ၊ ရာဇဝတ်မှုများကို မှုခင်းခန့်ခွဲမှု အစီအစဉ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယ ခရိုင်တရားသူကြီး (၅) ၊ တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောကြားသည်။ 

အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးမည့် ကိုကျော်နိုင်နှင့် မယမင်းမြတ်တို့ အမှု၌ ဇန်နဝါရီ ၇ ရက်ရုံးချိန်းတွင် ရှေ့နေ ကိုယ်စားလှယ်တင်ခဲ့ပြီး တရားလွှတ်တော် ရှေ့နေနှစ်ဦးနှင့် အထက်တန်းရှေ့နေ တစ်ဦးလိုက်ပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အမှုကို ဇန်နဝါရီ ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့ရုံးချိန်းတွင် အပြီးသတ် ကြိုတင်ညှိနှိုင်း အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို မူလက မရမ်းကုန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှု၏တရားလိုဖြစ်သူ ဒုရဲမှူးမင်းခိုင်က ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၌ ရုံးပြောင်းစစ်ဆေးပေးရန် လျှောက်ထားမှုကို လက်ခံကြောင်း တရားရုံးက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။                                           

 


READ NEXT
Cancel OK