Top News

ကျောက်ဖြူမြို့တွင် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်အား အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွား
24htopnews | December 26, 2024 4:12 PM CST

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်အား အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၃ နာရီခန့်က မိန်းကလေးငယ်၏ မိခင်ဖြစ်သူက ပြင်ဖြူမော်ရပ်ကွက် ကူတာမော်ပိတ်ဆိပ်သို့ ငါးဝယ်ရန် သွားရောက်စဉ် အိမ်နီးနားချင်း တံငါလုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသား နှစ်ဦးက မိန်းကလေးငယ် တစ်ယောက်တည်း သွားနေသည်ကို မြင်တွေ့ကာ ဖမ်းဆီးပြီး ရိုက်နှက်၍ ချုံပုတ်ထဲသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့သဖြင့် ရွာသားများက ကလေးမလေးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှ စခန်းမှူးက “မိခင်က ငါးသွားဝယ်တုန်းမှာ အမျိုးသား နှစ်ယောက်က အဓမ္မပြုကျင့်တာပေါ့၊ ကလေးကို ဆေးရုံပို့ထားတယ် ဆိုပြီးပြောမှ အမေက လိုက်လာတယ်။ ကလေးမှာလည်း ဒဏ်ရာတွေ ရထားတဲ့အတွက် အမေက တရားလိုလုပ်တိုင်တယ်။ တရားခံကိုတော့ ဖမ်းထားတယ်။ အမှုဖွင့်ထားတယ်။ ရွာသားအချို့ စခန်းရှေ့ကို ရောက်လာပြီး သူ့ကိုတောင်းတာပေါ့၊ မခံမရပ်နိုင် ဖြစ်ပြီးတော့။ ကျွန်တော်ကတော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပြန်ကြပါလို့ ပြောလိုက်တယ်။ ပြန်သွားကြတယ်။ ပြစ်မှုကျူးလွန် သူတွေကတော့ ပေါက်တောမြို့နယ် ဖဒူကျေးရွာအုပ်စုမှ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက် လာရောက်ပြီး ရေလုပ်ငန်း လုပ်ကိုင်နေသူ နိုင်မင်းထွန်း (၂၉ နှစ်) (ဘ) ဦးငမဲခေါင်၊ ဇော်မျိုးနောင် (ခ) မောင်ကြီးကတော့ နိုင်မင်းထွန်း ထွက်ဆိုချက်အရ ဖမ်းရတာဖြစ်တယ်။ အမှုဖွင့် ဖမ်းဆီးထားပါတယ်” ဟုပြောကြားသည်။

အဆိုပါ မိန်းကလေးငယ်တွင် ဝဲမျက်လုံး ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ အထက်နှုတ်ခမ်းဝဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာလက်ဖဝါး ပေါက်ပြဲဒဏ်ရာတစ်ချက်၊ နှာခေါင်းဖူးရောင် ညိုမည်းဒဏ်ရာ၊ ဝဲမျက်လုံး ဖူးရောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ထိုအမှုနှင့် ပတ်သက်ပြီး နိုင်မင်းထွန်းနှင့် ဇော်မျိုးနောင်(ခ)မောင်ကြီးတို့ နှစ်ဦးအား ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့် အမှုဖွင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK