Top News

သစ်တောဦးစီးဌာနပိုင် ဆင်နှစ်ကောင်အား ကျောက်တံခါးမြို့နယ် ဝန်ချောင်းအတွင်း ရေချနေစဉ် စိတ်ရိုင်းဝင်ပြီး ဆင်ဦးစီး နှစ်ဦးအား နင်းသတ်မှုဖြစ်ပွား
24htopnews | December 26, 2024 4:12 PM CST

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အိုင်တုံကွန်းအကွက်အမှတ်(၁၃)ရှိ ၊ ဝန်ချောင်းအတွင်း၌ သစ်တောဦးစီးဌာနပိုင် ဆင်နှစ်ကောင်အားရေချနေစဉ် ဆင်မှ စိတ်ရိုင်းဝင်ပြီး ဆင်ဦးစီးနှစ်ဦးအား နင်းသတ်ပြီး ထွက်ပြေးမှု ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေ ရဲစခန်းမှသိရသည်။

ဖြစ်စဉ်အခြေအနေနှင့်ပတ်သက်ပြီး တောကျွဲအင်းနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်ရီတင်က“ဖြစ်စဉ်က နံနက် ၈ နာရီလောက်ကပေါ့နော်၊ ဆင်ကိုရေချပေးနေရင်းနဲ့ ဆင်က လူနှစ်ယောက်ကို သတ်လိုက်တာပေါ့နော် ဝန်ချောင်းထဲမှာ၊ သေသွားတာက ကိုဝင်းလှိုင်ရယ် ၊ ကိုကျော်လင်းရယ် ဆင်ဦးစီးတွေပဲ သစ်ထုတ်လုပ်ရေးလုပ်ငန်းက ဝန်ထမ်းတွေပေါ့၊ ဆင်ကတော့ ဖြစ်ပြီးကတည်းက

အခင်းဖြစ်မှာတော့ ရှိသေးတယ် နောက် ကြာသွားတော့ လစ်သွားတယ်၊ သူတို့က ထူးကို ဖြုတ်ပေးလိုက်တာပေါ့နော်၊ အဲ့ဒါကို ကျွန်တော်တို့စခန်းက နေပြီးတော့ သေမှုသေခင်းအမှတ်စဉ်နဲ့ အမှုဖွင့်ထားပါတယ်ခင်ဗျ၊ နောက်ဆုံးအခြေအနေကတော့ ဆင်ကမမိသေးဘူးဗျ၊ သူတို့ ရန်ကုန်ကအဖွဲ့တွေမေ့ဆေးသေနတ်တွေနဲ့ မေ့ဆေးဆရာဝန်တွေနဲ့ခေါ်ထားတာ၊ ဆင်ကိုတော့ မိတယ်လို့တော့ သတင်းမကြားသေးဘူးဗျ”  ဟု‌ ဇန်နဝါရီ ၁၀ ည ၆ နာရီခွဲ ခန့်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီအချိန်ခန့်က ကျောက်တံခါးမြို့နယ် တောကျွဲအင်း နယ်မြေရဲစခန်းအပိုင်၊ ကြာအင်းကုန်းကျေးရွာအုပ်စု အိုင်တုံကွန်းအကွက်အမှတ် (၁၃) ရှိ ဝန်ချောင်းအတွင်း၌ ဆင်ဦးစီးနှစ်ဦးအား ဆင်များမှ နင်းသတ်ပြီးထွက်ပြေးသွားကြောင်း ကြာအင်းကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး ဦးမောင်မြင့်မှ တောကျွဲအင်းနယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခဲ့၍ ခေတ္တစခန်းမှူး  ဒုရဲအုပ်ရီတင်နှင့် တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ဦးဝင်းလှိုင် ၄၅နှစ်(ဆင်ဦးစီး)ကြာအင်းကုန်းကျေးရွာ ကျောက်တံခါးမြို့နယ်နေသူမှာ ဝန်ချောင်း ကမ်းပါးယံအနီး၌ လည်ပင်းပြတ်လုနီးပါး ဒဏ်ရာတစ်ချက် ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာတစ်ချက်ဖြင့်လည်ကောင်း၊ ဦးကျော်လင်း ၄၂ နှစ် (ဆင်ဦးစီး)ကြာအင်းကုန်းကျေးရွာနေသူမှာ သေဆုံးနေသူဦးဝင်းလှိုင်နှင့်ဆယ်ပေခန့်အကွာရှိ ဝန်ချောင်းအတွင်း၌ နဖူးညိုမဲဖူးရောင်ဒဏ်ရာ ဖြင့်လည်ကောင်း သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ဆင်များကိုတွေ့ရှိရခြင်းမရှိကြောင်း သိရသည်။

ဝန်ချောင်းအနီး ဆင်ဦးစီး ဦးဝင်းလှိုင်နှင့် ဦးကျော်လင်းတို့နှစ်ဦးသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်အား စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူ ဆင်ဦးစီး ဦးဝင်းလှိုင်မှ"စောရွှေတိုး"အမည်ရှိ ဆင်အားလည်ကောင်း၊ ဦးကျော်လင်းမှ "မြင့်စိုးဦး"အမည်ရှိ ဆင်လည်းကောင်း

ထိန်းကျောင်း၍ ဝန်ချောင်းအတွင်းရေချနေစဉ် စောရွှေတိုး အမည်ရှိ ဆင်မှ ရုတ်တရက် စိတ်ရိုင်း ဝင်လာကာ ရန်ပြုနင်းသတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်များမှာ ငါးနှစ်ခွဲခန့်အရွယ်ရှိသည့် ထီးစုံဆင်များဖြစ်ပြီး ဆင်ဦးစီးများအားနင်းသတ်ပြီး အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့သည်ကို ကြာအင်းကုန်း

ကျေးရွာအုပ်စု ကရင်တဲတိုက်နေ စောဘီထူးမှ ပြောပြ၍သိခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်မှ သေဆုံးသူဆင်ဦးစီးနှစ်ဦး၏ ရုပ်အလောင်းများအား အောင်မြင်မြို့ မေတ္တာရှင် လူမှုကူညီရေးအသင်းမှမော်တော်ယာဉ်များဖြင့် အောင်မြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကြာအင်းကုန်းကျေးရွာနေ ဒေသခံ တစ်ဦးကလည်း ဖြစ်စဉ်အခြေအနေနှင့်ပတ်သက်ပြီး“အဲ့ဒီမှာ သစ်တောဦးစီးဌာနက ညွှန်ချုပ်တွေဘာတွေရောက်နေတယ်၊ ဒါက အစိုးရဆင်ဆိုတော့လေ၊ အဲ့ဆင်တွေက အခုချိန်အထိပေါ့၊ ဒီတောထဲကိုထွက်ပြေးသွားတာ နောက်ကဆင်ဦးစီးတွေလိုက်ပြီးတော့ အနားနားကို မကပ်ရဲဘူးပေါ့နော်၊ ဆင်ယဉ်တွေနဲ့လည်း ဝိုင်းပြီးထိန်းဖို့ဖမ်းဖို့ဟာတွေ သူတို့ အဲ့ဒါတွေနောက်လိုက်နေတယ်၊ ခုနက သစ်တောဦးစီးကိုလှမ်းမေးကြည့် တာကတော့ ဆင်နောက်ကိုလိုက်နေတာ၊ ဆင်ကတအားရိုင်းနေတယ်တဲ့ အဝေးကပဲကြည့်နေရတယ်တဲ့ အဲ့လိုပြောတယ်၊ ဆင်က မုန်ယိုနေတဲ့သဘောမျိုးပဲဗျ၊ ဆင်ဦးစီးတောင် သူ့သခင်တောင်မှ ပြန်နင်းသတ်တယ်ဆိုတော့ သေတဲ့သူတွေက ချောက်ကမ်းပါးယံတွေ ဘာတွေရောက်ကုန်တာပဲ၊ သွားကြည့်တော့ ဆင်ကမရှိတော့ဘူး၊ ဟိုးရိုးမထဲရောက်သွားပြီ တောထဲရောက်သွားပြီ” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ်အောင်မြင်(ခ)တောကျွဲအင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်၁/၂၀၂၀ ဖြင့် ‌အမှုဖွင့်ဆောင်ရွက်ထားရှိကာ ခေတ္တစခန်းမှုးဒုရဲအုပ်ရီတင်နှင့်အဖွဲ့မှ စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး၊ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက လွတ်မြောက်နေသော ဆင်များအား ပြန်လည်ဖမ်းဆီးရမိရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

 

 


READ NEXT
Cancel OK