Top News

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရေမြောင်းဖောက်လုပ်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်းများကို တာဝန်ရှိသူများထံ အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ဖမ်းဆီးအရေးယူ
24htopnews | December 26, 2024 5:12 PM CST

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရေမြောင်းဖောက်လုပ်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်းများကို တာဝန်ရှိသူများထံ အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍  ခွဲဝေအသုံးပြုခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းအရ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ကြရာ စက်တင်ဘာ ၂၀ ရက်တွင် မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများအား လုပ်ကိုင်ခွင့်ရရှိထားသူ ဦးညို(ခ)ကိုကိုညို(စိစစ်ဆဲ)သည် ပန်းရံအလုပ်သမားများဖြစ်ကြသော အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး၊ ဇေယျာဖြိုး၊ ဝင်းဇော်၊ ကျော်စိုးနိုင်၊ ဇွဲမာန်၊ ကိုငယ်၊ သန်းထွန်းအေး၊ အောင်သူဖြိုး၊ အောင်ကျော်မိုး၊ ဟန်ဝင်းသူ၊ မောင်တိုးတို့ (၁၃)ဦးနှင့်အတူ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ရှေးဟောင်းမြေအိုး တစ်လုံး တူးဖော်ရရှိခဲ့ကြောင်း၊ အဆိုပါမြေအိုးအတွင်းမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေလက်ကောက် (၁၀)ကွင်း၊ ရွှေလုံး နှစ်ခု၊ ရွှေဘယက်အချို့အား တူးဖော်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့ အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနိုင်ရန် အောင်ဖြိုးမှ ရွှေလက်ကောက် (၁၀) ကွင်း၊ ရွှေလုံး နှစ်ခုတို့ကို ယူဆောင်ပြီး ကျန်ရွှေဘယက်နှင့် အခြားရွှေထည် ပစ္စည်းများကို ဦးညို(ခ)ကိုကိုညိုမှ အသီးသီးခွဲဝေယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၉ ရက်တွင် ရှေးဟောင်းရွှေထည်ပစ္စည်းများ တူးဖော်ရရှိခဲ့သူ အောင်ဖြိုး၊ စိန်ထွန်းနှင့် အောင်မိုးတို့ သုံးဦးအား ၎င်းတို့၏နေအိမ်အသီးသီးမှ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးခဲ့ရာ အောင်ဖြိုးက မန္တလေးမြို့ရှိ ဦးတင်မောင်ဆွေ (စိစစ်ဆဲ)၏နေအိမ်တွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းအလေးချိန် (၁၃)ကျပ်သားခန့်အား ကျပ်သိန်း (၅၄၀) ဖြင့် ရောင်းချခဲ့ကြောင်း၊ ဦးညို(ခ)ကိုကိုညိုမှ ၎င်းခွဲဝေရရှိထားသည့် ရွှေထည်ပစ္စည်းအချို့အား သိန်း(၉၄၀)ကျပ်ဖြင့် ရောင်းချခဲ့သည်ဟု ဖော်ထုတ်သိရှိရကြောင်းနှင့် အဆိုပါရရှိငွေများထဲမှ အလုပ်သမားများဖြစ်သူ စိန်ထွန်းပါ (၁၂)ဦးအား တစ်ဦးလျှင် (၅၂၅၀၀၀ဝ)နှုန်းဖြင့် ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် အောင်မိုးထံမှ သက်သေခံ ရှေးဟောင်းရွှေထည်ပစ္စည်း ရွှေလက်ကောက်အကွေး (၅)ခုအား လည်းကောင်း၊ အောင်ဖြိုးထံမှ သက်သေခံရှေးဟောင်းရွှေထည်ပစ္စည်း ရွှေခဲ သုံးခု၊ ရွှေထည် ပစ္စည်းမျိုးစုံ ၄ ကျပ်၊ ၁ဝ ပဲ၊ ၃ ရွေးနှင့် ရွှေထည်ပစ္စည်းအပိုင်းအစ ၁၆ ခု(၁၃ ကျပ်၊ ၆ ပဲ၊ ၂ ရွေး) တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ရှေးဟောင်းရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချခဲ့သူ အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး တို့ သုံးဦးနှင့် ဖမ်းဆီးရန် ဦးညို(ခ)ကိုကိုညိုပါ (၁၁)ဦးတို့အား ပုဂံနယ်မြေရဲစခန်းတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇/၁၉ ဖြင့် အမှုရေးဖွင့်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK