Top News

ဆာလာကို ပိုင်ဆိုင်ထားခြင်းမှာ ကံကောင်းခြင်းဖြစ်ပြီး လီဗာပူးလ်တွင် အကြာကြီးဆက်ရှိနေရန် မျှော်လင့်ကြောင်း အသင်းဖော် ဂက်ပို ပြောကြား
24htopnews | December 26, 2024 8:12 PM CST

လီဗာပူးလ်တိုက်စစ်ကစားသမား ဂက်ပိုက ဆာလာကို ပိုင်ဆိုင်ထားခြင်းမှာ ၎င်းတို့အသင်းအတွက် အလွန်ကံကောင်းခြင်းဖြစ်ပြီး ဆာလာအား အသင်းတွင် အကြာကြီးဆက်ရှိနေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အသင်းဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ် ထွက်ခွာသွားသည့် ပထမဆုံးရာသီတွင် ထိပ်တန်းကစားသမားများ ခေါ်ယူခဲ့ခြင်းမရှိသော်လည်း ယခုရာသီတွင် ရလဒ်ကောင်းများကို ပိုင်ဆိုင်နေသည်။

လီဗာပူးလ်အသင်းသည် နည်းပြသစ် အာနယ်ဆလော့ စတင်ကိုင်တွယ်သည့် ယခုရာသီတွင် Boxing Day မတိုင်မီအထိ ပြိုင်ပွဲစုံ (၂၅) ပွဲတွင် (၁) ပွဲသာ ရှုံးနိမ့်ထားပြီး (၂၁) ပွဲအထိ အနိုင်ရထားသည်။

ယင်းစွမ်းဆောင်မှုကြောင့် လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်သာမက Format ပြောင်းလဲကျင်းပနေသည့် ချန်ပီယံလိဂ် League Phase တွင်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။

ယခုရာသီတွင် လီဗာပူးလ်အတွက် အဓိကခြေစွမ်းပြနေသူမှာ အီဂျစ်တိုက်စစ်ကစားသမား ဆာလာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတွင် ခရစ္စမတ်မတိုင်မီကတည်းက သွင်းဂိုးနှင့် ဂိုးဖန်တီးမှု (၂) ရပ်စလုံးတွင် ဂဏာန်းနှစ်လုံး ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသည်။

သို့သော် ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုအချိန်ထိ စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ မထူးခြားသေးကြောင်း သိရသည်။

ယင်းအခြေအနေတွင် လီဗာပူးလ်တိုက်စစ်ကစားသမား ဂက်ပိုက ဆာလာလို ကစားသမားမျိုး ပိုင်ဆိုင်ထားခြင်းမှာ အသင်းအတွက် ကံကောင်းပြီး ၎င်းကို အသင်းတွင် အကြာကြီးဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂက်ပိုက ''ဆာလာရဲ့စွမ်းဆောင်မှုတွေကို မြင်နေရတာ အရမ်းကိုကောင်းပါတယ်။ သူ သွင်းထားတဲ့ ဂိုးအရေအတွက်၊ သူ ဖန်တီးပေးထားတဲ့ ဖန်တီးမှုတွေနဲ့ သူ ပွဲကစားနေတဲ့ နည်းလမ်းက အရမ်းကိုကောင်းပါတယ်။ သူက ပွဲကစားနေရင်း တိုက်စစ်ကစားဖော်တွေ၊ ကွင်းလယ်ကစားသမားတွေကိုပါ ဂိုးသွင်းနိုင်အောင်ရော ဂိုးဖန်တီးပေးနိုင်အောင်ပါ ဆွဲခေါ်နိုင်သူဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့အတွက်ရော သူ့အတွက်ပါ ဆာလာကို အခုလိုမျိုး အကြာကြီး စွမ်းဆောင်ပေးစေချင်ပါတယ်။ သူ့ကို ပိုင်ဆိုင်ထားတာဟာ ကျွန်တော်တို့အတွက် ကံကောင်းမှုကြီးဖြစ်ပြီး သူရဲ့အသင်းဖော်ဖြစ်ခွင့်ရတဲ့အပေါ် ကျွန်တော် ဂုဏ်ယူပါတယ်''ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အသင်းနှင့်ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။ 


READ NEXT
Cancel OK