Top News

ကိုဗစ်ကူးစက်ရောဂါကြောင့် ရပ်နားခဲ့သည့် လမ်းမတော်ပွဲဈေးကို ပြန်လည်ကျင်းပမည်
24htopnews | December 27, 2024 2:12 AM CST

ကိုဗစ်ကူးစက်ရောဂါကြောင့် ရပ်နားခဲ့သည့် လမ်းမတော်ပွဲစျေးကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် လမ်းမတော်ပွဲစျေးကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ရောဂါကူးစက်မှု မဖြစ်ပွားမီကာလများက လမ်းမတော်ပွဲစျေးကို တန်ဆောင်မုန်းလတွင် ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်ကူးစက်ရောဂါပြင်းထန်လာချိန်မှ စတင်ကာ ရပ်နားထားခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းမတော်ပွဲစျေးနှင့်အတူ လမ်းမတော် ၁၃ လမ်းတွင် ဂန္တဝင်ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုသည့်ပွဲတွင် ကာတွန်းဆရာများ၏ ကာတွန်းလက်ရာများကို ပြသသည့် ပွဲကို ယခင်ကျင်းပစဉ်က ပြုလုပ်ခဲ့သည်။

ပြန်လည်ကျင်းပမည့် လမ်းမတော်ပွဲစျေးကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတစ်လျှောက် (၁) လမ်းထိပ်မှ လမ်းမတော်လမ်းအထိ ဆိုင်ခန်းပေါင်း (၂၀၀) ကျော် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်ကလည်း ရန်ကုန်မြို့တွင် နာမည်ကြီးပွဲစျေးတစ်ခုဖြစ်သည့် ရေကျော်ပွဲစျေးကို ပြုလုပ်ခဲ့ပြီး ယင်းရေကျော်ပွဲစျေးမှာလည်း ကိုဗစ်ရောဂါကူးစက်မှုများ ပြင်းထန်ချိန်တွင် ရပ်နားခဲ့ပြီး ယခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။


READ NEXT
Cancel OK