ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်ဆရာမနှစ်ဦး၏ ငါးနှစ်ပြည့်ဆုတောင်းပွဲကို မြစ်ကြီးနားမြို့ ဂျော်ဘွမ်တွင် ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ဆုတောင်းပွဲကို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအသီးသီးမှ ဘာသာရေး ဦးဆောင်ကိုယ်စားလှယ်များ၊ ကချင်တိုင်းရင်းသား ရပ်မိရပ်ဖများ၊ ကျန်ရစ်သူမိသားစုများ အပါအဝင် ခရစ်ယာန်ဘာသာဝင် ၂၀၀၀ ဝန်းကျင် တက်ရောက်ခဲ့သည်။
ယင်းနောက် အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုခဲ့ကြပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က တစ်နေ့တွင် အမှန်တရားပေါ်ပေါက်မည်ဖြစ်ကြောင်း၊ အမှုအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားသည်။
အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်ဆရာမ မရန်လုရာ၏ အစ်မကြီးဖြစ်သူ ဒေါ်ဆန်လုံက “ အမှန်တရားဆိုတာရှိမှာပါ။ ငါးနှစ်ကျော်ကာလအထိတောင် ကြာလာပြီဆိုတော့ မဖြစ်သင့်ဘူး။ ညီမဟာ မေလပိုင်းမှာ အဲဒီရွာမှာ အမှုထမ်းတယ်။ တစ်ရွာလုံးရဲ့ ချစ်ခင်မှုတွေလည်းရတယ်လို့ ကြားရတယ်။ အမှုဖြစ်တဲ့ညမှာ တပ်မတော်စစ်ကြောင်းတွေ ရောက်တယ်။ ဒါလည်းအမှုဖြစ်ပြီးမှ သိရတာပေါ့။ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရင် အမှုမှန်ပေါ်မယ်။ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နေတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်တယ်။ အမှုမှန်ပေါ်စေချင်တယ်” ဟု ဝမ်းနည်းစကားဆိုသည်။
သတ်ဖြတ်ခံရသော ကချင်ဆရာမ မခေါင်နန်စင်၏ မိခင်ဖြစ်သူ ဒေါ်လုဘူက သမီး၏ အမှုကိစ္စနှင့်ပတ်သက်၍ အမှုမှန် အမြန်ပေါ်စေချင်ပါကြောင်း၊ နောက်နောင် ယခုကဲ့သို့အဖြစ်ဆိုးမျိုးကို မည်သည့်နေရာတွင်မျှ ကြားလိုစိတ်မရှိဘဲ လူတိုင်း မိသားစုစိတ်၊ ညီအစ်ကိုမောင်နှမစိတ် မွေးစေချင်ကြောင်း၊ မိမိ၏သမီးအကြီးဖြစ်သူ ယခုကဲ့သို့ အဖြစ်ဆိုးကြုံရပြီး အမှန်တရားမပေါ်ပေါက်ခြင်းကို စိတ်မကောင်းကြီးစွာ ဖြစ်နေရကြောင်း ပြောကြားသည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွမ်က ငါးနှစ်ကြာမြင့်သော်လည်း အဖြေမရသေးပါကြောင်း၊ အခင်းဖြစ်ရွာကျေးရွာသားများ၏ သတ္တိရှိရှိ တရားရုံးတွင် သက်သေခံရန် တောင်းဆိုသော်လည်း ကြောက်ရွံ့မှုများရှိနေပါကြောင်း၊ တိုင်းရင်းသားများနှင့် တပ်မတော်ကြား၊ တိုင်းရင်းသားနှင့် အစိုးရကြား ယုံကြည်မှုတည်ဆောက်ရာတွင် ယခုလိုသံသယစိိတ်ဖြင့် နှစ်ရှည်သွားရန် မလိုလားပါကြောင်း၊ အမှန်တရားဆိုသည်မှာ အချိန်ကြာမြင့်သော်လည်း တစ်နေ့တစ်ချိန်တွင် ပေါ်ပေါက်မည်ဖြစ်ကြောင်း ပြောကြားသည်။
၎င်းက “ ဒီကိစ္စတွေကို ဖြေရှင်းပြီးမှ ချစ်ခင်စွာနှင့် သွားလိုပါတယ်။ ပြည်သူ့ရဲတွေကိုလည်း အမှုမှန်ပေါ်ပေါက်ဖို့ ကူညီစေချင်ပါတယ်။ တပ်မတော်ဘက်ကလည်း ပူးပေါင်း ပါဝင်စေချင်ပါတယ်။ ဒါမှမဟုတ်ရင် သို့လော သို့လောနဲ့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ယုံကြည်မှုပျက်စီးစေပါတယ်။ တရားခံကိုရှာပြီး အဖြေရှာတာဟာ သံသယစိတ်ကို ဖယ်ရှားနိုင်တဲ့အဖြေတစ်ခုပါ” ဟု ပြောကြားသည်။
တပ်မတော်ကို လူထုက သံသယဝင်နေမည်ဆိုသည်ကို တပ်မတော်ဘက်ကလည်း သိမည်ဖြစ်ကြောင်း၊ တပ်မတော်ကို စွပ်စွဲခြင်း မဟုတ်ဘဲ ပြစ်မှုကျူးလွန်သူကိုသာ ရှာရမည် ဖြစ်ပါကြောင်း၊ တရားခံ ဘာကြောင့်မမိတာလဲဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ အမှန်တရားသည် တစ်နေ့တွင်ပေါ် ပေါက်မည်ဖြစ်ကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ် ကချင်ရှေ့နေများ ကွန်ရက်အဖွဲ့က အမှုမှန်ပေါ်ပေါက်ရေး ကော်မတီကို ရှေ့နေဦးဘရန်ဒီး ဦးဆောင်၍ ဆောင်ရွက်နေပါကြောင်း၊ လားရှိုးတွင် တပ်မတော်အရာရှိများနှင့် တွေ့ဆုံပြီး နိုင်ငံတော် အကြီးအကဲများကို စာများပေးပို့ခဲ့ကြောင်း၊ ဆက်လက်ဆောင်ရွက်နေပါကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွမ်က ဆိုသည်။
စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးဖြစ်သည့် မရန်လုရာ အသက် (၂၁ နှစ်) နှင့် မခေါင်နန်စင် အသက် (၂၁ နှစ်) တို့နှစ်ဦးသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ညသန်းခေါင်ယံအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်အသတ်ခံရသည်မှာ ၂၀၀ ပြည့်နှစ် ဇန်နဝါရီ ၁၉ ရက်တွင် ငါးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ပန်ဆိုင်းရဲစခန်းတွင် ( ပ) ၄/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂/၃၇၆ မုဒိမ်းမှု၊ လူသတ်မှုများဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆရာမနှစ်ဦး၏ ရုပ်အလောင်းများကို မြစ်ကြီးနားမြို့သို့ သယ်ဆောင်လာခဲ့ပြီး မြစ်ကြီးနားမြို့၊ ဂျော်ဘွမ်သုသာန်တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် မြှုပ်နှံခဲ့သည်။ ဆရာမနှစ်ဦး၏ စျာပနသို့ လူပေါင်းသောင်းနှင့်ချီသော ခရစ်ယာန်ဘာသာဝင်များက လိုက်ပါပို့ဆောင်ခဲ့ပြီး အဖွဲ့အစည်း အသီးသီးက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ဖတ်ကြားခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
