Top News

အာဖဂန်နစ္စတန်တွင် ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၆ ဦး သေဆုံး
24htopnews | December 27, 2024 7:12 PM CST

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းနယ် စပ်ဒေသတွင် ပါကစ္စတန်၏လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄၆ ဦးသေဆုံးခဲ့ကြောင်း တာလီဘန်အစိုးရက ဒီဇင်ဘာ ၂၅ရက်တွင် ပြောကြားခဲ့ပြီး ပါကစ္စတန်လုံခြုံ ရေးတာဝန်ရှိသူများကမူ လက်နက်ကိုင်များပုန်းအောင်းနေသည့်နေရာကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာလီဘန်တို့ အာဖဂန်နစ္စတန်အာဏာကို ထိန်းချုပ်ခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတင်းမာမှုများ မြင့်တက်နေခြင်းနှင့်အတူအာ ဖဂန်နစ္စတန်နှင့် ပါကစ္စတန်ကြားယင်းလေကြောင်းတိုက်ခိုက်မှုသည် နောက်ဆုံးအကြိမ်တင်းမာမှုမြင့်မားသည့် အခြေအနေဖြစ်သည်။

ပါကစ္စတန်က ပက်တီကာပြည်နယ်အရှေ့ပိုင်း ဘာမယ်ခရိုင်ရှိ နေရာလေးနေရာကို ဒီဇင်ဘာ ၂၄ ရက်တွင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က ပြောကြားခဲ့ သည်။

“သေဆုံးသူစုစုပေါင်း ၄၆ ဦးရှိပါတယ်။ အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေပါ”ဟု ၎င်းက ပြောကြားခဲ့ကာ ဒဏ်ရာရရှိသူခြောက်ဦးရှိပြီး အများစုက ကလေးများဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပါကစ္စတန်စစ်တပ်က မှတ်ချက်ပြုပြောကြားထားခြင်းမရှိပေ။

သို့သော် အကြီးတန်းပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူတစ်ဦးက လေကြောင်းတိုက်ခိုက်မှုများသည် ဂျက်လေယာဉ်များနှင့်ဒရုန်းများအသုံးပြုကာ လက်နက်ကိုင်များပုန်းခိုနေသည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် တာရိခ်-အီး-တာလီဘန် ပါကစ္စတန်(TTP)မှ လက်နက်ကိုင် ၂၀ ထက် မနည်းသေဆုံးခဲ့သည်ဟုဆိုသည်။

“အာဖဂန်တာဝန်ရှိသူတွေက ထုတ်ပြန်ထားတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့သတင်းဟာ အခြေအမြစ်မရှိတဲ့အပြင် သတင်းအမှားဖြစ်ပါတယ်”ဟု အမည်မဖော်လိုသည့် ပါကစ္စတန်တာဝန်ရှိသူက ပြောကြားခဲ့သည်။

တာလီဘန်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းလေကြောင်းတိုက်ခိုက်မှုသည် ရက်စက်ပြီး သိသာထင်ရှားသော ရန်လိုမှုဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်က ရှုတ်ချခဲ့သည်။

“အစ္စလာမ်မစ်နိုင်ငံအနေနဲ့ ဒီသတ္တိကြောင်တဲ့လုပ်ရပ်ကို လျစ်လျူရှုသွားမှာမဟုတ်ပါဘူး။ မိမိတို့နယ်မြေနဲ့ အချုပ်အခြာအာဏာကို ခုခံကာကွယ်တာဟာ ငြင်းမရနိုင်တဲ့အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ပါတယ်”ဟု ထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန်၏ နယ်စပ်ဒေသများတွင် ပါကစ္စတန်စစ်တပ်က မတ်လအတွင်းလေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်နယ်စပ်တစ်လျှောက်တွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပေါ်ခဲ့သည်။တာလီဘန်အာ ဏာပိုင်များ၏အဆိုအရယင်းလေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားရှစ်ဦးသေဆုံးခဲ့သည်။

ဘာမယ်ဒေသခံ မာလီက ဒီဇင်ဘာ ၂၄ ရက်လေကြောင်းတိုက်ခိုက်မှုများတွင် မိသားစုဝင်တစ်ဦးထဲမှ ၁၈ ဦး သေဆုံးခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

“ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခြံဝန်းတစ်ခုထဲက နေအိမ်နှစ်အိမ်ကနေ သုံးအိမ်အထိ ထိမှန်သွားပြီး လူ ၁၈ ဦးသေဆုံးသွားပါတယ်။ မိသားစုဝင်တွေအားလုံးအသက်ဆုံးရှုံးသွားတာပါ”ဟု ၎င်းကဆိုသည်။

နောက်ထပ်နေအိမ်တစ်အိမ်မှ လူသုံးဦးဒဏ်ရာရခဲ့ပြီး အခြားလူပေါင်းများစွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရသည်ဟုဆိုသည်။

သေဆုံးသူများသည် ဒေသခံများနှင့်ဝါ ဇီရစ်စတန်ဒေသမှ ပါကစ္စတန်နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးလာသူများဖြစ်ကြောင်း တာလီဘန်တာဝန်ရှိသူများကဆိုသည်။

Ref: AFP


READ NEXT
Cancel OK