Top News

■ မန်စီးတီးလို ပြိုလဲနိုင်သေးကြောင်း လီဗာပူးလ်ကစားသမားများကို အသင်းနည်းပြ ဆလော့ သတိပေး 
24htopnews | December 27, 2024 8:12 PM CST

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို အမှတ်ဦးဆောင်နေသော်လည်း ဂရုမစိုက်လျှင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းကဲ့သို့ ပြိုလဲနိုင်သေးကြောင်း အသင်းကစားသမားများကို သတိပေးပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ဒီဇင်ဘာ (၂၆) ရက်နေ့က ကစားခဲ့သည့် Boxing Day ပွဲစဉ်တွင် လက်စတာအသင်းကို အိမ်ကွင်း၌ လက်ခံကစားခဲ့ရသည်။ သို့သော် လီဗာပူးလ်အသင်းသည် အဆိုပါပွဲစဉ်၌ ပွဲချိန် (၆) မိနစ်တွင် လက်စတာအသင်းကို မထင်မှတ်ဘဲ ဦးဆောင်ပေးခဲ့ရကာ နောက်က လိုက်ကစားခဲ့ရပြီး ဂတ်ပို၊ ကာတစ်ဂျုံးစ်၊ ဆာလာတို့၏ သွင်းဂိုးများကြောင့် ပွဲအပြီးတွင် (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

လက်စတာအသင်းကို အနိုင်ရပြီးနောက် လီဗာပူးလ်အသင်းသည် ရမှတ် (၄၂)မှတ်အထိ ရရှိခဲ့ပြီး အမှတ်ပေးဇယားတွင် ဒုတိယနေရာမှာ ချယ်လ်ဆီးအသင်း(၃၅ မှတ်)ကို (၇) မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။ ထို့ပြင် လီဗာပူးလ်အသင်းအနေဖြင့် အဲဗာတန်အသင်းနှင့်ပွဲကျန်တစ်ပွဲ ကစားရန် ကျန်ရှိနေသေးပြီး အဆိုပါပွဲစဉ်တွင် အနိုင်ရခဲ့ပါက အမှတ်ပိုဖြတ်နိုုင်မည်ဖြစ်သည်။ 

သို့သော် လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ချန်ပီယံဆုအကြောင်းကို မပြောနိုင်သေးဘဲ ယခုရာသီတွင် မန်စီးတီးအသင်း ပြိုလဲသလို ပြိုလဲနိုင်သေးကြောင်း လက်စတာအသင်းကို အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆလော့က "ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးက အများကြီး လိုပါသေးတယ်။ အဲဒီအချိန်ကာလအတွင်းမှာ အရာအားလုံး ဖြစ်ပျက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော်လောက်ကပဲ ကျွန်တော်တို့အသင်းဟာ မန်စီးတီးအသင်းနောက်မှာ တစ်မှတ်အကွာနဲ့ ရပ်တည်ခဲ့တာပါ။ အခု မန်စီးတီးအသင်း ဘာတွေဖြစ်သွားသလဲဆိုတာကို ခင်ဗျား မြင်တဲ့အတိုင်းပါပဲ။ မန်စီးတီးအသင်းလိုမျိုး အသင်းတိုင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အောင်ပွဲခံဖို့ စောလွန်းနေပါသေးတယ်။ ခင်ဗျားအနေနဲ့ ကျွန်တော်တို့ပွဲတွေကို ကြည့်ဖြစ်မယ်ဆိုရင် ဘယ်ပွဲမှာ လွယ်လွယ်ကူကူနဲ့ အနိုင်ရတာကို မြင်ရမှာပါ။ ကစားသမားအစုံအလင်ရှိနေတာတောင် ပွဲတွေကို အနိုင်ရဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ ကစားမယ့်ပွဲစဉ် တစ်ပွဲချင်းစီကို အာရုံစိုက်ချဉ်းကပ်ရမှာပါ"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ရလဒ်အစပိုင်းက ရလဒ်များကောင်းမွန်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ် နောက်ဆုံး (၉) ပွဲတွင် (၁) ပွဲသာ အနိုင်ရကာ (၆) ပွဲအထိ ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) အပြီးတွင် ရမှတ် (၂၈) မှတ်ဖြင့် အဆင့် (၇) နေရာအထိ ရောက်ရှိသွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း (၄၂ မှတ်)နှင့် (၁၄) မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သည်။ 


READ NEXT
Cancel OK