အုတ်တွင်းမြို့နယ်တွင် မွေးစားမိဘနှစ်ဦးမှ ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့်ထိုးပြီး အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်မှာ တောင်ငူဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း Save The Trees Rescue Team အဖွဲ့မှ ကိုကျော်သူရက ပြောကြားသည်။
ကလေးငယ်မှာ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဖောရောင်လာသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ဆေးရုံတွင် တက်ရောက်စဉ် သက်သာလာသဖြင့် ဆက်လက်နေထိုင်စဉ် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ တပတ်လောက်က ခြေတွေလက်တွေ ဖောရောင်လာတာနဲ့ ဆေးရုံကို တင်ထားတာ။ တော်တော်လေးသက်သာနေပြီ။ ဒီနေ့မနက်ကျတော့မှ မီးငယ်က တက်သွားပြီးတော့ သတိပြန်မလည်လာတော့ဘူး။ ဒီမနက်ပဲ ဆုံးသွားတယ်။ ဒီနေ့ နေ့ချင်းပြီး သဂြိုဟ်လိုက်တယ်” ဟု ကိုကျော်သူရက ပြောကြားသည်။
ကလေးငယ်မှာ ယခင်က နေမကောင်းသဖြင့် ဆေးရုံတွင် ဆေးစစ်မှုများ လုပ်ဆောင်ခဲ့ရာ ကျောက်ကပ်နှင့် အသည်းရောင်နေပြီး အဆုတ်လည်း ကောင်းမွန်ခြင်းမရှိကြောင်း သိရသည်။
“အခုကျွန်တော် ဆရာဝန်နဲ့တော့ ထပ်မတွေ့ရသေးဘူး။ ပထမဆေးစစ်ချက်တွေအရ မီးငယ်က အတွင်းကလီစာတွေ တော်တော်ထိထားတာ။ အခုဆုံးသွားတာလည်း အရင်ကခံစားခဲ့ရတဲ့ ဒဏ်တွေကြောင့် ဖြစ်မယ်လို့ ထင်တယ်” ဟု ကိုကျော်သူရ မှတ်ချက်ပေးသည်။
သေဆုံးခဲ့သည့် ကလေးငယ်မှာ အသက်ငါးနှစ်အရွယ် မဖူးပွင့်အေးဟု ခေါ်ဆိုပြီး အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ ကလေးငယ်ကို တရွာတည်းနေသူ တင်ဇော်ဝင်းဆိုသူက မွေးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုဖြစ်စဉ်အရ ကလေးငယ်၏ မိဘအရင်းမှာ ကွဲကွာနေပြီး အဘိုးအဘွားများက စောင့်ရှောက်ခဲ့ကြောင်း၊ ဆင်းရဲသဖြင့် ကလေးငယ်ကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် တစ်ရွာတည်းနေသူ တင်ဇော်ဝင်းနှင့် ဇနီးဖြစ်သူတို့က မွေးစားခဲ့ကြောင်း၊ တစ်နှစ်ခန့်အကြာတွင် ကလေးငယ်မှာ ဦးနှောက်တွင် ငှက်ဖျားပိုးဝင်သည်ဟုဆိုကာ တောင်ငူဆေးရုံသို့ မွေးစားမိဘများကပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှဆင်းလာချိန်တွင် ကလေးငယ်ကို အဘိုးဖြစ်သူက ဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကိုကျော်သူရက ပြောကြားသည်။
“ကလေးဆေးရုံက ဆင်းလာတဲ့အချိန် အဘိုးအဘွားတွေ တွေ့လိုက်ရတာက အရိုးပေါ်အရေတင် ဗိုက်ပူနံကား ဒဏ်ရာဗရပွနဲ့ပါ။ ကလေးရောဂါကိုတော့ မိသားစုကဆေးမြီးတိုနဲ့ ဆက်ကုပါတယ်။ ကလေးညအိပ်တော့ မိန်းမကိုယ်က အောင့်တယ်ပြောလို့ ကြည့်တော့ရောင်ကိုင်းနေတာကိုတွေ့တယ်။ ဆက်မေးတော့ မွေးစားအဖေကအိမ်မှာ တစ်ခါ၊ တောထဲမှာတစ်ခါ လုပ်တယ်ပြောပါတယ်။ ထမင်းခိုးစားလို့ဆိုပြီး မျက်နှာကို ဓားနဲ့ခုတ်တယ်။ ပါးစပ်ထဲကို ရေနွေးပူလောင်းထည့်တယ်။ လက်ကို မီးနဲ့ရှို့တယ်။ ထမင်းအငတ်ထားတယ်။ မျက်နှာကိုလက်သီးနဲ့ထိုးလို့ သွားတွေကျိုးပြီး သွားဖုံးတွေ ကွဲသွားတယ်” ဟု ကိုကျော်သူရက ပြောကြားသည်။
ယင်းနောက် ကလေးငယ်၏ အဖိုးဖြစ်သူမှာ ကလေးငယ်နှင့်အတူ သက်ဆိုင်ရာသို့ တိုင်ကြားရန် မြို့ပေါ်သို့ လာခဲ့ကြောင်း၊ မိတ်ဆွေတစ်ဦးထံ အကူအညီတောင်းရန် လာရောက်စဉ် မိုးချုပ်သွားသဖြင့် Save The Trees Recuse Team အဖွဲ့ရုံးသို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကလေးငယ်ကို နှိပ်စက်ခဲ့သည့် မွေးစားမိဘနှစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလပိုင်းမှစတင်ကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ပုဒ်မ ၃၇၆၊ ၃၂၅၊ ၃၂၆ တို့ဖြင့် တရားစွဲဆိုထားကြောင်း၊ အမှုအား တောင်ငူခရိုင် တရားရုံးတွင် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
