Top News

စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်ခဲ့သည့် FLA အဖွဲ့ဝင် လေးဦး ဖမ်းဆီးခံရ
24htopnews | December 27, 2024 9:12 PM CST

စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်ခဲ့သည့် Free Land Attack Force (FLA) အဖွဲ့ဝင်လေးဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေသည် ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ရှိနေစဉ် လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းငွေတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် လုပ်ကြံပစ်ခတ်မှုကျူးလွန်သူများဖြစ်ကြသည့် ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ် တို့အား ၎င်းတို့နေထိုင်ရာ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အမှတ်(၇၈၂)နေအိမ်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် CZ 2075 RAMI P အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ငါးတောင့်၊ လုပ်ကြံပစ်ခတ်စဉ်အတွင်း အသုံးပြုစီးနင်းခဲ့သည့် Fielder အဖြူရောင်အငှားယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ် တို့၏ထွက်ဆိုချက်အရ လုပ်ကြံပစ်ခတ်မှုအတွင်း ပါဝင်သူ ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ရေတွင်းကုန်း-ဝါးတရာလမ်း၊ စိုင်းသူအောင် အဆောင်နေ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ အား ယင်းနေ့ ည ၁၀ နာရီခွဲတွင် Glock အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး တစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထို့အပြင် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၂၅ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းရဲကျော်စွာ(၅)လမ်း၊ အိမ်အမှတ်(၁)နေ စိုင်းနောင်ထက်(ခ)အာကြီး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုင်းနောင်ထက်(ခ)အာကြီးအား ၎င်းနေထိုင်သည့် အဆောက်အဦ ပထမထပ်၏ ထပ်ခိုးပေါ်တွင် အနက်ရောင်စက္ကူဘူးအတွင်းထည့်၍ ဝှက်သိမ်းထားသည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ 9 mm ကျည် ၃၃ တောင့်နှင့် မီးခိုးဗုံး နှစ်လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင် နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့  သုံးဦးသည် Free Land Attack Force(FLA)အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြပြီး ၎င်းအဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးခန့်ရှိကာ အဖွဲ့ ခေါင်းဆောင်မှာ (ဖမ်းဆီးရန်ကျန်) နေမျိုးနွယ်(စိစစ်ဆဲ)ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သူဖြစ်ကြောင်းနှင့် လုပ်ကြံသတ်ဖြတ်မှုများအား အဖွဲ့ ခေါင်းဆောင် ဖြစ်သူ နေမျိုးနွယ်၏ စေခိုင်းချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေအား သေနတ် ဖြင့် လုပ်ကြံပစ်ခတ်ရန်အတွက် ဒီဇင်ဘာ ၂၂ ရက်တွင် FLA အဖွဲ့ ခေါင်းဆောင် နေမျိုးနွယ်မှ  ကျော်ဇင်ဦး(ခ)ကျောင်းဆရာပါ သုံးဦးတို့အား Telegram မှဆက်သွယ်၍ စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ငှားရမ်းထားသည့် ယာဉ်အမှတ် YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်အား ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်မှ မောင်းနှင်၍ ကျော်ဇင်ဦး(ခ)ကျောင်းဆရာနှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့မှ ပစ္စတိုသေနတ် တစ်လက်စီဖြင့် အုပ်ချုပ်ရေးမှူး ဦးစန်းငွေအား ရုံးရှေ့ (၅)ပေအကွာခန့်မှ လုပ်ကြံပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုပ်ကြံပစ်ခတ်ပြီးနောက် ကျော်ဇင်ဦး(ခ)ကျောင်းဆရာနှင့် ဇော်ဇော်ဗိုလ်(ခ) ထွန်းထွန်းအောင်တို့မှ ပစ္စတိုသေနတ် တစ်လက်စီယူဆောင်သွားခဲ့ကြပြီး မေမြတ်သဉ္ဇာကျော်(ခ) ငယ်ငယ်မှ ၎င်းကိုင်ဆောင်သည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ 9 mm ကျည် ၃၃ တောင့်တို့အား စိုင်းနောင်ထက်(ခ)အာကြီး၏နေအိမ်တွင် သွားရောက်အပ်နှံသိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ထွက်ဆိုထားသည်။

ဆက်လက်စစ်ဆေးချက်များအရ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ) ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့ သုံးဦးသည် FLA အဖွဲ့ ခေါင်းဆောင် (ဖမ်းဆီးရန်ကျန်) နေမျိုးနွယ်၏စေခိုင်းချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဗညားဒလလမ်းပေါ်ရှိ တာမွေမြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးအား လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်ခြင်းနှင့် ဒီဇင်ဘာ ၁၀ ရက်တွင် ညပိုင်းတွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိ တာမွေမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်နှင့် ဖမ်းဆီးရန် ကျန် Free Land Attack Force(FLA) အဖွဲ့ ဝင်ဖြစ်သူ အောင်မျိုးအေး(ခ)ဆာကူရာ(စိစစ်ဆဲ) တို့ သုံးဦးသည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း အင်းစိန်ပန်းခြံ၊ လျှပ်စစ်ရုံးရှေ့ခြံစည်းရိုးဘေးတွင် ချိန်ကိုက်မိုင်း သုံးလုံး၊ ဇွန်လအတွင်း တာမွေမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့ ခြံစည်းရိုးတွင် ချိန်ကိုက်မိုင်း တစ်လုံး၊ ဩဂုတ်လအတွင်း မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်း၊ မင်းဓမ္မလမ်းမီးပွိုင့် အနီးရှိ CCTV ပုံးတွင် ရီမုမိုင်းတစ်လုံးတို့အား မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း သုံးကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

အထက်ပါကဲ့သို့ လုပ်ကြံပစ်ခတ်မှုနှင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုများကျူးလွန်ခဲ့သူ Free Land Attack Force (FLA) အဖွဲ့ဝင်များဖြစ်ကြသော ကျော်ဇင်ဦး (ခ)ကျောင်းဆရာပါ လေးဦးတို့အား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် သုံးလက်၊ ကျည်မျိုးစုံ ၅၂ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ မီးခိုးဗုံး နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK