Top News

အာဆင်နယ်အသင်းလေ့ကျင့်ရေးအစီအစဉ်များတွင် အိုဇေးလ် ကြိုးစားလေ့ကျင့်နေပြီး ၎င်းနှင့်ပတ်သက်၍ အသင်း၏အဝတ်လဲခန်းတွင် ကစားသမားများအကြား အမြင်ကွဲပြား
24htopnews | December 27, 2024 10:12 PM CST

အာဆင်နယ်အသင်းတွင် ပွဲကစားခွင့်ပျောက်ဆုံးနေသော ဂျာမန်ကွင်းလယ်လူ အိုဇေးလ်သည် အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များတွင် အားကြိုးမာန်တက် လေ့ကျင့်မှုများပြုလုပ်လျက်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းတွင် လစာငွေအများဆုံးအဖြစ် တစ်ပတ်ပေါင်(၃၅၀၀၀၀)ရရှိနေသူ အိုဇေးလ်သည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် ယူရိုပါလိဂ်ပြိုင်ပွဲများအတွက် အာဆင်နယ်အသင်း တင်သွင်းသော လူစာရင်းတွင် ပါဝင်ခြင်းမရှိသဖြင့် ပွဲကစားခွင့်ပျောက်ဆုံးနေသူဖြစ်သည်။

အိုဇေးလ်အနေဖြင့် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းက အသင်း၏လေ့ကျင့်ရေး အစီအစဉ်များတွင် အားကြိုးမာန်တက်ကြိုးစားလေ့ကျင့်နေပြီး အသင်းအားပေးသူပရိသတ်များနှင့်ပြုလုပ်သော Twitter အမေးအဖြေကဏ္ဍတွင်လည်း ရလဒ်ဆိုးများ ကြုံတွေ့နေသည့်အသင်းကို အကူအညီပေးလိုကြောင်း ပြောကြားခဲ့သည်။

သို့ဖြစ်ရာ အိုဇေးလ်အနေဖြင့် အာဆင်နယ်အသင်းတွင် အနာဂတ်ဆက်ရှိနိုင်သေးသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြနေကြသည်။

လက်ရှိတွင် အိုဇေးလ်နှင့်ပတ်သက်၍ အာဆင်နယ်အသင်း အဝတ်လဲခန်းတွင် ကစားသမားများအကြား အမြင်များကွဲပြားနေကြောင်းလည်း သိရှိရသည်။

ကစားသမားအချို့က နည်းပြများ၏ ဆုံးဖြတ်ချက်အတိုင်းသာ လက်ခံလိုသော်လည်း အချို့သော စီနီယာကစားသမားများကမူ  အသင်းလေ့ကျင့်ခန်းတွင် ကြိုးစားလေ့ကျင့်နေသည့် အိုဇေးလ်ကို အသင်းလူစာရင်းတွင် ပြန်လည်ထည့်သွင်းစေရန် ဆန္ဒရှိနေပြီး  အသင်းတာဝန်ရှိသူများထံ ၎င်းကို ပြန်လည်ရွေးချယ်ရေးအတွက် တိုက်တွန်းနေကြကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအပြီး ပရီးမီးယားလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲ ဒုတိယရာသီဝက်လူစာရင်းတင်သွင်းချိန်တွင် အိုဇေးလ်ကို အမည်စာရင်းထည့်သွင်းခဲ့ပါက ၎င်းအနေဖြင့် အသင်း၌ ပြန်လည်ပါဝင်ကစားနိုင်မည်ဖြစ်သည်။

လက်ရှိတွင် အသက် (၃၂)နှစ်အရွယ် အိုဇေးလ်အား လာမည့်ဇန်နဝါရီ၌ ခေါ်ယူရန် တူရကီကလပ် ဖီနာဘာချီအသင်းက ကြိုးပမ်းနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သို့သော် အိုဇေးလ်အနေဖြင့် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပါက လစာငွေများစွာလျှော့ယူရမည်ဖြစ်ပြီး တစ်ပတ်လစာငွေ ပေါင် (၂)သိန်းခန့်သာ အများဆုံးရရှိနိုင်မည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

အိုဇေးလ်သည် ၂၀၁၃ နွေရာသီက ရီးယဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၄၂.၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၅၄)ပွဲ ကစားပေးထားသည်။


READ NEXT
Cancel OK