Globe Soccer Awards ၏ ဆုချီးမြှင့်ပွဲကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရာစုနှစ်အကောင်းဆုံးကစားသမားဆုကို စီရော်နယ်လ်ဒို၊ ရာစုနှစ်အကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာနှင့် ရာစုနှစ်အကောင်းဆုံးကလပ်အသင်းဆုကို ရီးယဲလ်မက်ဒရစ်တို့ ရရှိခဲ့ကြောင်း သိရသည်။
Globe Soccer Awards သည် ယူအေအီးစော်ဘွားများ၏ ကမကထပြုမှုဖြင့် ၂၀၁၀ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်နေသည့် ဆုပေးပွဲအခမ်းအနားတစ်ခုဖြစ်ပြီး ယခင်က နှစ်အလိုက်အကောင်းဆုံးဆုများကိုသာ ရွေးချယ်ချီးမြှင့်ခဲ့ရာမှ ယခုနှစ်တွင် ရာစုနှစ်အကောင်းဆုံးဆုများကိုပါ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရာစုနှစ်အကောင်းဆုံးဆုများကို ရွေးချယ်ရာတွင် ၂၀၀၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း စွမ်းဆောင်မှုများကို အခြေခံရွေးချယ်ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုက မဟာပြိုင်ဘက် မက်ဆီကို ကျော်ဖြတ်ကာ ရာစုနှစ်၏အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ရာစုနှစ်အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးအသင်းတို့၌ ဆုဖလားအောင်ပွဲများစွာ ရယူနိုုင်ခဲ့သော ဂွါဒီယိုလာက ရရှိခဲ့ပြီး ရာစုနှစ်အကောင်းဆုံးကလပ်အသင်းဆုကို နှစ်(၂၀)အတွင်း ချန်ပီယံလိဂ်ဖလား(၅)ကြိမ်နှင့် လာလီဂါချန်ပီယံဆု(၇)ကြိမ် ရယူနိုင်ခဲ့သော ရီးယဲလ်မက်ဒရစ်အသင်းက ရရှိခဲ့သည်။
ရာစုနှစ်အကောင်းဆုံးအေးဂျင့်ဆုကိုလည်း ရီးယဲလ်နှင့် စီရော်နယ်လ်ဒိုတို့၏ မိတ်ဖက်ဖြစ်သော နာမည်ကျော်ပေါ်တူဂီအေးဂျင့် ဂျော့ချ်မန်ဒက်စ်က ရရှိခဲ့သည်။
၂၀၂၀ ခုနှစ်အတွက် နှစ်အလိုက်အကောင်းဆုံးဆုများကိုမူ ဘိုင်ယန်မြူးနစ်အသင်းက သိမ်းကြုံးရယူနိုင်ခဲ့သည်။
အကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ အကောင်းဆုံးနည်းပြဆုကို ဘိုင်ယန်မြူးနစ် နည်းပြ ဟန်ဆီဖလစ်ခ်၊ အကောင်းဆုံးကလပ်အသင်းဆုကို ဘိုင်ယန်မြူးနစ်အသင်းတို့ ရရှိခဲ့ခြင်းဖြစ်သည်။
ကစားသမားဘဝ ဖြတ်သန်းမှုအပေါ် မူတည်၍ သီးသန့်ထည့်သွင်းချီးမြှင့်သည့် Globe Soccer Awards ဆုများကိုမူ ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ်နှင့် ဘာစီလိုနာနောက်ခံလူ ပီကေးတို့ ရရှိခဲ့ကြသည်။
ယခုဆုပေးပွဲသို့ ဆုရရှိသူအားလုံးနီးပါး တက်ရောက်ခဲ့ ကြသလို၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆုပေးပွဲတွင် စီရော်နယ်လ်ဒိုက ထူးခြားစွာ ဂုဏ်ပြုခံရခြင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်မည့် အနာဂတ်အတွက် ခွန်အားပေးခဲ့သည့်ဆုဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ Globe Soccer Awards ရရှိခဲ့သူများ
ရာစုနှစ်အကောင်းဆုံးကစားသမား - စီရော်နယ်လ်ဒို(ဂျူဗင်တပ်စ်)
ရာစုနှစ်အကောင်းဆုံးနည်းပြ - ဂွါဒီယိုလာ(မန်စီးတီး)
ရာစုနှစ်အကောင်းဆုံးကလပ်အသင်း - ရီးယဲလ်မက်ဒရစ်
ရာစုနှစ်အကောင်းဆုံးအေးဂျင့် - ဂျော့ချ်မန်ဒက်စ်
၂၀၂၀ ခုနှစ် အကောင်းဆုံးကစားသမား - လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်)
၂၀၂၀ ခုနှစ် အကောင်းဆုံးနည်းပြ - ဟန်ဆီဖလစ်ခ်(ဘိုင်ယန်မြူးနစ်)
၂၀၂၀ ခုနှစ် အကောင်းဆုံးကလပ်အသင်း - ဘိုင်ယန်မြူးနစ်
Player Career Award - ကာဆီးလက်စ်နှင့် ပီကေး
အရှေ့အလယ်ပိုင်း၏ ဆုဖလားအများဆုံးအသင်း - အယ်လ်အာလီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
