Top News

လှိုင်သာယာမြို့နယ် ညောင်ရွာရပ်ကွက်ရှိ နေအိမ် အလုံး ၈၀ ခန့် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လေးဦးဒဏ်ရာရရှိ
24htopnews | December 28, 2024 4:12 AM CST

လှိုင်သာယာမြို့နယ် ညောင်ရွာရပ်ကွက်ရှိ နေအိမ်အလုံး ၈၀ ခန့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ် ၂၁ ရက် ညနေ ၃ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ညောင်ရွာရပ်ကွက် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း အနီးရှိ နေအိမ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့မှ သွားရောက်ငြိှမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ level 2 သတ်မှတ်ခဲ့ပြီး အိမ်အလုံး ၈၀ ခန့် ဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေကြောင်း၊ အိမ်များမှာ ၀ါး၊ ဓနိ၊ ထရံကာများနှင့် တည်ဆောက်ထားသည့် နေအိမ်များ ဖြစ်သဖြင့် မီးလောင်ခဲ့သည့် အိမ်ခြေများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း၊ မီးလောင်မှုမှ ဒဏ်ရာရသူများအား လာရောက်ကူညီမှုများ ပြုလုပ်ခဲ့သည့် အားမာန်လူငယ်ပရဟိတ အသင်းမှ စုံစမ်းသိရှိရသည်။

“အမျိုးသားက မီးလေးနည်းနည်းဟပ် ဒဏ်ရာရတာပါ။အမျိုးသမီး သုံးဦးကတော့ မီးလောင်လို့လန့်ပြီး သတိမေ့တာပါ။ လေးယောက်လုံးကို လှိုင်သာယာဆေးရုံကို ပို့ဆောင်ထားပါတယ်” ဟု အားမာန်လူငယ် ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် နေရာမှ အိမ်များမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ရှိခဲ့ကြောင်း အဆိုပါနေရာတွင် နေထိုင်သူများထံမှ သိရသည်။

ယင်းသို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် နေရာအနီးတွင် မတ် ၉ ရက်ကလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၉ရက်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်မှာ ညောင်ရွာစျေးအနီးရှိ ဆောက်လက်စ နေအိမ်တစ်အိမ်တွင် ဂဟေဆော်သည့် မီးပွားများမှတစ်ဆင့် အနီးရှိ တရားမဝင် လမ်းဘေးစက်သုံးဆီဆိုင်များသို့ လွင့်စဉ်ခဲ့ခြင်းကြောင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ မီးငြှိမ်းသတ်ခဲ့ခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့သည့်အပြင် အရပ်သားနှစ်ဦး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား ည ၆ နာရီ မိနစ် ၂၀ ခန့်တွင် ထိန်းချုပ်နိုင်ခဲ့ကာ မီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် အခြားသောသူများက ည ၇ နာရီကျော်ထိ ဆက်လက်ငြိှမ်းသတ်ခဲ့ပြီး Level 3 အဆင့်ရှိ မီးလောင်ကျွမ်းမှုအဖြစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအပြင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၃၃ ကေဗွီ၊ ကနောင်-ခနောင်တို၊ ၃၃ ကေဗွီ ကနောင်-ကွမ်းခြံကုန်း ဓာတ်အားပေးလိုင်းများမှ ဓာတ်အားပေးကြိုးများ ပြတ်ကျခဲ့ပြီး ပြန်လည်ပြင်ဆင်ရမည့်ပမာဏ ကြီးမားသဖြင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်တို့တွင် ဓာတ်အားများ အချိန်ကြာမြင့်စွာ ပြတ်တောက်ခဲ့သည်။

 


READ NEXT
Cancel OK