Top News

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီးနောက် လစ်လပ်နေရာများတွင် တာဝန်ယူမည့်သူ အနေဖြင့် ဖြစ်ခဲ့သည်များကို သင်ခန်းစာယူပြီး တိုင်းပြည်နှင့်ပြည်သူ့အကျိုး လုပ်ဆောင်ရန် လိုအပ်ဟု သုံးသပ်မှုများရှိနေ
24htopnews | December 28, 2024 4:12 AM CST

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နှင့် ဝန်ကြီးနှစ်ဦးတို့အား တာဝန်မှ ရပ်စဲခြင်းနှင့် နုတ်ထွက်ခွင့်ပြုခြင်းတို့ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီးနောက် လစ်လပ်နေရာများကို တာဝန်ယူမည့်သူ အနေဖြင့် ဖြစ်ခဲ့သည်များကို သင်ခန်းစာယူပြီး တိုင်းပြည်နှင့်ပြည်သူ့အကျိုးကို ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်ရန်လိုကြောင်း လွှတ်တော်အသိုင်းအဝိုင်းနှင့် နိုင်ငံရေး လှုပ်ရှားဆောင်ရွက်နေသူများက ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်​​ရေး ကော်မရှင်ကတရားလို ပြုလုပ်၍ အမှုတွဲလေးခုဖြင့် ထားဝယ်မြို့မရဲစခန်း၌ အမှုဖွင့်ပြီး ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးခြင်းခံထားရသည့် တနင်္သာရီတိုင်ဒေသကြီး ဝန်ကြီးချုပ်​​ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို မတ် ၁၁ ရက်ညပိုင်းက နိုင်ငံတော် သမ္မတရုံးက ၎င်းအားဝန်ကြီးချုပ်တာဝန်မှ ရပ်စဲကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ကိုးရက်အကြာ မတ် ၂၀ ရက်တွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးဖြစ်သော စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် လျှပ်စစ်၊ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ကို ရာထူးမှနုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်စာ ထွက်ပေါ်ခဲ့ပြီး လစ်လပ်နေသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးနေရာ သုံးနေရာအတွက် ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြောင်း၊ ယင်းနေရာများအတွက် အသစ်ရွေးချယ် ခန့်အပ်ခြင်းခံရမည့်သူများ အနေဖြင့် ယခင်အုပ်ချုပ်ခဲ့သူများ၏ ပြည်သူမျက်နှာကို မကြည့်ဘဲ လုပ်ဆောင်ခဲ့သည်များကို သင်ခန်းစာယူပြီး ကျန်ရှိသည့်သက်တမ်းတွင် ပြည်သူများအတွက် ပေးဆပ်ရန်လိုသည်ဟု ဒေသခံများနှင့် နိုင်ငံရေး အသိုင်းအဝိုင်းအကြားတွင် သုံးသပ်ပြောဆိုမှုများ ရှိခဲ့သည်။

“ဒီဖြစ်ရပ်တွေကတော့ ဝန်ကြီးချုပ်ကိုကျတော့ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကနေပြီးတော့ တွေ့ရှိချက် ခြောက်ချက်ကို နိုင်ငံတော်သမ္မတနဲ ့အတိုင်ပင်ခံဆီ အစီရင်ခံစာ ပေးပို့တာနဲ ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တာဝန်ပေးစစ်ဆေး တွေ့ရှိချက်အပေါ် မူတည်ပြီးတော့ အဂတိနဲ ့ငြိလို့ ဝန်ကြီးချုပ်ကို တရားစွဲပြီးတဲ့နောက်မှာ သမ္မတရဲ့ လက်မှတ်နဲ ့တာဝန်မှ ရပ်စဲတယ်ဆိုပြီး ထွက်လာတာပေါ့နော်။ သိပ်မကြာတဲ့ အချိန်မှာလည်း ဝန်ကြီးနှစ်ဦးက ဒီမနက်မှာပဲ သတင်းတက်လာတယ်။ သူတို့ရဲ့ သဘောဆန္ဒအလျောက် တာဝန်ကနေ နုတ်ထွက်ခွင့်ပြုတယ် ဆိုတာပေါ့။ ဒီဝန်ကြီးနှစ်ပါးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ သိထားရတာက မြိတ်ကပြည်သူနဲ့ ထားဝယ်ကပြည်သူတွေ ပါတီနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေဆီ တိုင်စာတက်ထားတယ်လို့ သိရတာပေါ့နော်။ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ တာဝန်ကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ကျွန်တော်တို ့သိရတာပေါ့။ နောက်ပိုင်း လွှတ်တော်ထဲမှာ ပြောင်းလဲမှုအနေနဲ့ အစားထိုး ခန့်အပ်ဖို့ရှိလာတာပေါ့လေ။ အစားထိုး ခန့်အပ်ဖို့ ကျွန်တော်တို့ကတော့ ဝန်ကြီးချုပ်နေရာမှာ အစိုးရအဖွဲ့ထဲကပဲ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ခန့်အပ်တယ်လို့ နိုင်ငံတော်သမ္မတ လက်မှတ်နဲ့တော့ ရောက်လာပြီပေါ့။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ အရေးပေါ်အစည်းအဝေးလုပ်ပြီး အတည်ပြုပေးဖို့တော့ ရှိပါတယ်။ ဒီလိုဆိုတော့ အစိုးရအဖွဲ့ဝင်အနေနဲ့ သုံးဦးကို အစားထိုးခန့်အပ်ဖို့ လိုမှာပေါ့လေ။ အပြောင်းအလဲအနေနဲ့ ဝန်ကြီးချုပ်နဲ ့အစိုးရအဖွဲ့ဝန်ကြီးသုံးဦးက အပြောင်းအလဲဖြစ်လာမယ်ပေါ့။ နောင်ဖြစ်လာမယ့် အခြေအနေကတော့ ဖြစ်ခဲ့တဲ့အခြေအနေတွေအပေါ်မှာ နောက်တာဝန်ယူမယ့်သူအနေနဲ့ သင်ခန်းစာကောင်း ယူပြီးတော့ပဲ တိုင်းပြည်အကျိုး ပြည်သူ့အကျိုးကို ကိုယ်ကျိုးမကြည့်ဘဲနဲ့ အတတ်နိုင်ဆုံး လုပ်သွားနိုင်မယ်လို ့ကျွန်တော်တို့ ယုံကြည်နေတယ်” ဟု ကျွန်းစုမဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောကြားသည်။

လွှတ်တော်နှင့် အစိုးရအနေဖြင့် ကျန်ရှိနေသည့် သက်တမ်းတွင် တိုင်းဒေသကြီးနှင့် တိုင်းအတွင်းရှိ ပြည်သူများအကျိုးအတွက်ရော ရွေးကောက်ပွဲကာလက ပြည်သူများကို ပေးခဲ့သည့် ကတိအတိုင်း အတတ်နိုင်ဆုံး လုပ်ဆောင်ပေးရန်လိုကြောင်း၊ နိုင်ငံရေး ခံယူချက်နှင့် ယုံကြည်ချက်ကို သေချာစွဲကိုင်၍ စေတနာအရင်းခံဖြင့် သေချာဆောင်ရွက်ရန်နှင့် ဖြစ်ခဲ့သည်များကို သင်ခန်းစာယူ၍ နောက်လာမည့် သက်တမ်းတွင် အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းပြီး အကောင်းဆုံး ဆောင်ရွက်သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ၊အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ကျွန်းစုမဲဆန္ဒနယ်အမှှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ဆိုသည်။

လက်ရှိအနေအထားအရ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးနေရာ သုံးနေရာရှိနေပြီး ယင်းနေရာတွင် မည်သူကို တာဝန်ပေးမည်ဆိုသည်နှင့် ဦးရေမည်မျှ ခန့်ထားမည်ကိုမူ မသေချာသေးကြောင်း၊ ပြင်ပမှပညာရှင်များကို ခန့်အပ်လာနိုင်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ် အတွင်းမှလည်း ဖြစ်နိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အသိုင်းအဝိုင်းမှ သိရသည်။

ရာထူးမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ကို အလွဲသုံးရာ၌ တာဝန်ရှိခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေသော လုပ်ငန်းများ၊ စီမံကိန်းများကို ထိန်းသိမ်းနိုင်မှု အားနည်းခြင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်မှာလည်း လက်ရှိပြဿနာဖြစ်ပွားနေသည့် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် GGS ကုမ္ပဏီ၏ နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်အကြွေးကျန် ကျပ်ရှစ်ဘီလျံကျော် ကိစ္စတွင် အဓိကတာဝန်ရှိသူ ဖြစ်သောကြောင့် ရာထူးမှ အနားယူရန် ဖိအားပေးခံရခြင်း ဖြစ်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုမှုများရှိခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၌ လက်ရှိလစ်လပ်လျက်ရှိသော ဝန်ကြီးနေရာ သုံးနေရာအတွက် အာဏာရပါတီဝင်နှင့် ပါတီမှလွှတ်တော်ကိုယ်စားလှယ်များကိုသာ ခန့်အပ်ထားခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ် ပြည်သူများအတွက် လုပ်ဆောင်ပေးနေသည့် အရပ်ဘက်မှ ကျွမ်းကျင်ပညာရှင်များကို ခန် ့အပ်မှုများ ပြုလုပ်သင့်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

“ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အပြောင်းအလဲတစ်ခုကို လုပ်နေတယ်လို့ မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ တနင်္သာရီတိုင်းရဲ့ အခြေအနေကို တနင်္သာရီတိုင်းသားတွေက ပိုသိတယ်။ အချို့အချို့သော အကြောင်းအရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတဆီ အစ်ကိုတို့ တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့အနေနဲ့လည်း အစီရင်ခံ ထားတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုတို့တိုင်းရဲ့အပြောင်းအလဲက နည်းနည်းလေးနှောင့်နှေးလွန်းအားကြီးတော့ ပြည်သူတွေက အစိုးရအပေါ်မှာ မယုံမကြည် ဖြစ်လာနိုင်တယ်။ အစိုးရအဖွဲ့ကို အခုလို အမြန်ဆုံး အပြောင်းအလဲ လုပ်လိုက်တာလည်း သဘောကျတယ်။ လုပ်လည်းလုပ်သင့်တယ်လို ့မြင်တယ်။ လောလောဆယ် ဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်ကို တာဝန်ပေးထားတယ်လို့ သိရတယ်လေ။ ဖြစ်နိုင်မယ်ဆိုရင် အကြံပေး အဖွဲ့လေးတွေ ဖွဲ့ပြီးတော့ လုပ်နိုင်ရင် ကောင်းမယ်။ အခုလစ်လပ်သွားတဲ့ ဝန်ကြီးတွေနေရာမှာ တကယ်အရည်အချင်းရှိတဲ့ အရပ်ဘက်ကပဲဖြစ်ဖြစ် ခေါ်ပြီးခန့်ဖို့လိုတယ်။ ကိုယ့်ပါတီဝင်မှ မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်မှ မဟုတ်ဘူး။ တကယ်အရင်အချင်းရှိတဲ့သူ တနင်္သာရီတိုင်းထဲမှာ ရှိတယ်ဆိုတော့ ခန့်ထားနိုင်ရင် ပိုကောင်းတယ်။ ဖြစ်နိုင်ရင် ဝန်ကြီးချုပ်ရဲ့ လက်အောက်မှာ ဝန်ကြီးဌာနတွေကို အကြံပေးနိုင်တဲ့ အကြံပေးအဖွဲ့တွေ ထားပြီးတော့ လုပ်ရင်ပိုကောင်းမယ်။ တိုင်းထဲမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်တွေ ရှိတယ်။ သူတို့ကိုခေါ်ပြီးတော့ လာမယ့်လက်ကျန်တစ်နှစ်ကို အားကောင်းမောင်းသန်နဲ ့ ဖြတ်ကျော်ဖို့ လိုလိမ့်မယ်။ ဒါဆိုရင် တနင်္သာရီတိုင်းရဲ့ အပြောင်းအလဲက ပိုပြီးမြန်မြန် တိုးတက်သွားမှာဖြစ်တယ်။ ပြီးတော့ တနင်္သာရီတိုင်းမှာ အမြစ်တွယ်နေတဲ့ လက်ဝါးကြီးအုပ်တဲ့စနစ်ကို စီးပွားရေး လက်ဝါးကြီးအုပ်ထားတဲ့ စနစ်ကို အမြန်ဆုံးဖြေရှင်းပေးဖို့ လိုလိမ့်မယ်။မဟုတ်ရင် အဲဒီအတိုင်း သွားနေလိမ့်မယ်” ဟု တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (တနသာင်္ရီတိုင်းဒေသကြီး) ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး၏ ပထမဆုံး အပြောင်းအလဲအဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ပြီးနောက် ဥပဒေနှင့်မညီဘဲ လုပ်ဆောင်ထားသည့် အရာဟူသမျှကို အရေးယူရလိမ့်မည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်အသစ်၏ အစိုးရလက်ထက်တွင် တိုင်းအစိုးရအနေဖြင့် လက်ကျန်သက်တမ်းအတွင်း ဒေသကောင်းကျိုးအတွက် အမှန်တကယ် လုပ်ဆောင်နေသူများ၊ အရပ်ဘက်အဖွဲ့များ၊ လွှတ်တော်နှင့် ၎င်းတို့၏ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့ဖြင့် အတူတကွ လက်တွဲ၍ ပေါင်းစပ်ဆောင်ရွက်နိုင်မည်ဆိုပါက နိမ့်ကျနေသည့် တနင်္သာရီတိုင်းဒေသကြီး၏ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ဆွဲတင်နိုင်လိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရကို အပြောင်းအလဲလုပ်ခဲ့ခြင်းမှာ ယုံကြည်မှု ပျက်ပြားနေသည့် ပြည်သူနှင့်အစိုးရအကြားတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်ပေးရန် အစပျိုးခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်းခရီးစဉ်အတွင်း ပြည်သူများ အနေဖြင့် လက်ရှိတိုင်းအစိုးရကို အယုံအကြည်မဲ့နေပြီဖြစ်ကြောင်း ပြသနိုင်ခဲ့သည်ကို နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့က လက်ခံပြီး အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ပေါ်ထွက်လာချိန်တွင် လက်ခံယုံကြည်စရာ အပြောင်းအလဲကို လုပ်ဆောင်ကာ ပျက်ပြားနေသည့် ယုံကြည်မှုကို ဖျက်ပစ်ပြီး အသစ်ပြန်တည်ဆောက်ပေးသည့် သဘောကို မြင်တွေ့ ရကြောင်းနှင့် နောက်တက်လာမည့်သူများ အနေဖြင့် ပြည်သူလူထုနှင့် ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း၊ ခိုင်မာသော လုပ်ဆောင်မှုများ မလုပ်ပေးနိုင်ပါရက ယုံကြည်မှု ပြန်လည်ပျက်ပြားသွားနိုင်ကြောင်း သတိပြုရန်လိုသည်ဟု လူ့အခွင့်ရေးစောင့်ကြည့်မှုကွန်ရက် (ထားဝယ်)မှ ဦးသန်းဝင်းက ပြောကြားသည်။

“ကျွန်တော်ကတော့ လစ်လပ်နေတဲ့နေရာမှာ ပညာရှင်နယ်ပယ်က ယူမယ်ဆိုရင် ပြင်ပက ပါတီဝင်မဟုတ်တဲ့ သူတွေကို စည်းရုံးနိုင်မယ်။ ပညာရှင် ဝင်လာမယ်ဆိုလည်း အခက်အခဲအချို့ ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ပါတီအမာခံလူတွေက လက်ခံတွေ ဒီပညာရှင်အပေါ် လက်ခံမလားဆိုတာ ပေါ်လာမယ်။ အခြားလူတွေ ပြောနေကြတဲ့ အတိုင်းဆိုရင် ပညာရှင်တွေ ဝင်လာတာလည်း မဆိုးဘူး။ ကျွန်တော် မှန်းတာကတော့ လွှတ်တော်ထဲကလည်း ပါမယ်။ ပြင်ပကပညာရှင်လည်း ပါလာနိုင်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေရာတွေကို ဝင်လာမယ့်သူတွေသည် ဖြစ်ခဲ့တဲ့ဟာကို သင်ခန်းစာယူပြီး ပြည်သူနဲ့ ယုံကြည်မှု ကောင်းမွန်အောင် ပြန်တည်ဆောက်ဖို့လိုတယ်” ဟု ဦးသန်းဝင်းက ဆိုသည်။


READ NEXT
Cancel OK