ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်အလံ လွှင့်ထူခဲ့သည့် နေအိမ်များမှ အိမ်ပိုင်ရှင်များကို အလံများ ဖြုတ်ချရန်နှင့် နောက်နောင် မပြုလုပ်ရန် ခံဝန်ကတိ ရေးထိုးမှုများပြုလုပ်မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား မတ် ၁၆ ရက်က ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများသို့ ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုညွှန်ကြားချက်တွင် မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်မှ နေအိမ်ခုနစ်အိမ်၊ လောဂမူရပ်ကွက်မှ နေအိမ် ၂၀ နှင့် တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာအုပ်စု၊ ဆားပြင်ရွာ အောက်ပိုင်းမှ နေအိမ်နှစ်လုံးတို့၌ မတ် ၃ ရက် တစ်ရက်တည်း၌ ရခိုင်အလံ ထောင်ထားသည်ဟု သိရကြောင်း ပါရှိသည်ဟု သိရသည်။
မတ် ၁၄ ရက်တွင် ပြုလုပ်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၉/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖြစ်ကြောင်း၊ ၎င်းအစည်းအဝေး ဆုံးဖြတ်ချက်အရ အလံများ ဖြုတ်ချရေးနှင့် မဖြုတ်ချပါက ဥပဒေပုဒ်မ ၁၂၁ နှင့် ငြိစွန်းကြောင်း ဥပဒေကို ရှင်းပြရန်နှင့် ခံဝန်ကတိရေးထိုးရန်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများက အမြန်ဆုံးဆောင်ရွက်ရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အလံလွှင့်ထူသော ဖြစ်စဉ်သည် ရာဇသတ်ကြီး အခန်း (၆) ၊ ပုဒ်မ ၁၂၁ ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကို ဆန့်ကျင်သည့် အဖွဲ့အစည်း၏ နိုင်ငံတော်အား ဖြိုဖျက်ရန် အခြားနည်းလမ်းတစ်ခုခုဖြင့် ပြင်ဆင်ဆောင်ရွက်မှုတွင် လှုံ့ဆော်မှု တစ်ရပ်အနေဖြင့် သိရှိဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ဖောက်ဖျက်ကျူးလွန်သူများအား အုပ်ချုပ်ရေးအဖွဲ့အစည်းက အရေးယူ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ညွှန်ကြားစာတွင် ပါရှိသည်ဟု သိရသည်။
ယင်းနှင့်ပတ်သက်ပြီး (ယခင်) ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးဦးလှသိန်း၏ သဘောထားအမြင်ကို မေးမြန်းရာ “လှုပ်ရှားမှုတစ်ခုဆိုတော့ အစိုးရကတော့ တစ်မျိုးအဓိပ္ပာယ်ကောက်ယူကောင်း ကောက်ယူနိုင်တယ်ပေါ့။ အရင်ကလည်း သာသာနာ့အလံထောင်ကြတာတွေ ရှိတယ်။ အရေးယူတာလည်း ရှိတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရ အပြီးသတ်မှာတော့ သာသနာ့အလံထောင်တဲ့သူကို အပြစ်ပေးနိုင်တဲ့ ဥပဒေကတော့ သတ်သတ်မရှိပါဘူး။ ရခိုင်ပြည်နယ် အလံဆိုတာကလည်း ပြည်နယ်ကောင်စီခေတ်က တရားဝင်ပြဋ္ဌာန်းခဲ့တာဖြစ်တယ်။ နိုင်ငံတော်အလံနဲ့ ယှဉ်တွဲထူမယ်ဆိုရင်တော့ နိုင်ငံတော်အလံထက် အထက်ကိုတင်တာမျိုး၊ ကျော်ပြီထောင်တာမျိုးတော့ လုပ်လို့မရဘူး။ ဒါကြောင့် ပြောချင်တာက ရခိုင်ပြည်နယ်အလံကို အိမ်မှာထောင်လို့ အပြစ်ပေးလို့ရတာမျိုးတော့ မရှိဘူး” ဟု ဦးဦးလှသိန်းက ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးမှ အငြိမ်းစားဥပဒေအရာရှိ တစ်ဦးဖြစ်သူ ဦးကျော်မောင်ကလည်း ရခိုင်ပြည်နယ်အလံသည် တရားဝင်အလံဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် မည်သည့်ဒေသ၌မဆို ထောင်နိုင်သည့် သဘောရှိသည်ဟု ယူဆကြောင်း၊ ရခိုင်အိမ်များနှင့် ပွဲလမ်းသဘင်များတွင် ရခိုင်ပြည်နယ်အလံထူခြင်းသည် ထူနိုင်သည့် သဘောရှိသည်ဟု ဥပဒေကြောင်းအရ ယူဆကြောင်း၊ အလံစည်းကမ်းနှင့် အလံထောင်ခြင်းမှာ မှန်ကန်သည်ဟု ယူဆကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
