Top News

ပြီးခဲ့သည့်နှစ်တွင် ပေါင် (၈၆)သန်းအမြတ်ထွက်ခဲ့ပြီး လာမည့်နှစ်တွင် ပေါင်သန်း (၂၄၀) အမြတ်ထွက်ရန် ဘာစီလိုနာရည်မှန်း
24htopnews | December 28, 2024 1:12 PM CST

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပေါင် (၈၆) သန်း အမြတ်ထွက်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင် ပေါင်သန်း (၂၄၀) အထိ အမြတ်ထွက်ရန် ရည်မှန်းထားကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ပေါင် (၄၂၂) သန်းအထိ အရှုံးပေါ်ခဲ့ပြီး လာလီဂါ၏ လစာကန့်သတ်မှုစည်းမျဉ်းကြောင့် ယခုနွေတွင် အသစ်ခေါ်ယူခဲ့သည့် ကစားသမားသစ်များကို မှတ်ပုံတင်ရန် ရုန်းကန်ခဲ့ရသည်။

သို့သော် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာသည် အသင်း၏ ဘဏ္ဍာရေးလည်ပတ်နိုင်ရန်အတွက် ရေရှည်ဝင်ငွေရမည့် ငွေရလမ်းများကို ရောင်းချခဲ့ပြီး စွန့်စားမှုများ ပြုလုပ်ခဲ့သည်။

ဘာစီလိုနာအသင်းသည် အသင်းရုပ်သံထုတ်လွှင့်ခွင့် (၂၅) ရာခိုင်နှုန်းကို (၂၅) နှစ်စာအတွက် ပေါင် (၄၃၇) သန်း(ယူရိုသန်း ၅၀၀) ဖြင့် ရောင်းချထားသလို၊ Barca Studios ၏ (၄၉) ရာခိုင်နှုန်းကိုလည်း ရောင်းချခဲ့သည်။

ယင်းမှ ရရှိသည့် ငွေကြေးများဖြင့် ဘာစီလိုနာအသင်းသည် ယခုနွေတွင် လီဝန်ဒေါစကီး၊ ရာဖင်ညာ၊ ခွန်ဒဲတို့ကို ခေါ်ယူခဲ့သလို၊ အသင်း၏အသုံးပြုခွင့်ရငွေမှာလည်း ပေါင် (၅၇၅) သန်း(ယူရို ၆၅၆.၅ သန်း) အထိ ရရှိခဲ့သည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ပေါင်သန်း (၈၉၀)အထိရရှိခဲ့ပြီး အမြတ်ငွေ ပေါင်(၈၆) သန်း (ယူရို ၉၈ သန်း)အထိရရှိခဲ့ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခုနွေရာသီတွင် လီဝန်ဒေါစကီး၊ ရာဖင်ညာ၊ ခွန်ဒဲ၊ ကက်ဆီး၊ ခရစ္စတန်ဆင်၊ ဘယ်လာရင်၊ မားကို့စ်အလွန်ဆို၊ တိုရေးတို့ကို ပေါင်သန်း (၁၃၀) ကျော်အထိ အသုံးပြုကာ ခေါ်ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် အသင်းတိုက်စစ်ကစားသမား ဒမ်ဘီလီကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည်။ ဘာစီလိုနာအနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ ရုပ်သံထုတ်လွှင့်ခွင့်နှင့် Barca Studios တို့ကို ရောင်းချရာမှ ရရှိသည့်ငွေများကြောင့် သိရသည်။

ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီ လာလီဂါပွဲစဉ် (၆) အပြီးတွင် (၅) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရမှတ် (၁၆) မှတ်ဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေသည်။ ထို့ကြောင့် ဘာစီလိုနာအနေဖြင့် ကွင်းအတွင်း အောင်မြင်မှုများပါ ရရှိလာပါက လာမည့်ဘဏ္ဍာနှစ်တွင် အမြတ်ငွေမှာလည်း ပေါင်သန်း (၂၄၀) ရရှိရန် ရည်မှန်းနေခြင်းဖြစ်သည်။


READ NEXT
Cancel OK