Top News

ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ပေါ်တူဂီအတွက် ကစားပေးရန်ဆန္ဒရှိနေသည်ဟု စီရော်နယ်လ်ဒို အတည်ပြု
24htopnews | December 28, 2024 1:12 PM CST

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ၂၀၂၂ ကာတာကမ္ဘာ့ဖလားအပြီး နောက်ပိုင်းတွင်လည်း နိုင်ငံအသင်းအတွက် ဆက်လက်ကစားပေးရန် ဆန္ဒရှိနေကြောင်း အတည်ပြုခဲ့ပြီး ယူရို-၂၀၂၄ အထိ ကစားသွားနိုင်ရန် မျှော်လင့်လျက်ရှိသည်။

စီရော်နယ်လ်ဒို (၃၇ နှစ်)သည် ယခုဆောင်းရာသီ၌ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအသင်းအား ဦးဆောင်သွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမှာ သူ၏ ၁၀ ကြိမ်မြောက် နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၃ ခုနှစ်တွင် နိုင်ငံအသင်း ပွဲဦးထွက်ခဲ့သည့် ၎င်းသည် ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာ ပွဲပေါင်း ၁၈၉ ပွဲကစားကာ ၁၁၇ ဂိုးသွင်းယူထားပြီး အမျိုးသားဘောလုံးသမိုင်းတွင် နိုင်ငံလက်ရွေးစင်သွင်းဂိုးအများဆုံးအဖြစ် အီရန် တိုက်စစ်မှူးဟောင်း အလီဒါယီကိုကျော်ဖြတ်ကာ စံချိန်တင်ထားသည်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ Quinas de Quro ဆုပေးပွဲကို စက်တင်ဘာ ၂၀ ရက် ညက ပြုလုပ်ခဲ့ပြီး စီရော်နယ်လ်ဒိုသည် သူ၏ နိုင်ငံသွင်းဂိုးအများဆုံးစံချိန်အတွက် အထူးဂုဏ်ပြုဆုရရှိခဲ့သည်။

ယင်းဆုပေးပွဲအခမ်းအနားသို့ စီရော်နယ်လ်ဒို တက်ရောက်ကာ ဆုလက်ခံရယူပြီးနောက်တွင် သူနှင့်နိုင်ငံလက်ရွေးစင်အသင်း အတူရှိနေမည့်အချိန်သည် အဆုံးသတ်ရန် ဝေးကွာနေသေးကြောင်း အတည်ပြုခဲ့သည်။

"အဖွဲ့ချုပ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်အနည်းငယ်အကြာ ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ နိုင်ငံအသင်းမှာ ကျွန်တော့်ရဲ့ခရီးက မပြီးဆုံးသေးပါဘူး။ ကျွန်တော်တို့မှာ အရည်အသွေးရှိတဲ့ လူငယ်ကြယ်ပွင့်များစွာရှိနေပါတယ်။ ကျွန်တော်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိနေမှာဖြစ်ပြီး ယူရိုမှာလည်း ရှိနေချင်ပါသေးတယ်" ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။

ထို့ပြင် စီရော်နယ်လ်ဒိုက ဆုရရှိခြင်းနှင့်ပတ်သက်ပြီး "နိုင်ငံအသင်းတွေထဲမှာ တိုင်းပြည်အတွက် အကောင်းဆုံးဂိုးသွင်းသူဖြစ်ခဲ့ပြီး ဒီဆုချီးမြှင့်ခံရလို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ဆုကြီးကို ရရှိအောင် ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့ အသင်းဖော်အားလုံး၊ နည်းပြတွေ၊ ကျွန်တော့်မိသားစု၊ မိတ်ဆွေတွေနဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ စံချိန်တွေအားလုံးကို ချိုးဖျက်နိုင်ဖို့ ကျွန်တော်တို့ အတူတကွ ခရီးဆက်ကြရအောင်ပါ။ ကျေးဇူးတင်ပါတယ်" ဟု သူ၏လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

စီရော်နယ်လ်ဒို အနေဖြင့် ယူရို-၂၀၁၆ နှင့် ၂၀၁၉ Nations League ချန်ပီယံ ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။


READ NEXT
Cancel OK