Top News

KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ရောင်းချမည့် ကျပ် နှစ်ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ မန္တလေးမြို့၌ ဖမ်းဆီးရမိ
24htopnews | December 28, 2024 3:12 PM CST

KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ရောင်းချမည့် ကျပ် နှစ်ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ မန္တလေးမြို့၌ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ယင်းနေ့ ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင် နှင့် ဗဟိန်း တို့အား ပြည်ကြီးတံခွန်မြို့နယ်တွင် လည်းကောင်း၊ ထပ်မံကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၁၈ ရက်တွင် မစန်းစန်းမြ အား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၄,၀၀၀  ပြားနှင့်အတူ လည်းကောင်း၊  ဒီဇင်ဘာ ၁၉ ရက်တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင်(ခ)ကျောင်းဆရာ အား ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၅ ဒသမ ၅ ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုညဒသမ ၂ ကီလိုနှင့် TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့‌ကြောင်း၊ ဆက်လက်၍ ဒီဇင်ဘာ ၂၀ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၌ ထိုက်စိုးကျော် အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀ ပြား၊ Happy 5 ဆေးပြား ၉,၀၀၀ ပြား၊ Happy Water ၁ ဒသမ ၂၁၅ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍  မန္တလေးမြို့ပေါ်ရှိ KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားရောင်းချမည့် စုစုပေါင်းတန်ဖိုးကျပ် ၂ ဘီလျံခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၈၄ သိန်း၊ ကက်တမင်း ၁ ဒသမ ၉ ကီလို၊ Happy Water ၆ ဒသမ ၇၁၅ ကီလို၊ အက်တက်စီ ၁၈,၂၄၀ ပြား၊ အက်တက်စီအမှုန့် သုညဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK