လီဗာပူးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှ အမှတ်ဖြတ်၍ ဦးဆောင်နေသော်လည်း ရာသီပြီးဆုံးရန် ၂၁ ပွဲကျန်ရှိနေသေးပြီး စိန်ခေါ်မှုများစွာရှိနေသေးကြောင်းနှင့် အောင်ပွဲခံရန် စောလွန်းသေးကြောင်း နည်းပြဖြစ်သူ အာနယ် ဆလော့က တုံ့ပြန်ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ဒီဇင်ဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် Boxing Day ပွဲစဉ်တွင် လက်စတာအသင်းအား အိမ်ကွင်း၌ ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်သွင်းယူကာ (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ လီဗာပူးလ်အသင်း အနေဖြင့် ယင်းပွဲအနိုင်ရလဒ်ကြောင့် ၁၇ ပွဲ ကစား၊ ၄၂ မှတ်ရရှိထားပြီး အာဆင်နယ်- အစ်ဝစ်ချ်ပွဲမတိုင်မီ ဒုတိယနေရာမှ အာဆင်နယ်အသင်းအား တစ်ပွဲလျော့၊ ခြောက်မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ပြီဖြစ်သည်။
ထို့ကြောင့် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပြီလားဟု မေးမြန်းမှုအပေါ် ဆလော့က "ဒါက နည်းနည်းပျင်းစရာကောင်းတဲ့ အဖြေတစ်ခုပါ။ ဒါပေမဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ တစ်ပွဲချင်းအလိုက် သွားရမှာပါ။ ပွဲစဉ်ဘယ်လောက်ကစားဖို့ ကျန်နေ သေးလဲဆိုတာ ခင်ဗျားသိပါတယ်။ အသင်းများစွာက အရည်အသွေးအများကြီးရှိကြပါတယ်။ အမှတ်ပေးဇယားကို ကျွန်တော်တို့ သတိပြုမိပေမဲ့ ပွဲစဉ်ဘယ်လောက်ကစားဖို့ ကျန်သေးတယ်ဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ ရာသီကုန်ဆုံးဖို့ ၂၁ ပွဲကျန်ပါသေးတယ်။ အဲဒါက အောင်ပွဲခံဖို့ စောလွန်းပါသေးတယ်။ အရှေ့မှာ စိန်ခေါ်မှုတွေအများကြီး ကျန်ပါသေးတယ်။ လွန်ခဲ့တဲ့နှစ်လမှာ ကျွန်တော်တို့က မန်ချက်စတာစီးတီးရဲ့နောက် တစ်မှတ်အကွာမှာ ရှိနေခဲ့တာပါ။ ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ဘာဖြစ်ခဲ့လဲဆိုတာ ကြည့်လိုက်ပါဦး။ ပြီးတော့ ပွဲပယ်ပြစ်ဒဏ်တွေအပြင် ကံလည်းနည်းနည်းဆိုးသွားခဲ့တယ်။ အဲဒီလိုမျိုး ဘယ်အသင်းမဆိုဖြစ်နိုင်ပါတယ်"ဟု ဖြေကြားခဲ့သည်။
ထို့ပြင် စာချုပ်နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီဖြစ်သည့် ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့အကြောင်းကို လူအများရှေ့တွင် ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ "စာချုပ်တွေအကြောင်းကို လူအများရှေ့မှာ ကျွန်တော်တို့မပြောပါဘူး။ ဒါက ကစားသမားတွေနဲ့ ရစ်ချက်ဟုချ် (အားကစားဒါရိုက်တာ) တို့ ပြောရမယ့်အကြောင်းတွေပါ။ ဒီလိုအခြေအနေအကြောင်း လူအများရှေ့မှာပြောဖို့က ကျွန်တော့်ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ မို (ဆာလာ) က ကောင်းမွန်တဲ့ပွဲတစ်ပွဲ ထပ်ပြီးကစားနိုင်ခဲ့တာ သေချာပါတယ်။ ဗန်ဒိုက်လည်း အရမ်းကောင်းတဲ့ပွဲစဉ်တစ်ပွဲရခဲ့ပါတယ်။ ထရန့် (အာနိုးလ်) ကလည်း ခြွင်းချက်တစ်ခု၊ နှစ်ခုရှိပေမဲ့ အများစုက အရမ်းကောင်းပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ပြောနိုင် တာ ဒီအကြောင်းပါပဲ။ စာချုပ်တွေအကြောင်း မဟုတ်ပါဘူး" ဟု ဆလော့က ဆိုသည်။
ယင်းပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သူ ဆာလာမှာ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်များတွင် ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်သည့် ရှစ်ဦးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
