Top News

အာမိုရင်မ်နေရာတွင် ခန့်အပ်ခဲ့သည့် စပို့တင်းအသင်းနည်းပြ ဂျော်အိုပယ်ရေရာ တစ်လခွဲအကြာမှာပင် ရာထူးမှ ထုတ်ပယ်ခံရပြီး ဗစ်တိုးရီးယားဂီမာရေ့စ်အသင်း နည်းပြဖြစ်သူ ရူအီဘော်ဂတ်စ်နှင့် အစားထိုး
24htopnews | December 28, 2024 4:12 PM CST

 

မန်ယူအသင်းသို့ ပြောင်းရွှေ့သွားသည့် အာမိုရင်မ် နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရသူ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ဂျော်အိုပယ်ရေရာသည် တစ်လခွဲအကြာမှာပင် ယင်းရာထူးမှ ပြန်လည်ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။

စပို့တင်းလစ္စဘွန်းအသင်းသည် မန်ယူအသင်းသို့ ပြောင်းရွှေ့သွားသည့် အာမိုရင်မ်၏နေရာတွင် အရန်အသင်းနည်းပြဖြစ်သူ ပယ်ရေရာကို အစားထိုးခန့်အပ်ခဲ့ပြီး ခြောက်ပတ်အကြာမှာပင် ပြန်လည်ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ အသက် (၄၀) သာရှိသေးသူ ပယ်ရေရာသည် ကစားသမားဘဝတွင် စပို့တင်းလစ္စဘွန်းအသင်း၌ သုံးကြိမ်အထိ (၂၀၀၉-၂၀၁၂၊ ၂၀၁၅-၂၀၁၇၊ ၂၀၂၀-၂၀၂၁) ပါဝင်ကစားခဲ့သည့် ညာနောက်ခံလူဟောင်းတစ်ဦး ဖြစ်သည်။ 

ပယ်ရေရာသည် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြဘဝကိုလည်း စပို့တင်းလစ္စဘွန်းအသင်းနှင့် စတင်ခဲ့ပြီး ယူ-၂၃ အသင်းကို (၂)နှစ်ကြာကိုင်တွယ်ပြီးနောက် ယခုရာသီအစတွင် အရန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထို့နောက် နိုဝင်ဘာတွင် အာမိုရင်မ်၏နေရာ၌ ၂၀၂၇ ခုနှစ်အထိစာချုပ်ဖြင့် အစားထိုးခန့်အပ်ခံရသော်လည်း ရှစ်ပွဲသာ ကိုင်တွယ်ခွင့်ရပြီးနောက် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

စပို့တင်းလစ္စဘွန်းအသင်းသည် ၎င်းလက်ထက်တွင် သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ လေးပွဲရှုံးနိမ့်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးကိုင်တွယ်ရသည့် ငါးပွဲတွင် လေးပွဲရှုံးနိမ့် သည့် ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ စပို့တင်းလစ္စဘွန်းအသင်းသည် ဂျော်အိုပယ်ရေရာအား  အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်တွင် ၎င်း၏ နေရာတွင် ဗစ်တိုးရီးယားဂီမာရေ့စ်အသင်း၏ နည်းပြဖြစ်သူ ရူအီဘော်ဂတ်စ်နှင့် အစားထိုးခဲ့ကြောင်းလည်း သိရှိရသည်။ 

ရူအီဘော်ဂတ်စ်သည် စပို့တင်းလစ္စဘွန်းအသင်း၏ ကစားသမားဟောင်းတစ်ဦးပင်ဖြစ်ပြီး စပို့တင်းလစ္စဘွန်းအသင်းသည် ဗစ်တိုရီးယားဂီမာရေ့စ်အသင်းအတွက် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားသည့် ဘော်ဂတ်စ်အတွက် လျော်ကြေး ယူရို (၄) သန်း ပေးချေခဲ့ရသည်။ 


READ NEXT
Cancel OK