Top News

ကပ်ရောဂါ ရင်ဆိုင်နေရသော်လည်း အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပနိုင်ရန် AFC ဆောင်ရွက်နေ
24htopnews | December 28, 2024 5:12 PM CST

 

အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်နေရသော်လည်း အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) သည် အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲကို ၂၀၂၃ ခုနှစ် တွင် စတင်ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

AFC သည် အမျိုးသားကလပ်များ ယှဉ်ပြိုင်နေသည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲကဲ့သို့ အမျိုးသမီးကလပ်များအတွက် အဆင့်မြင့် ပြိုင်ပွဲတစ်ခု ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပမည်ဖြစ်သည်။ 

AFC သည် အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲကျင်းပနိုင်ရန်အတွက် ယခုနှစ်မှ စတင်ကာ ကလပ်လိုင်စင်ပြုလုပ်ရာတွင် အမျိုးသား ပရော်ဖက်ရှင်နယ်ကလပ်များအနေဖြင့် အမျိုးသမီးကလပ်အသင်း မဖြစ်မနေဖွဲ့စည်း ရမည့်အချက် ထည့်သွင်းထားပြီး သတ်မှတ် ထားသည့်အသင်းများ ဖွဲ့စည်းနိုင်မှသာ AFC က ပြုလုပ်သည့် ကလပ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ AFC အနေဖြင့် ယခုနှစ် ကလပ်လိုင်စင်ပြုလုပ်ရာတွင် ပထမဆုံးအကြိမ် ထည့်သွင်းခဲ့သည့် အမျိုးသမီး ကလပ်အသင်းများ ဖွဲ့စည်းရမည့်အချက်ကို လာမည့်နှစ်တွင် အထူးကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

AFC သည် ၂၀၂၃ ခုနှစ်တွင် စတင် ကျင်းပမည့် အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင် ရွက်လျက်ရှိပြီး ပြိုင်ပွဲကျင်းပမည့်ပုံစံနှင့် ဝင်ခွင့်ရမည့် အသင်းအရေအတွက်ကို အတည် ပြုခြင်းမရှိသေးသော်လည်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အာရှအကောင်းဆုံး ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်နေသည့် မြန်မာနိုင်ငံအနေဖြင့် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိနေသည်။ 

အာရှဒေသတွင်း၌ အမျိုးသမီးကလပ် ပြိုင်ပွဲ နည်းပါးမှုကြောင့် အမျိုးသမီးဘောလုံးသမားများအနေဖြင့် လက်ရွေးစင်နှင့် သက်တမ်းအလိုက် လက်ရွေးစင်အဆင့်အသင်းများသာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရပြီး ကလပ်အသင်းဖြင့် နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိမှု နည်းပါးလျက်ရှိသည်။ AFC အနေဖြင့် အာရှကလပ် အမျိုးသမီးချန်ပီယံရှစ်ပြိုင် ပွဲကို ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သော်လည်း အသင်းအရေအတွက် နည်းပါးခဲ့သည့်အပြင် ကပ်ရောဂါအခြေအနေကြောင့် နှစ်စဉ် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ကျင်းပဖြစ်ပါက မြန်မာအမျိုးသမီးကလပ် အသင်းများနှင့် ကစားသမားများအတွက် အခွင့်အရေးကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပြီး ပြည်ပကလပ်များတွင် ကစားခွင့်ရရန်ပါ အခွင့်အရေးရှိလာနိုင်ကြောင်း သိရသည်။ 

MNL ကလပ်များအနေဖြင့်လည်း AFC ကလပ်လိုင်စင်သတ်မှတ်ချက်အတိုင်း အမျိုးသမီးကလပ်များ မဖြစ်မနေဖွဲ့စည်းရန် ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို ၂၀၁၉ နှစ်ဆန်းတွင် နောက်ဆုံးကျင်းပခဲ့ပြီး ကပ်ရောဂါကြောင့် ရပ်နားထားရသည်မှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။


READ NEXT
Cancel OK