Top News

လာလီဂါပြိုင်ပွဲကို ငါးပတ်အတွင်းအပြီးကျင်းပဖွယ်ရှိဟု စပိန်သတင်းစာဖော်ပြ
24htopnews | December 28, 2024 10:12 PM CST

ဇွန်လဒုတိယပတ်အတွင်း ပြန်လည်စတင်မည့် လာလီဂါပြိုင်ပွဲကို ငါးပတ်အတွင်း အပြီးကျင်းပဖွယ်ရှိကြောင်း စပိန်နိုင်ငံထုတ် Mundo Deportivo သတင်းစာက မေ ၂၄ ရက်တွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြ ခဲ့သည်။

စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က လာလီဂါအပါအဝင် ပရော်ဖက်ရှင်နယ်အားကစားပြိုင်ပွဲများကို ဇွန် ၈ ရက်မှစ၍ ပြန်လည်ကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း မေ ၂၃ ရက်က အတည်ပြုကြေညာခဲ့ပြီး အစောဆုံးအဖြစ် ဇွန် ၁၂ ရက်တွင် စတင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) က ပြည်တွင်းပြိုင်ပွဲများကို ဇူလိုင်လကုန်တွင် အပြီးကျင်းပရန် ညွှန်ကြားထားသဖြင့် လာလီဂါပြိုင်ပွဲ လက်ကျန်ပွဲစဉ် ၁၁ ခုကို ခြောက်ပတ်အတွင်း အပြီးကျင်းပရန် ခန့်မှန်းထားသော်လည်း Mundo Deportivo သတင်းစာကမူ ငါးပတ်ဖြင့် အပြီးကျင်းပဖွယ်ရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ ဖော်ပြချက်အရ လက်ကျန်ပွဲစဉ် ၁၁ ခုကို ၃၅ ရက်ဖြင့် အပြီးကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် ရာသီအဆုံးသတ်ဖွယ်ရှိကြောင်း သိရသည်။

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်ကလည်း လာမည့်ရက်ပိုင်းအတွင်း ကလပ်အသင်းများနှင့်ဆွေးနွေး၍ ရက်အတိအကျထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

''ရက်မသတ်မှတ်ရသေးပါဘူး။ လာမယ့်ရက်ပိုင်းမှာ အတိအကျထုတ်ပြန်သွားမှာပါ။ အသေးစိတ်ဆွေးနွေးပြီးသွားရင် ရက်အတိအကျကို အတည်ပြုနိုင်မှာပါ''ဟု ၎င်းက AS သတင်းစာသို့ ပြောကြားသည်။

 


READ NEXT
Cancel OK